Tuesday, October 25, 2011

ဗုဒ္ဓဘာသာနှင့် စီးပွားရေး


လူတစ်ချို့က ဗုဒ္ဓဘာသာကို လောကီနယ်မှာ အသုံးမ၀င်တဲ့သံသရာထွက်မြောက်ရေးတရားသက်သက်လို့ ပြောဆိုလာတာတွေ တွေ့ရပါတယ်။
တစ်ကိုယ်ရေ လွတ်မြောက်မှုကို ဦးစားပေးတယ်။ တမလွန်အတွက် အရေးထားတယ်လို့လဲ ရေးသားလာကြပါတယ်။ တစ်နေရာထဲကြည့်ပြီး တရားတစ်ပုဒ် စာတစ်ပုဒ်ကို နာကြားလေ့လာပြီး တစ်ယူသန် ကောက်ချက်ဆွဲတာ မှန်ကန်ဖို့ မလွယ်ပါဘူး။ ဘုရားရှင်ဟာ သတ္တ၀ါတွေရဲ့ လိုအပ်ချက်၊ ရောဂါအလိုက်ဆေးဝါးဓာတ်စာ၊ ပညာအဆင့်အတန်းအလိုက် အတိအကျ ဟောကြားသင်ကြားတော်မူပါတယ်။ ဘုရားရှင်ဟာ တိုက်ရိုက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရေးတရားများကို ဟောကြားသလို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊အိမ်ထောင်ရေး၊အလုပ်သမားအခွင့်အရေး၊ ကိုယ်ရောဂါ စိတ်ရောဂါများ ကုသရေးအပါအ၀င် လူ့ပြည်က လိုအပ်ချက်တိုင်းကို နည်းပေးလမ်းပြ ဟောကြားတော်မူပါတယ်။ အခုတင်ပြဆွေးနွေးမည့်အကြောင်းက စီးပွားရေးနဲ့ပတ်သက်တဲ့ လူတိုင်းသိနေတဲ့ ဘုရားဟောတရားတစ်ပုဒ်ဖြစ်ပါတယ်။ သေချာဖတ်ရှု စဉ်းစားဝေဖန်ဖို့ လိုပါတယ်။
တစ်ခါက ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောလိယတိုင်းက ကက္ကရပတ္တနိဂုံးကို ရောက်သွားပါတယ်။
ဒီဃဇာဏုအမည်ရှိတဲ့ ကောလိယမင်းသားက ဘုရားရှင်ကို ပွင့်ပွင့်လင်းလင်း လျှောက်ထားတောင်းပန်တယ်။
”မြတ်စွာဘုရား တပည့်တော်တို့ဟာ လူဝတ်ကြောင် ကာမဂုဏ်ခံစားသူတွေဖြစ်ပါတယ်။ သားမယားတွေနဲ့ ကျဉ်းကြပ်တဲ့ အိပ်ရာထဲမှာ အိပ်ကြသူတွေဖြစ်ပါတယ်။ ကာသိတိုင်းဖြစ် အကောင်းဆုံး စန္ဒကူးနံ့သာကို လိမ်းကျံထားကြပါတယ်။ ပန်းပန်သနပ်ခါးလိမ်းထားကြပါတယ်။ ရွှေလည်ဆွဲဝတ်ဆင် ငွေကြေးသုံးစွဲနေကြပါတယ်။ တပည့်တော်တို့အတွက် လက်ရှိဘ၀မှာကော တမလွန်ဘ၀မှာပါ အကျိုးရှိမည့် ချမ်းသာကြောင်းတရားများ ဟောကြားတော်မူပါဘုရား”တဲ့။ မြန်မာနိုင်ငံမှာ တရားမဟောခင် တရားတောင်းတာတွေရှိတယ်။ ဘယ်လို တရားတွေ ဘယ်လိုတောင်းနေကြတယ်ဆိုတာ သိဖို့လိုမယ်။ စဉ်းစားဖို့ လိုမယ်။

အဲ့ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က အခုလက်ရှိဘ၀မှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ လိုက်နာရမည့် စည်းကမ်းလေးမျိုးကို ရှင်းလင်းဟောကြားတော်မူပါတယ်။ အဲ့ဒီတရားလေးပါးက
(၁)ကြိုးစားရမယ်။
(၂) စောင့်ရှောက်နိုင်စွမ်းရှိရမယ်။
(၃)မိတ်ကောင်းဆွေကောင်းရှိရမယ်။
(၄) ၀င်ငွေ ထွက်ငွေမျှတအောင် သုံးစွဲတတ်ရမယ်။
နံပါတ်တစ်=ကြိုးစားမှုဆိုတာ အချက် ငါးချက်ပါတယ်။ လူတစ်ယောက်ယောက်ဟာ နည်းမျိုးစုံနဲ့ စီးပွားရှာနေတယ်။ စိုက်ပျိုးရေးသမားဖြစ်ချင်ဖြစ်မယ်။ ကုန်သည်ပွဲစားဖြစ်ချင်ဖြစ်မယ်။
နွားဆိတ်အစရှိတဲ့ မွေးမြူရေးသမားဖြစ်ချင်ဖြစ်မယ်။ လေးသည်တော်ဖြစ်ချင်ဖြစ်မယ်။ အစိုးရ၀န်ထမ်းဖြစ်ချင်ဖြစ်မယ်။ ပညာရပ်တစ်မျိုးမျိုးနဲ့ တစ်ခြားအလုပ်ကို လုပ်ချင်လုပ်နေမယ်။
ဘယ်အလုပ်ကိုပဲလုပ်လုပ် ဘယ်နည်းနဲ့ပဲ စီးပွားရှာရှာ လုပ်ငန်းကျွမ်းကျင်ရတယ်။ ပျင်းရိမေ့လျော့မှုမရှိရဘူး။
လုပ်ငန်းအလိုက် အခြေအနေအရ စဉ်းစားဝေဖန် ဆုံးဖြတ်နိုင်တဲ့ ဥာဏ်ပညာရှိရမယ်။
ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ်တိုင်လဲ လုပ်တတ်ရတယ်။ သူများကိုလဲ ခေါင်းဆောင်နိုင်ရတယ်။ စေခိုင်းတတ်ရတယ်တဲ့။
ဒီလိုဆိုတော့ လူတိုင်း အလုပ်လုပ်ရမယ်။ စီးပွားရှာနည်းသိရမယ်။ စီးပွားရှာတတ်ရမယ်။ စီးပွားရှာနိုင်ရမယ်။ စီးပွားရှာနေရမယ်။
စီးပွားရေးပညာတတ်ထားရမယ်ဆိုတာ သိသာ ထင်ရှားလှပါတယ်။ လူတိုင်းအသက်မွေးဝမ်းကျောင်းပညာ၊ စီးပွားရေးပညာ၊
စီးပွားရေးသီဝရီတွေ သင်တန်းကျောင်းတွေ တက္ကသိုလ်ကောလိပ်ဂ်ျတွေ သုတေသနဟောပြောပွဲတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတာ သိသင့်ပါတယ်။ လိုက်နာကျင့်သုံးသင့်ပါတယ်။ သူများနိုင်ငံတွေမှာ BBA.MBA.DBA.B.COM.M.COM.D.COM တွေ ပေါများသလောက် မြန်မာနိုင်ငံဟာ ပေါများနေပလားဆိုတာ လေ့လာဆန်းစစ်ဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လိုအပ်ပါတယ်။ သူများနည်းတူ လကမ္ဘာပေါ်မတက်နိုင်သေးသော်လည်း မြေလျောက်ဝိဇ္ဇာကောင်းတစ်ယောက်ဖြစ်အောင်တော့ ကြိုးစားကြရပါမယ်။

