Monday, December 7, 2015

အရဟံ

အရဟံဆိုတာ မြတ်ဗုဒ္ဓရဲ့ မဟာဂုဏ်တော်များထဲမှ တစ်ခုဖြစ်ပါတယ်။ ကိလေသာကင်းစင်တော်မူခြင်း ကိလေသာရန်သူတို့ကို သတ်ဖြတ်တော်မူခြင်း သံသရာရဲ့အကန့်ဒေါက်ဆန်တွေကို ချိုးဖျက်တော်မူခြင်း လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်း ဆိတ်ကွယ်ရာအရပ်မှာ မကောင်းမှုကျူးလွန်တော်မမူခြင်းအစရှိတဲ့ ဂုဏ်ထူးဝိသေသများကို အကျဉ်းချုပ်လိုက်တော့ အရဟံဆိုတဲ့ နာမည်တော်မြတ်ဟာ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်မဟာတွေရဲ့ နိဒါန်းအစ ဖြစ်ခဲ့ရပါတော့တယ်။ သူသူငါငါသတ္တ၀ါတွေဟာ ကိလေသာမီးတောက်နဲ့ ကစားပြီး ကိလေသာရန်သူရဲ့ အထောင်းအထုကို ခံနေကြရပါတယ်။ လူမြင်သူမြင်ရော ဆိတ်ကွယ်ရာအရပ်မှာပါ ကိလေသာမာနတ်ရဲ့ ဒုစရိုက်မစင်တွေကို စားနေမိတတ်ကြပါတယ်။ ဒီလိုနဲ့ သံသရာစက်ဝန်းရဲ့ အင်ဂျင်ပါဝါဖြစ်တဲ့ တဏှာနဲ့မောဟ၊ ကုသိုလ်နဲ့အကုသိုလ်၊ ငရဲနဲ့နတ်ပြည်မှာ တလှည့်စီပြေးလွား ဒဏ်ရာတွေ အော်ညည်းသံတွေ များနေခဲ့ကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ သာဝကဆိုသူတွေဟာ ကိလေသာအတွင်းရန်သူ အပြင်ရန်သူတွေကို သီလသမာဓိပညာလက်နက်ကောင်းတွေနဲ့ အနိုင်ယူအောင်ပွဲခံနိုင်အောင် ကြိုးစားကြရပါမယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Thursday, November 21, 2013

ဘုရားပန်း

ဘုရားပန်းလှူပြီး နတ်ပြည်ရောက်တာတွေ အများကြီးဖတ်ဖူးပါတယ်။ သုမနပန်းသည်ဆိုတာကတော့ ထူးထူးခြားခြား ဘုရားပန်းလှူတဲ့သူပေါ့။ ဘုရင့်ကိုဆက်သမယ့်ပန်းကို အသက်စွန့်ပြီး မြတ်စွာဘုရားကို လှူလိုက်တာ။ ဘုရင်က ပန်းမရလို့ သတ်ချင်လဲ သတ်ပစေဆိုပြီးတော့ အသက်စွန့်ခဲ့တာ။ သူ့မိန်းမကတော့ မင်းဒဏ်သင့်မှာစိုးပြီး ရှင်နဲ့ ကွဲပြီ။ ရှင်လုပ်တာ ရှင်ပဲ ရှင်းတော့ဆိုပြီး ထွက်သွားခဲ့တယ်။ ဘုရင်က သိတော့ လေးစားလွန်းလို့ ဆုတော်လာဘ်တော်တွေ ပေးတယ်။ အသက်စွန့်ပြီး ဘုရားကို ပန်းလှူခဲ့လို့ ကမ္ဘာတစ်သိန်းအပါယ်မကျဘူး။ သုမနအမည်ရတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးဖြစ်တော်မူလိမ့်မယ်။ လူတိုင်းဟာ လောဘရဲ့ အလိုတော်ကျ တသွေမတိမ်းလိုက်ပြီး လုပ်နေကြတာများပါတယ်။ လောဘကို တွန်းလှန်ရဲတဲ့သတ္တိဆိုတာ လူတိုင်းမှာ မရှိနိုင်ပါဘူး။ သုမနပန်းသည်ကတော့ သူ့ရဲ့ လောဘကို အသက်နဲ့လဲပြီး တွန်းလှန်ပုန်ကန်ခဲ့တာပါ။ ဘုရားတည်ကျောင်းဆောက်ကုသိုလ်မဟုတ်ပေမယ့် သူ့ရဲ့ စေတနာသဒ္ဓါတရားနဲ့ ဥာဏ်ပညာအားကြီးမားခဲ့လေတော့ အကြီးတရားလဲ အံ့မခန်းကြီးမားခဲ့ပါတယ်။ လူတိုင်းဟာ သုမနပန်းသည်လို ကိုယ့်စေတနာ သဒ္ဓါ ဥာဏ်ပညာများများရှိအောင်ကြိုးစားပြီး ဘုရားတရားသံဃာနဲ့ဆက်စပ်တဲ့ကုသိုလ်တွေ လုပ်နေကြရင် ဘယ်လောက်များကောင်းလေမလဲ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Wednesday, November 6, 2013

