Saturday, February 2, 2013

ညနက်နက်

တဂိုးကဗျာတစ်ပုဒ်ထဲမှာရေးထားတာက "ဒါပေမဲ့ မေမေရယ်..ကျွန်တော့်ကြောင့်တော့ မေမေ ငိုမနေရပါဘူး။ ကျွန်တော်က ရာမမင်းသားလို တောထဲလိုက်သွားတာ ဆယ့်လေးနှစ်လုံးလုံးကြာမှ ပြန်လာမဲ့ လူစားမျိုးမဟုတ်ပါဘူး။ ကျွန်တော်က ပုံပြင်ထဲက မင်းသားလေးဖြစ်သွားမှာဗျ။ ကျွန်တော့်လှေပေါ် ကျွန်တော် ကြိုက်တာ တင်သွားမှာ" တဲ့။ အဲ့တုန်းက ကျွန်တော့်ရွာလေးမှာ မီးမရသေးဘူး။ ခုလဲ မရသေးပါဘူး။ စာသင်ကျောင်းပေါက်စလေးလဲ ယိုင်နဲ့နဲ့။ ကျောင်းသားကျောင်းသူတွေရဲ့ ဘ၀လဲ တုန်ချိချိ။ ဆရာမက အိမ်စာလုပ်ဖို့ ပေးလိုက်ရင် မီးမဲ့ဘ၀တွေဆိုတော့ ဘယ်နှယ့်လုပ်ပြီး တွက်ရပ။ ချက်ရပ။ ရေနံဆီဆိုတာလဲ အရှားသားကလား။
ရာမမင်းသားလို တောထဲ လိုက်သွားတာမဟုတ်ပေမဲ့ မွေးကတည်းက တောကြားရောက်နေတော့ အမေငိုရသလို သားသမီးလူမမယ်လေးတွေလဲ မျက်ရည်ကျရတာပါပဲ။ တခြားနိုင်ငံတွေကတော့ လူရှိရင် မီးရှိရမယ်ဆိုပြီး လျှပ်စစ်မီး ထိန်ငြီးဝေလျှံနေပေမဲ့ ဗမာပြည်ရဲ့ တောရွာတွေမှာတော့ ဘ၀တွေမိုက်မဲ အိပ်မက်သေတွေ အေးခဲနေတာဆိုတော့ ရာမမင်းသားလို ဆယ့်လေးနှစ်နေပြီး ပြန်လာနိုင်မှာ မဟုတ်သလို ဘယ်တော့မှလဲ ဘ၀တွေ အိပ်မက်တွေ လန်းဆန်းနိုးထနိုင်တော့မှာ မဟုတ်ပါဘူး။ ညနက်နက်မှာ ဘ၀တွေ ပျက်နေတဲ့ မြို့သားမြို့သူတွေနဲ့စာရင်တော့ ညနက်နက်က နွားနဲ့ ဖက်ပြီး အိပ်မက်မက်နေသူတွေက မဆိုးတန်ကောင်းပါဘူးလို့ တွေးနေမိသေးတယ်ပေါ့။ ညနက်နက် လထွက်ထွက် လိပ်ပြာသန့်တဲ့ဘ၀ဖြစ်ဖို့ပဲ အရေးကြီးပါတယ်လေ။ ကိုယ့်လှေပေါ် ကိုယ်ကြိုက်တာတင်နိုင်ခွင့် ရွေးချယ်ခွင့်များများရှိပြီး ကောင်းမွန်လှပတဲ့ ရွေးချယ်မှုမျိုးကို ရွေးချယ်နိုင်ဖို့ လိုတာလဲ လူတိုင်းသိထားသင့်သပေါ့။
>>>ဆက်လက်ဖတ်ရှုရန်>>> >>