နံပါတ်နှစ်=ကာကွယ် စောင့်ရှောက်နိုင်စွမ်းရှိရမယ်ဆိုတာ အထက်ပါအတိုင်း ဇွဲလုံ့လ ၀ီရိယ ခံယူချက် ခံစားချက်တဲ့ ရှာဖွေလို့ ရရှိထားတဲ့၊ လက်ရုံးအားနှင့် စုဆောင်းထားတဲ့၊ ချွေးသွေးရင်းနှီးပေးဆပ်ထားတဲ့၊ တရားသဖြင့်ရှာဖွေ ရရှိထားတဲ့ စီးပွားဥစ္စာတွေကို ရန်သူမျိုးငါးပါး
မဖျက်ဆီးအောင် စောင့်ရှောက်နိုင်ရမယ်။ အစိုးရက မသိမ်းနိုင်အောင်၊ သူခိုး မခိုးနိုင်အောင်၊ မီးမလောင် ရေမမျှောနိုင်အောင်၊ သားသမီးဆိုးတွေ မဖျက်ဆီးနိုင်အောင် စောင့်ရှောက်နိုင်ရမယ်။ ထိမ်းသိမ်းနည်းပညာ၊ စုဆောင်းနည်းပညာ၊ မိမိဘ၀ မိမိပစ္စည်း ဥစ္စာများကို စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက်နိုင်ဖို့ ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာကော စိတ်ချယုံကြည်ရမည့် ဘဏ်လုပ်ငန်းများ အာမခံလုပ်ငန်းများ သင်တန်းများ ပညာပေးဟောပြောပွဲများ ခိုးဆိုးလုယက်မှုစသည့် ဒုစရိတ်ကင်းသော
လူကောင်းသူကောင်းများ စာရိတ္တပညာသင်တန်းများရှိဖို့ ပေါများဖို့ လိုအပ်သည်ဟု ထင်မိပါတယ်။ ကာကွယ်စောင့်ရှောက်ရေးမှာ
နိုင်ငံပိုင် ရွှေငွေကျောက်သံပတ္တမြား ရေနံ ရွှေဓာတ်ငွေ့များ မြေယာ မြစ်ချောင်းများကို စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
သီပေါမင်းခေတ်က ထိုသို့ မကာကွယ်နိုင်ခဲ့လို့ အင်္ဂလိပ်ကျွန် ဂျပန်ကျွန်ဖြစ်ပြီး ငတ်တွင်းနက်ခဲ့ကြပြီ။ အခုလို စစ်အေးတိုက်ပွဲမှာကော
မြန်မာနိုင်ငံဟာ နိုင်ငံသားများနဲ့ နိုင်ငံပိုင် သယံဇာတရတနာများကို ကာကွယ်စောင့်ရှောက်နိုင်သလား။ တရုတ်ကျွန် ကုလားကျွန်ဖြစ်ပြီး ငတ်တွင်းနက်နေကြသလားဆိုတာ စဉ်းစားသင့်ကြပါပြီ။ ကာကွယ်ရေးတပ်ဆိုသည်ကကော အရင်ကလို အင်္ဂလိပ်နဲ့ ဂျပန်ကို တိုက်ရမယ်ဆိုရင် နိုင်မလား။ တရုတ်ကို ချမယ်ဆိုရင်ကော နိုင်မလား။ ယဉ်ကျေးမှုတိုက်ပွဲ၊ ဘာသာရေးတိုက်ပွဲ၊ပညာရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ၊စီးပွားရေးတိုက်ပွဲများကို ရင်ဆိုင်ယှဉ်ပြိုင်တိုက်နိုင်မလား၊ မြန်မာ့ယဉ်ကျေးမှု၊ဗုဒ္ဓဘာသာ၊ အဆင့်မြင့်နည်းပညာစသည်ဖြင့် ကာကွယ်စောင့်ရှောက်ရမည့် အရာများမှာ ပေါများလှရှိပါတယ်။
ကာကွယ်ကြဖို့ ကာကွယ်နိုင်ဖို့ လူမျိုးမတုန်းဖို့၊ ဗုဒ္ဓဘာသာ မပျောက်ကွယ်ဖို့ ကျန်ရှိနေသေးသည့် သယံဇာတ အနည်းအကျဉ်းကို ထိမ်းသိမ်းဖို့ လိုအပ်ပါတယ်။