ကံစေတနာ

ကံဆိုတာ စေတနာပဲလို့ စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ။ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ၀ါစာယ မနသာဆိုတာကို ထောက်ထားပြီး ပြောနေကြပါတယ်။
အထက်ပါပါဠိရဲ့ ဘာသာပြန်ကတော့ စေတနာဟာ ကံပဲ။ ကိုယ်နှုတ်စိတ်တွေနဲ့ စေ့ဆော်ပြီး ကံလုပ်နေကြတာပေါ့တဲ့။
ဆိုတော့ စေတနာဟာကံပဲ။ ကံဖြစ်ရာအရပ်တွေက ကိုယ်နှုတ်စိတ်ပဲလို့ ဆိုလိုတာလား။
ဆက်ပြီးမေးစရာရှိတာက စေတနာပဲ ကံမည်တာလားဆိုတော့
စေတနာပဲ ကံမည်တာ မဟုတ်ပြန်ဘူး။ တခြား တရားပေါင်းများစွာလဲ ကံမည်နိုင်သေးတယ်။ ကံလေးမျိုးလေးလီဆိုတာနဲ့ပတ်သက်ပြီး အမည်းကံ အဖြူကံ အမည်းအဖြူရောတဲ့ကံ မမည်းမဖြူကံဆိုတာထဲမှာတော့ အကုသိုလ်စေတသိက်တစ်ချို့နဲ့ မဂ်ဂင်ရှစ်ပါး ဗောဇ္ဈင် ၇ပါးအစရှိတဲ့တရားတွေလဲ ကံအမည်ရနိုင်သေးတယ်လို့ ဆိုထားတယ်။
အဲဒီကံဆိုတာတွေဟာ ဘယ်မှာတည်ရှိသလဲဆိုတော့ သစ်ပင်တစ်ပင်ရဲ့သီးတတ်တဲ့သဘောလိုပဲ ဘယ်မှာတည်ရှိတယ်ဆိုတာ အတိအကျမပြောနိုင်ဘူးတဲ့။
ကံအကျိုးပေးတာကတော့ ၀ိပတ္တိလေးပါး သမ္ပတ္တိလေးပါးလိုက်ပြီး အကျိုးပေးတာပါတဲ့။
ကံရှိနေသရွေ့ ဘ၀တွေရနေမှာဖြစ်တယ်။ အိုနာသေမလွတ်နိုင်သေးဘူး။
ကံကုန်ရင် ဘ၀ကုန်မယ်။ ကံကုန်ချင်ရင် ၀ိပဿနာဥာဏ်နဲ့ ကံအသစ်မဖြစ်အောင်လုပ်ပြီးတော့ မဂ်ဥာဏ်နဲ့ ကံကိုသတ်မယ်။ ဒါဆိုရင် နိဗ္ဗာန်ကို ရမယ်။
 
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Tuesday, November 5, 2013

မနက်ခင်း

မနက်ခင်းပဲဖြစ်ဖြစ် နေ့ခင်းညနေခင်းပဲဖြစ်ဖြစ် ကောင်းတာတွေလုပ်ဖို့ ကောင်းတာတွေပြောဖို့ အကြံကောင်းတွေကြံစည်ဖို့လိုအပ်တယ်။ စိတ်ပါလက်ပါအပြုအမှုတိုင်းဟာ သက်ရောက်မှုရှိတာဆိုတော့ ကံသုံးပါးကောင်းမွန်နေဖို့လိုတယ်။ ကံဆိုးလိုက်တာ ကံကောင်းလိုက်တာဆိုတာ ကိုယ်တိုင်စိုက်ပျိုးစားသုံးရတဲ့သစ်သီးမျိုးစုံပဲ။ အချိုအမွှေး အလှအပတွေစားချင်ရင် မျိုးကောင်းသစ်ကောင်းကို စိုက်ထားကြဖို့လိုပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

သီလ

သီလကို မြေနှင့်ဥပမာပြုထားတာဖတ်ဖူးတယ်။ မြေပေါ်မှာ အရာအားလုံးရပ်တည်ရှင်သန်ရသလို သီလပေါ်မှာ ကောင်းမြတ်တဲ့ဂုဏ်တွေအားလုံး ဖြစ်တည်ပေါက်ရောက်ရတာပါတဲ့။ ကိုယ်ကျင့်နှုတ်ကျင့်သီလမကောင်းဘဲ ဘယ်လိုရွှေငွေရတနာ ရာထူးဂုဏ်ထူးတွေကမှ လူတစ်ယောက်ကို အဆင့်မှီလူသူတော်ကောင်း လူကြီးလူကောင်းအဖြစ်မလုပ်ပေးနိုင်ပါဘူး။ သီလမြေမရှိဘဲ ဘယ်လိုကောင်းမြတ်မှုတွေ ဘယ်လိုအဆင့်မြင့်မှုတွေကမှ ပေါက်ဖွားကြီးထွားနိုင်မှာမဟုတ်တော့ လူတိုင်းသီလမြေကောင်းမြေသန့်တွေ ပိုင်ဆိုင်မွေးမြူထားကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဒါန

