Tuesday, October 11, 2011

ချောင်းရဲ့ အလှ


ကျူရိုးရှင် မနေတတ်လို့
ရေစပ်ကိုတဲ့ ဆင်းလို့လာ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
ကျူရိုးရှင့် ၀ါသနာ၊ ကဗျာနွဲ့ချိုတေး။
ဆန်မကုန် စုန်မခန်းမှာ၊ ပန်းရှာလိမ့်လေး ... တဲ့။

အိုအချင်း မင်းပီပီ။
ရေပြည့်မှာ ဗေဒါပန်း၊ ကမ်းနဲ့အညီ။
ဆန်လိုက်ကြစီရရီ၊ တချီချီတကြွကြွ။
တက်ရေမှာ မြင်နေကြ၊ ချောင်းရဲ့အလှ။

အိုအချင်း ပီပီငယ်။
ရေကျမှာ ဗေဒါပန်း၊ ကမ်းရပ်ကိုပယ်။
ဝဲယာမှာ လတာကျယ်၊ အလယ်မှာ ဗေဒါမ။
သက်ရေမှာမြင်နေကျ၊ ချောင်းရဲ့အလှ။

တက်ရေနဲ့ သက်ရေနယ်။
ဆန်မကုန်စုန်မဆုံး၊ လုံးပတ်ချာလည်။
ဗေဒါမခရီးသည်၊ ပန်းရှာမယ်ဆိုရလည်း။
ဒီချောင်းမှာ အလှဖွား၊ ပွားခဲ့ပြီပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

No comments:

Post a Comment