နံပါတ်သုံး=မိတ်ကောင်းဆွေကောင်းရှိရမယ်ဆိုတာ မိမိနေတဲ့ မြို့ရွာနိုင်ငံမှာ ပညာတတ် နှလုံးလှသော လူများရှိတတ်ကြတယ်။ သဒ္ဓါတရားရှိသော ကိုယ်ကျင့်တရားကောင်းမွန်သော ကူညီတတ် စွန့်ကြဲတတ်သော စွယ်စုံပညာရှင်များရှိတတ်ကြတယ်။
အဲ့ဒီလို ပညာတတ်နှလုံးလှသော မိတ်ကောင်းဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်း မေးမြန်းစုံစမ်းခြင်း သူတို့ရဲ့ ကောင်းသော အကျင့်များကို အတုယူကျင့်သုံးခြင်း လေ့လာသင်ယူခြင်း ပြုရမယ်လို့ ဆိုလိုတာပါ။ သူတို့လို သဒ္ဓါတရားရှိအောင် သီလကိုယ်ကျင့်ကောင်းအောင် စွန့်လွှတ်တဲ့စိတ်ထား အနစ်နာခံတတ်တဲ့ နှလုံးသားရှိအောင် နက်ရှိုင်းသော ဥာဏ်ပညာရှိအောင် ကြိုးစားဖြည့်ကျင့်၇မယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ထိုသို့သော ပညာရှိသူတော်ကောင်းများ မြန်မာနိုင်ငံမှာ ရှိသလား။
ရှိရင် နည်းသလား များသလား။ ပညာရှိသူတော်ကောင်းများကို ဆည်းကပ်သူ အတုယူလိုက်နာကျင့်သုံးနေသူတွေ
ပေါများသလားဆိုတာ လေ့လာသင့်ကြပါတယ်။ ပညာတတ်လူကောင်းများပေါများဖို့ အချိန်တန်ပြီဟုထင်မြင်မိပါတယ်။
အရင်က ကမ္ဘာ့ပြဿနာများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က ဖြေရှင်းပေးခဲ့ဖူးပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ပြဿနာများကို
ဖြေရှင်းဖို့ ကမ္ဘာအရပ်ရပ်ကို လိုက်လံတောင်းခံနေကြရတယ်။ အသနားခံနေကြရတယ်။ အားကိုးနေကြရတယ်။
ဒါတွေကို စဉ်းစားဝေဖန်ကြဖို့ အကြံဥာဏ်များပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။ ပညာတတ်လူကောင်းများ ပေါများဖို့ ပညာတတ်လူကောင်းများဖြစ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။
ပညာမဲ့ လူမိုက်တစ်ယောက်ပေါ်လာရင် ပတ်ဝန်းကျင် မြို့ရွာ သွေးစွန်း ဒုက္ခရောက်ရတတ်တယ်ဆိုတော့ ပညာတတ်လူကောင်းပေါများရေးဟာ လက်ငင်းဆောင်ရွက်ရမဲ့ ကိစ္စဖြစ်ပါတယ်။ နယ်စပ်နေရာတော်တော်များများမှာ သွေးစွန်းနေတာ၊
လူတစ်ချို့ သွေးဆာနေတာ မြင်နေရ ကြားနေရပါတယ်။ ကယ်နိုင်သူ ကယ်ကြပါ။ ကယ်တင်ချိန်တန်ပါပြီခင်များ။

နံပါတ်လေး=၀င်ငွေ ထွက်ငွေ မျှတရမယ်ဆိုတာ လူတိုင်းကြားဖူးတဲ့ အရာဖြစ်ပေမဲ့ လူတိုင်းနီးပါး မလိုက်နာဖြစ်တဲ့ စည်းကမ်းတစ်မျိုးဖြစ်ပါတယ်။ ဘယ်လောက်ရရင် ဘယ်လောက်သုံးရမယ်ဆိုတာ ဘုရားရှင်က မိန့်ကြားတော်မူထားခဲ့ပါတယ်။
ရလာတဲ့ ငွေကို လေးပုံပုံရမယ်။ တစ်ပုံကို လိုအပ်တာသုံးစွဲပြီး နှစ်ပုံကို လုပ်ငန်းထဲဆက်သုံးရမယ်။ တစ်ပုံကိုတော့ စုဆောင်းသိမ်းဆည်းထားရမယ်။ ဥပမာ တစ်ထောင်ရလာတယ်ဆိုရင် ၂၅၀စီ လေးပုံပုံပြီး ၂၅၀ကို သုံးမယ်။ ၅၀၀ ကို လုပ်ငန်းထဲ ထပ်ထဲ့မယ်။ ကျန်တဲ့ ၂၅၀ ကိုတော့ စုဆောင်းသိမ်းဆည်းထားမယ်ပေါ့။ ဒါဆို ဘယ်အပုံထဲက လှူမလဲဆိုတော့ ကိုယ်သုံးတဲ့ ၂၅၀ ထဲက လှူရမယ်၊ ပေးကမ်းစွန့်ကြဲရမယ်တဲ့။ ဘုရားရှင်ဟောတော်မူတဲ့ ငွေကြေးသုံးစွဲနည်း စနစ်ဟာ တကယ်ပဲ မှန်ကန်ကောင်းမွန်လှပါတယ်။
ရရှိလာတဲ့ ပစ္စည်း ဥစ္စာ ငွေကြေးတွေဟာ ရန်သူမျိုးငါးပါး ဖျက်ဆီးတာ မဟုတ်ဘဲ ကိုယ်တိုင်ဖျက်ဆီးနေတာတွေလဲ ရှိတတ်ပါတယ်။
ကိုယ့်သေတွင်းကိုယ်တူးမိတာက လေးမျိုးရှိတယ်လို့ ဘုရားရှင်က ဆက်လက်မိန့်ကြားပါတယ်။ အဲ့ဒီလေးမျိုးက မိန်းမပွေတာ၊ ဘီယာအရက်သောက်စားမူးရူးတာ၊ လောင်းကစားကြူးတာ၊ လူယုတ်မာ သူခိုးကြမ်းပိုးတွေနဲ့ ပေါင်းသင်းတာဖြစ်ပါတယ်။
ဒီလေးမျိုးဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ပြီး မိမိဘ၀ မိမိမိသားစု ပတ်ဝန်းကျင်ကို သေတွင်းပို့နေတာဖြစ်ပါတယ်။
အထက်ပါ လေးမျိုးကို ရှောင်ကြဉ်ရင်တော့ မိမိဘ၀ကော မိမိမိသားစု ပတ်ဝန်းကျင်ပါ ချမ်းသာခြင်းလက်ဆောင်တွေ ပေးနေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘုရားရှင်က သေတွင်းလေးမျိုးကို ရှောင်ကြည်ကြလို့ ကောလိယမင်းသားတွေကို ပစ္စုပ္ပန်ဘ၀အောင်မြင်ရေးအဖြစ် ဟောကြားတော်မူခဲ့ပါတယ်။ ဒီသေတွင်းလေးမျိုးက မြန်မာနိုင်ငံမှာ ရှိသလား။ ဘယ်လောက်ရှိသလဲ။ မြန်မာလူမျိုးတွေဟာ မိန်းမပွေသလား။ အရက်သောက်သလား။ လောင်းကစားလုပ်သလား။ လူယုတ်မာတွေနဲ့ ပေါင်းသင်းနေကြသလားဆိုတာ စဉ်းစားဝေဖန်၇ပါမယ်။ ဒီသေတွင်းလေးမျိုးရှိနေတယ်၊ များနေတယ်ဆိုရင်တော့
မြန်မာပြည်ဟာ သေတွင်းထဲဆင်းပြီး ငတ်တွင်းနက်ကြမှာ အမှန်ပင်ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ဘီယာအရက်များထုတ်လုပ်ဖြန့်ဖြူးတာ တပ်မတော်ရမ်အရက်စက်ရုံထောင်ထားတာတွေ မြင်ရတော့ အစိုးရဟာ တိုင်းပြည်ကို ဖျက်ဆီးနေတာပဲလို့ ပြောဖူးပါတယ်။ သူ့စကားမှန်သလား မှားသလားဆိုတာလဲ တွေးတောစရာတစ်ခုပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ဒီသေတွင်းလေးမျိုးမှ ရှောင်ကြဉ်ဖို့ ဟောခဲ့ပါတယ်။ မရှောင်ကြဉ်ပဲ တဲ့တဲ့တိုးနေရင်တော့
ဘယ်သူမှ ကယ်လို့ရမှာ မဟုတ်ပါဘူး။ လက်ရှိပစ္စုပ္ပန်ဘ၀အောင်မြင်ရေးအတွက် တရားတောင်းလို့ ဘုရားရှင်က ဟောကြားခဲ့တာကို ဖော်ပြအပ်ပါတယ်။အထက်ပါ ကြိုးစားခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပညာရှိသူတော်ကောင်းတို့နှင့်ပေါင်းသင်းခြင်း၊ ၀င်ငွေ ထွက်ငွေ မျှတအောင် စီမံခန့်ခွဲသုံးစွဲခြင်းဆိုတဲ့အတိုင်းလိုက်နာမယ်ဆိုရင် မြန်မာပြည်မှာ လူမွဲဆိုတာတောင် ရှိတော့မယ် မထင်ပါဘူး။ ပညာမဲ့ လူမိုက်တွေများလာရင်၊ ဘုရားပွဲ ကျောင်းပွဲ နတ်ပွဲ ပျော်ပွဲရွှင်ပွဲတွေများမယ်ဆိုရင်၊ ဘီယာအရက်ဖိုးက ထမင်းဖိုးထက်များနေမယ်ဆိုရင်၊ မတော်လောဘ အမြတ်ကြီးစား ဂုတ်သွေးစုပ်နေကြမယ်ဆိုရင်၊ လူကော ဘုန်းကြီးတွေကော စားသောက် ပျော်ပါး ၀ါကြွားလိမ်ညာနေကြမယ်ဆိုရင်တော့ ငတ်တွင်းက နက်မြဲနက်နေမှာ ဖြစ်ပါတယ်။ ဆင်းရဲခြင်း နာဂစ်မုန်တိုင်းက တိုက်မြဲတိုက်နေမှာ ဖြစ်ပါတယ်။ အသက်ရှင်နေသော်လဲ လူသေတွေလို
ရည်ရွယ်ချက်မဲ့ မျှော်လင့်ချက်မဲ့ ဖြစ်နေပါလိမ့်မယ်။ ”အာဏာရဟော ဒယာဥာဏော...ဥာဏ်ကောင်းပြီး ပညာတတ်သော မေတ္တာ ကရုဏာရှိသောသူကို ပြည်သူများက ပြည်သူ့အတွက် အာဏာအပ်နှင်းရမယ်၊ ခေါင်းဆောင်ခန့်အပ်ရမယ်ဆိုတဲ့ ဘုရားတရားတော်ကို ဆန့်ကျင်ပြီး ပညာမဲ့ လူမိုက်များကို ခေါင်းဆောင်ခန့်အပ်ခဲ့လျှင် သေတာထက်ပင် ပိုဆိုးသော ဘ၀များဖြစ်လာပါလိမ့်မယ်။ ပညာမဲ့ရင် အကောင်း အဆိုး အကြောင်း အကျိုး သိဖို့ မလွယ်ပါ၊ မသိဘဲ လုပ်ရင် အများအကျိုးအတွက်ဆိုပြီးလုပ်သော်လဲ အကျိုးမရဘဲ အပြစ်သာ ဖြစ်လာတတ်ပါတယ်။ အဂတိလေးပါးတွင် မောဟာဂတိ-မသိလို့မှားခြင်းဆိုတာ ဖြစ်လာတတ်ပါတယ်။ မေတ္တာ ကရုဏာမရှိသော ခေါင်းဆောင်ဆိုရင်လဲ သူ့ကိုယ်ကျိုးအတွက် အများကို ရက်စက် သတ်ဖြတ်ခြင်း အနိုင်ကျင့်စော်ကားခြင်း အပါအ၀င်
သွေးစွန်းသော နေ့ရက်များကို ဖန်တီးနေမှာ ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်က ကောလိယမင်းသားတွေကို သံသရာချမ်းသာရေးအတွက် ဆက်လက်ဟောကြားတော်မူပါတယ်။ ထိုတရားများကိုတော့ နောက်များမှ အဆင်သင့်ရင် ဖော်ပြပါ့မယ်။ သံသရာနဲ့ ချီပြီး ချမ်းသာဖို့ အောင်မြင်ဖို့ ဟောထားတာ ဖြစ်တော့ စာရေးသူအနေနဲ့ နားလည်ဖို့ ရေးပြဖို့ မလွယ်ကူဘူးလို့ ထင်လို့ပါ။ သိပ်နားမလည်သေးဘူး မရေးတတ်သေးဘူးလို့ ခံစားရပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

တူရာ တန်ရာ


ဗုဒ္ဓဆိုတဲ့စကားလုံးကို ဘုရားလို့ မြန်မာပြန်ထားကြပါတယ်။ စကားလုံးတွေက အရေးကြီးသလို အနက်သဘောတွေက ပိုလို့ အရေးကြီးပါတယ်။ အဖိုးတန်ပါတယ်။ တကယ်တော့ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဆိုတဲ့ စကားသံကို ငယ်ငယ်ထဲက ကြားခဲ့ရပါတယ်။
ဒီလိုကြားခွင့်ရတာဟာ တကယ့်ကုသိုလ်ကံထူးလို့ပါ။ ဒါပေမဲ့ ဗုဒ္ဓဆိုတဲ့ စကားသံကို မိမိနှလုံးသားထဲမှာ ဓာတ်ခိုက် ကြည်နူးတဲ့အဆင့်အထိတော့ လူတွေ ရောက်တာ နည်းပါးမယ်လို့ ထင်ပါတယ်။ အနက်သဘောကို နားလည်လက်ခံဖို့ ကြည်နူးသိမ်းထားဖို့ကတော့ တော်တော်မလွယ်တဲ့ ကိစ္စလို့ထင်ပါတယ်။
သူတော်ကောင်းတို့ရဲ့ သူတော်ကောင်းဖြစ်တော်မူတဲ့ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို သူတော်ကောင်းတို့သာ
ဓာတ်ခိုက်ကြည်နူးခွင့်ရကြမှာပါ။ ဥာဏ်ပညာပြိုင်ဘက်ကင်းဖြစ်တော်မူတဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားကို
ဥာဏ်ပညာကြီးမြတ်သူတို့သာ နားလည်သိမ်းထားနိုင်ကြမှာပါ။ သူတော်ကောင်းဓာတ်ဆိုတာဟာ တကယ့်အဖိုးတန်ရတနာတစ်ပါးဖြစ်ပါတယ်။ တူရာတန်ရာဆိုတဲ့စကား၊ တူတူတန်တန်ဆိုတဲ့စကား၊ တူသလား တန်သလားဆိုတဲ့ စကားဟာ ဒီနေရာမှာ ထပ်ဆင့်တွေးတောစရာ ဖြစ်လာပါတယ်။
အားလုံးသိကြတဲ့ အနာထပိဏ်သူဌေးဟာ ဗုဒ္ဓဆိုတဲ့ စကားသံကြားတဲ့အခါမှာ ကြားကြားချင်း ပီတီဇောနဲ့ သုံးကြိမ်တိုင်တိုင်
မေ့မျောသွားခဲ့ပါတယ်။ သူတော်ကောင်းတစ်ယောက်ဖြစ်တဲ့ အနာထပိဏ်သူဌေးဟာ ပြိုင်ဘက်ကင်းသူတော်ကောင်းဖြစ်တော်မူတဲ့
ဗုဒ္ဓရှင်တော်ဘုရားကို နှလုံးသားထဲမှာ ဓာတ်ခိုက်ကြည်နူးခဲ့ပါတယ်။ တစ်သံသရာလုံး လိုက်ရှာနေခဲ့ရတဲ့ ဗုဒ္ဓရှင်တော်ဘုရားဆိုတဲ့
အသံကိုကြားရတော့ အနာထပိဏ်သူဌေးဟာ ၀မ်းသာလုံးဆို့သွားတာ မဆန်းပါဘူး။ ဒါကြောင့်မို့လဲ မိုးလင်းအောင် မစောင့်နိုင်ဘဲ
ညတွင်းချင်းပဲ အလောင်းကောင်တွေကိုကျော်၊ သုသာန်ပြင်ကိုဖြတ်သန်းပြီး ဘုရားရှင်ထံတော်ပါးကို အရောက်သွားခဲ့ပါတယ်။
ဘုရားရှင်ထံရောက်တော့ ဘုရားရှင်ကို သူက ”ချမ်းချမ်းသာသာ ကျိန်းစက်တော်မူရပါရဲ့လား မြတ်စွာဘုရား”လို့ မေးလျောက်တယ်။
ဘုရားရှင်က ”ကိလေသာမီးတောက် မီးလျှံတွေ ငြိမ်းသတ်ပြီးတဲ့၊ ကာမဂုဏ်တွေမှာတပ်မက်ငြိကပ်မှုကင်းပြီးတဲ့၊ အေးမြတဲ့တရားပိုင်ရှင်ဖြစ်တဲ့၊
ဝန်ထုတ်ဝန်ပိုးမရှိတော့တဲ့၊ ဘုရားရဟန္တာများဟာ ချမ်းချမ်းသာသာ အိပ်စက်နိုင်ကြတယ်။
မျှော်လင့်ချက် တပ်မက်စိတ်တွေအားလုံးကို ဖြတ်တောက်ပြီးဖြစ်တဲ့၊ နှလုံးသားက ကိလေသာမီးပူတွေကို ငြိမ်းသတ်ပြီးဖြစ်တဲ့၊
တည်ငြိမ်အေးချမ်းသူဖြစ်နေတဲ့၊ အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံပြုနေတဲ့ ဘုရားရဟန္တာများဟာ ထာဝရ ချမ်းချမ်းသာသာ အိပ်စက်နိုင်ကြတယ်”လို့ ဖြေကြားတော်မူခဲပါတယ်။
အဲ့ဒီနောက်မှာတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ အနာထပိဏ်သူဌေးကို ကိုယ်တော်မြတ်ရဲ့ ဟောစဉ်အတိုင်း တရားဟောတော်မူပါတယ်။ စ စ ချင်း သစ္စားလေးပါး မြတ်တရားကို ဟောတော်မူတာ မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ဟာ
ဒါနနဲ့ ပတ်သက်တဲ့တရား
သီလနဲ့ပတ်သက်တဲ့တရား
နတ်ပြည်နဲ့ပက်သက်တဲ့တရား
ကာမဂုဏ်တို့ရဲ့ အပြစ်၊ယုတ်ညံ့မှု၊ ညစ်နွမ်းမှုနဲ့ ပတ်သက်တဲ့တရား
ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်းရဲ့ အကျိုးအာနိသင်နဲ့ ပတ်သက်တဲ့တရားများကို အစဉ်အတိုင်းဟောကြားတော်မူပါတယ်။
ဒီတရားတော်တွေကို နာကြားပြီးတော့ တရားနာသူ အနာထပိဏ်သူဌေးရဲ့ စိတ်အဆင့်အတန်းဟာ
ကြမ်းတမ်းတဲ့ရာဂတွေ ကင်းလို့ အဆင့်မြင့်တရားတော်နာယူဖို့ ကြံ့ခိုင်လာတယ်။
ဒေါသကင်းလို့ နုညံ့သိမ်မွေ့လာတယ်။
ပျံ့လွင့်မှု ပူပန်မှုမရှိလို့ ပိတ်ဆို့မှုကင်း ပွင့်လင်းလာတယ်။
ပျင်းရိထုံထိုင်းခြင်းတွေမရှိလို့ တက်ကြွလာတယ်။
ယုံမှားသံသယကင်းလို့ ကြည်လင်တောက်ပလာတယ်။
ရွှေပန်းတိမ်သည်ဟာ ရွှေကို အရင်ဆုံး အပူပေးကြေးချွတ်ပြီးမှ လိုအပ်တဲ့ လက်ကောက် လည်ဆွဲ ထုဆစ်သလို
အဲ့ဒီအဆင့်အတန်းရောက်တော့မှ ဘုရားရှင်ကိုယ်တော်မြတ်ဟာလဲ သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူပါတယ်။
သန့်စင်တဲ့အ၀တ်ကို ဆေးဆိုးရင် အလွယ်တကူ ဆိုးလို့ရသလို အနာထပိဏ်သူဌေးဟာ ”ဖြစ်လာသမျှ တရားအားလုံးဟာ ချုပ်ဆုံးခြင်းသဘောရှိတယ်”လို့ နားလည်လာတယ်။ သောတာပတ္တိမဂ်ဥာဏ်ဖိုလ်ဥာဏ်ရပြီး ယမမင်းရဲ့ ငရဲ တစ်ခါးကို အပြီးသတ် ပိတ်နိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ အနာထပိဏ်သူဌေးရဲ့ သူတော်ကောင်းဓာတ်၊ စိတ်ခွန်အားသတ္တိများ၊ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အဆင့်မြင့်ကျွမ်းကျင်လွန်းတဲ့ တရားဟောနည်းစနစ်များ၊ ဝေနေယျတို့အပေါ် အံ့မခန်းစိတ်ရှည်သည်းခံနိုင်မှုများ၊ သစ္စားလေးပါးတရားကို မနာကြားခင် အရင်နာကြားရမည့် တရားများ၊ လိုအပ်သည့် စိတ်ဓာတ်အဆင့်အတန်းများ၊ သစ္စာလေးပါးတရားနာကြားပြီး ထိုးထွင်းသိရမည့် ဓမ္မသဘောတရားများ စသည်စသည်ဖြင့် စဉ်းစားစရာတွေ သင်ခန်းစာတွေ အများကြီးရှိပါတယ်။ ယူတတ်ရင် ရနိုင်ပြီး သင်တတ်ရင် သိစရာတွေလဲ တပုံတပင်ပါပဲ။ ဘုရားရှင်ကိုယ်တော်တိုင် စနစ်တကျ သစ္စာလေးပါးတရားကိုဟောကြား၍ ဧတဒဂ်ဘွဲ့ထူးရှင် အနာထပိဏ်သူဌေးက တရားနာကြားသော်လည်း
သောတာပန်အရိယာအဆင့်သာ ဖြစ်ခဲ့သည်ကိုလဲ တွေ့မြင်နိုင်ပါတယ်။
အကယ်၍ တရားဟောသူဘက်က လိုအပ်ချက်ရှိလျှင် တရားနာသူဘက်က ဥာဏ်အဆင့်နဲ အသိမွဲနေခဲ့လျှင် အရိယာစခန်းနှင့်
အလှမ်းဝေးနိုင်ပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

လွယ်လွယ်နဲ့ စပါယ်မပွင့်


ဘုရားဟော ပိဋကတ်တရားတော်များဟာ သိပ်နက်နဲတယ်။ သိပ်ခက်ခဲတယ်လို့ကျမ်းစာတွေမှာ ဖော်ပြထားပါတယ်။
နက်နဲ့ခြင်းက လေးမျိုးရှိတယ်။
ဓမ္မ-ပါဠိအနေအထား ဘာသာစကားအနေအထား အကြောင်းတရားအနေနဲ့ သိနိုင်ဖို့နက်နဲတယ်။ခက်ခဲတယ်။
အတ္ထ-အနက်အဓိပ္ပါယ်သဘောတရား အကျိုးအားဖြင့်လဲ သိနိုင်ဖို့နက်နဲတယ်။ ခက်ခဲတယ်။
ဒေသနာ-ဟောကြားပုံအခြင်းအရာ အတိမ်အနက် ဘုရားရှင်ရဲ့ အလိုတော်အားဖြင့်လည်း သိဖို့ နက်နဲတယ်။ ခက်ခဲတယ်။
ပဋိဝေဓ- နက်ရှိုင်းစွာထိုးထွင်းနားလည်နိုင်ဖို့ သိမြင်တတ်ကျွမ်းဖို့ နက်နဲတယ်။ခက်ခဲတယ်။
နက်ရှိုင်းတဲ့ တရားတော်များကို နက်ရှိုင်းတဲ့ဥာဏ်ပညာရှိမှ သိနိုင်မယ်။ နားလည်နိုင်မယ်။
ဥပမာဘာနဲ့ တူသလဲဆိုရင်
ပင်လယ်နက်ထဲကို ယုန်သူငယ်တွေ ခုန်ဆင်းမိ၇င် ထောက်တည်ရာမရနိုင်သလိုပဲတဲ့။ ဥာဏ်ပညာနုံ့နဲ အသိဥာဏ်မွဲတဲ့သူတွေဟာလဲ ဘုရားဟော ပိဋကတ်တော်များကို မသိနိုင်ဘူး။ နားမလည်နိုင်ဘူးတဲ့။ ပရိယတ်ကျမ်းစာတွေမှာတောင် နားမလည်နိုင်ရင် ပဋိပတ်အကျင့်မှန်ကျင့်ဖို့ ပိုလို့ မလွယ်ပါဘူး။ အကျင့်မှန်မှ အသိဥာဏ်ထူးရရိုးဖြစ်တော့ မဂ်ဖိုလ်နဲ့လဲ ဝေးပြန်ရောပေါ့။
ဒါနဲ့ ပတ်သက်ပြီးတွေးမိတာက..
လာကီပညာရပ်တွေမှာတောင် သင်တိုင်းတတ်တာမဟုတ်။ သင်သူတိုင်း ထိုးထွင်းနားလည်တတ်ကြတာမဟုတ်။ ပညာသင်ခွင့်လဲ လူတိုင်း ရရှိကြတာမဟုတ်။ နွားကျောင်းသားက ကွန်ပျူတာ ဆော့ဖ်ဝဲပညာရှင် ဖြစ်ဖို့ ခဲယဉ်းသလို
လှည်းသမားဟာလဲ လေယာဉ်ပျံတည်ထွင်နိုင်ဖို့ အခွင့်အရေးမရှိတတ်ပါဘူး။
တစ်ချို့ ချမ်းသာသော မိဘများရဲ့ သားသမီးများဟာ ကျောင်းကောင်းကောင်းမှာ ဆရာကောင်းကောင်းနဲ့ ပညာသင်ခွင့်ရကြပေမဲ့ လိုအပ်တာထက် ပိုမို နိမ့်ကျ ညံ့ဖျင်းနေကြတာကို တွေ့မြင့်နိုင်ပါတယ်။
ဆိုလိုရင်းက ပိဋကတ်ကျမ်းစာများကို လွယ်တယ်။ တိမ်တယ်။ နားလည်တယ် ဟု မထီလေးစား သေးနုပ်သော စိတ်ထားများ မဖြစ်သင့်ပါကြောင်း၊ သိမြင်နားလည်ရန်၊ နက်နဲစွာ ထိုးထွင်းသိမြင်ကြရန်၊ ရိုးသားသော ဖြူစင်သော တည်ကြည်သော
လေ့လာသင်ယူသူများဖြစ်ရန် ကြိုးစားသင့်ပါကြောင်း အတွေးမြစ်စီးဆင်းမိပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Monday, October 24, 2011

ခွဲခွါခြင်း


မင်းအကြည့်ထဲမှာ
ငြိတွယ်နေတဲ့ သနားခြင်းမပါဘဲ
ကိုယ့်ကို စောင့်နေဖော်ရတဲ့အတွက်
ဝမ်းသာပါတယ်ကွယ်။
တကယ်တော့ ကိုယ့်ကို
မျက်ရည်ကျစေခဲ့တဲ့အရာဟာ
ကိုယ့်ကိုယ်တိုင်ရဲ့
စိတ်ပျက်အားငယ်ခြင်း တေးသွားကို
လန့်ဖျပ်နေကြတဲ့ ညရဲ့ တန်ခိုးသြဇာနဲ့
ကိုယ့်ရဲ့ နှုတ်ဆက်စကားများရယ်သာပါ။
ဒါပေမဲ့ နေ့က အရုဏ်လင်းတော့မယ်။
ကိုယ့် မျက်လုံးတွေဟာလဲ
မျက်ရည်ခြောက်ခန်းတော့မှာပါ။
ငိုဖို့ အချိန်မရှိတော့ပါဘူး။

မေ့ပျောက်ရတာ ခက်လှချည့်လို့
ဘယ်သူကများ ပြောခဲ့သလဲ။
သေခြင်းဆိုတဲ့ကရုဏာတရားဟာ
ဘ၀ရဲ့ အမြုတေထဲမှာ လှုပ်ရှားနေပြီး
သူ့ရဲ့ မိုက်မဲတဲ့ မနားမနေကြိုးပမ်းမှုအတွက်
နားနေခြင်းကို ယူလာတာပါ။

နောက်ဆုံးကျတော့
မုန်ုတိုင်းထန်နေတဲ့ ပင်လယ်ကြီးလဲ
လှုပ်ယမ်းနေတဲ့ ပုခက်ထဲမှာ
ငြိမ်သက်သွားခဲ့ပြီ။
တောမီးဟာ သူ့ရဲ့ ပြာအိမ်ထဲမှာ
လဲလျောင်းလို့နေပေါ့။

မင်းနဲ့ ကိုယ်တို့လဲ ခွဲကြရတော့မယ်လေ။
ဒီကွဲကွာမှုဟာ
ရှင်သန်နေတဲ့ မြက်ပင်တွေရဲ့ အောက်မှာ
နေရောင်ထဲမှာ ရယ်နေတဲ့
ပန်းပွင့်တွေရဲ့ အောက်မှာ
ပုန်းကွယ်နေတော့မှာပါ။
(မြသန်းတင့်ဘာသာပြန်သော တိမ်းရှောင်သူကဗျာမှ ကူးယူဖော်ပြထားပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အိပ်မက်


အိပ်မက်မမက်ပဲ
အိပ်ပျော်နေတဲ့အချိန်ဟာ
အချမ်းသာဆုံး အချိန်။
(ကြည်အေး)

ဘာ အိပ်မက်မှ မမက်ခဲ့ပါ
ဒေါ်ကြည်အေး
ကျွန်တော်မှေးကနဲ အိပ်ပျော်သွားချိန်
အခန်းထဲမှာ ပုလင်းကွဲသံ၊ ခုံများလဲသံ
လွယ်အိပ်လွယ်သံ၊ ဦးထုပ်ဆောင်းသံ
တံခါးဖွင့်သံ၊ အင်္ကျီဝတ်သံ
ဖိနပ်စီးသံ၊ ရှပ်တိုက်သံ
ထို့ထက်မက ထိုအသံများရဲ့ အသံကိုပင်
ကင်းလွတ်ခွင့်ရခဲ့ပါတယ် ဒေါ်ကြည်အေး။

သို့သော် ကျွန်တော်နိုးလာခိုက်
ကျွန်တော့် အခန်းတစ်ခုလုံး
ရွေ့ပြောင်းတောင်ယာတစ်ခုလို
နံရံ ပုလင်း ပြတင်း တံခါး
ကြမ်းခင်း ဖိနပ် ဦးထုပ် အင်္ကျီ
ဘာဆိုဘာမှ ရစရာမရှိတော့သလို
အခန်းကိုယ်တိုင် အခန်းထဲတွင်
အခန်းမရှိတော့သဖြင့်
ကျွန်တော်ကိုယ်တိုင် ကျွန်တော်ကိုယ်၌က
ကျွန်တော့်ကိုယ်ထဲတွင် ကျွန်တော်မရှိခဲ့၍
ဘာအိပ်မက်မှ မမက်ခဲ့တာလား
သိပါရစေ ဒေါ်ကြည်အေး။ ။
ဝင်းမြင့်
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မိုးစိမ့်စိမ့် တနင်္ဂနွေထဲက ပြကွက်များ


အလင်းတွေတုပ်တုပ်ကျ ရွှဲနစ်နေတာတောင်
လွတ်လွတ်ကျွတ်ကျွတ် ပွင့်ပြလို့မရတဲ့ တနင်္ဂနွေပေါ့။

အပျင်းသန်လွန်းတဲ့အခါ
သူများအိပ်မက်ကို ခြေနဲ့ကန်ထုတ်လိုက်
အပျော်လွန်တဲ့အခါ
သူများခံစားမှုကို ညှော်တိုက်လိုက်ပေါ့။

စိတ်အလိုလိုက်မိတဲ့အခါမျိုး
အလင်းကို အမှောင်နဲ့ ရှို့မိ
အရိပ်ကို အရောင်နဲ့ မြှိုက်မိ
ပစ္စပ္ပုန်ကို အတိတ်နဲ့တို့မိ
နောက်ဆုံး . . . .
ကိုယ့်ခြေလှမ်းတွေကိုတောင်
တံလျပ်နဲ့ စိပ်မိပေါ့။

ဘယ်သူတွေပဲ နားနားနေနေ . . ..
ဘယ်သူတွေပဲ ကျိုးကျိုးကြေကြေ
တနင်္ဂနွေကတော့ . . . .
အချိုးပြေပြေ . . မိုးစွေလို့။

သွေးကြောင်ပြီဆို . . .
ခွေးဟောင်တာတောင်လန့်သတဲ့။
သူများစိတ်၊ သူများအရိပ်ကို တက်ထိုင်ရင်း
သီချင်းတွေကို အော့အန် . . .
တနင်္ဂနွေရဲ့ ဟန်ချက်ဟာ
လေချဉ်လို ဆန်တက်လာပေါ့။

ဘယ်သူတွေ သိသိ မသိသိ
ဘယ်သူတွေ တွေးတွေး မတွေးတွေး
တနင်္ဂနွေကတော့ ရေးတေးတေး . . . ငေးရီ
မထီတရီ ရင်ခုန်သံနဲ့ . . ။

လှေနံဓားထစ်သရုပ်မှန်အတွက်
ခုတ်ရာတစ်လွဲ၊ ပြကွက်များ ကွန့်မြူး
တနင်္ဂနွေရဲ့စိတ်ကူးဟာ
မိုးပေါ်က ချတဲ့ကြိုးလို
တွဲလောင်းခိုကြည့်ချင်စရာ။

တကယ်က
အ၀ိဇာဘ၀ဆိုတာ
အမှောင်ထဲ နှစ်စိမ်ထားတဲ့ညပါ . . .
တနင်္ဂနွေဟာ . . .
ဘယ်သူတွေ ကန့်လန့်တိုက်တိုက်
ဘယ်သူတွေ ဘာပြောပြော
ဗိုက်ထဲမှာ အူဘယ်နှစ်ခွေဆိုတာ သိနေပေါ့။ ။

သျှီသူအောင်
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ရန်ကုန်မိုး


ပင်လယ်တစ်ခုလုံးချပြပေမယ့်
ရေချည်းပဲမြင်ကြတဲ့သူတွေက
များတယ်

ငါတို့ရဲ့ဇွဲတွေက
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုပြီးသတ္တိကောင်းတတ်
ငါတို့ဆုံးဖြတ်ချက်တွေက
အရေးအကြောင်းဆို အပေါင်းအသင်းမှားတတ်
ငါ့တို့အသဲကလည်း
ပပ ထူမှ ထတတ်ရတော့တယ်။

ကမ္ဘာကြီးလုံးနေတော့
အနောက်ကိုသွားလည်း အရှေ့ကိုတစ်နေ့ရောက်ရသလို
ပင်လယ်ထဲမှာ သင်္ဘောချင်း ခေါင်းတိုင်ကိုစမြင်ရစမြဲ
အလံတလူလူလွှင့်ထားပေမယ့်
ဒါးဆိုတာ
ဒဏ်ရာနဲ့အဝေးဆုံးမှာနေရတာ ကောင်းတယ်။

အဖြစ်က
မီးပြတိုက်ကို သင်္ဘောဝင်ဆောင့်မိသွားတာ
ဆာလောင်တဲ့မြွေမို့
ကိုယ့်အမြီးပြန်အစာလုပ်မြိုချလိုက်တယ်

ရန်ကုန်ဆိုတာ
အမြဲတမ်းအိမ်ရှင်နိုင်ငံတွေ ခြေစစ်ပွဲရှုံးတယ်
ချစ်ကြည်ရေးဖိတ်ခေါ်ပွဲဆို တစ်ဘက်အသင်းကမလာဘူး
အဝေးကွင်းမှာ ခြေစွာရတာ
ဘယ်လောက်အသည်းနာဖို့ ကောင်းလိုက်သလဲလို့။ ။
ကျော်ထူး
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>