လူတွေက အဆင့်မြင့်တရားတွေကို ပါးစပ်က မချတမ်းပြောနေကြတာ။ တကယ်တော့ လူရောနတ်ရော တိရိစ္ဆာန်ကော လုပ်နိုင်တဲ့ဒါနပြုဖို့ကျတော့ လက်တုန်ခြေတုန် အကြောဆွဲငှက်ဖျားတက်နေပြန်ရော။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မျက်ကန်းမထေရ်

ဘုရားလက်ထက်တော်အခါတုန်းက ရဟန်းတစ်ပါးဟာ ရဟန္တာဖြစ်တဲ့ညမှာပဲ မျက်စိကန်းသွားခဲ့တယ်။ သူ့ရဲ့ အတိတ်ဘ၀က မိန်းမတစ်ယောက်ကို မျက်စိကန်းအောင်လုပ်ခဲ့လို့တဲ့။ မျက်စိအကြွေးဆပ်သွားတာပေါ့။ လောကမှာ ငွေအကြွေးယူရင် ငွေပြန်ဆပ်ရသလို ကံကြွေးတွေယူထားရင်လဲ ကံကြွေးတွေ ပြန်ဆပ်ရမှာပါပဲ။ ကံအဆိုးအကြွေးတွေ များများယူထားသူမဖြစ်အောင် ကံကောင်းတွေလုပ်ရင်းနဲ့ ကံအဟောင်းတွေကို အကောင်းဖြစ်အောင်လုပ်နေကြဖို့ လိုအပ်ပြန်ပါသကောလား။ ကိုယ့်ကံနဲ့ကိုယ် ကိုယ့်ဘ၀နဲ့ကိုယ်ဗျနော်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဆင်နဲ့မျောက်

တောရဆောက်တည်နေတဲ့မြတ်စွာဘုရားကို ပါလိလေယျကဆင်နဲ့ မျောက်တစ်ကောင်က တတ်နိုင်သမျှ ပြုစုလှူဒါန်းကြတဲ့အကြောင်းကို စာထဲမှာ ဖတ်ဖူးတယ်။ တိရိစ္ဆာန်တွေတောင် ဘုရားကို ဘုရားမှန်းသိပြီး ပူဇော်နိုင်သေးရင် လူတွေက ဘာလို့ မပူဇော်နိုင်ဘဲ ရန်ပြုနေရမှာပဲ။ ဘုရားတရားသံဃာဆိုတဲ့ရတနာသုံးပါးကို ရတနာမှန်းသိပြီး ကုသိုလ်ရတနာများစွာအတွက် ပူဇော်နိုင်ဖို့ ပူဇော်နေဖို့ လိုအပ်ပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ပုတ်သင်ညိုများ

ဝိဒေဟရာဇ်မင်းရဲ့ပုတ်သင်ညိုက ငွေတစ်ပဲရလို့ မာနတက်သတဲ့။ သခင်ကို အာခံသတဲ့။ အလေးမပြုဘူးတဲ့။ လူတွေလဲ တစ်ခုခုရရင် တစ်ခုခုဖြစ်လာရင် ဒီလိုပဲ ဘ၀မေ့အသိပျောက်သွားကြတာပဲလား။ ဘ၀င်မြင့်ရူးသွားတာပဲလား။ ဒါဆိုရင် လူတွေလဲ ပုတ်သင်ညိုဖြစ်သွားတာပဲပေါ့
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Friday, May 10, 2013

ဒါန

လူတစ်ချို့က ဒါနကို အထင်သေးကြသတဲ့။ သီလကို အောက်တန်းစားလို့ထင်မှတ်ကြသတဲ့။ သမထဘာဝနာကို ဘုရားဟောမဟုတ်သလို ပြောဆိုနေကြသတဲ့။ တကယ်တော့ ဒါနဆိုတာ ဘုရားအလောင်းတော်တို့ ဖြည့်ကျင့်ဆည်းပူးရတဲ့ ပါရမီတော်ဆယ်ပါးမှာ ပထမဆုံးကျင့်စဉ်တော်မြတ်ဖြစ်ပါတယ်။ စေတနာများရင် အကျိုးပေးများပြီး ဥာဏ်ပါတဲ့စေတနာဆိုရင် ဥာဏ်ပါတဲ့ အကျိုးတွေ ပေးပါတယ်။ ဘုရားလက်ထက်တော်တုန်းက အရှင်မဟာမောဂ်ဂလာန်မထေရ်က နတ်ပြည်တက်ပြီး နတ်သားနတ်သမီးတွေကို သူတို့ရဲ့ ရှေးကုသိုလ်တွေမေးတော့ ဒေါသမထွက်အောင်ထိမ်းခဲ့လို့၊ ကြံတစ်ချောင်းလှူခဲ့လို့၊ တည်သီးတစ်လုံးလှူခဲ့လို့၊ သခွါးသီးတစ်လုံးလှူခဲ့လို့၊ ဖက်သက်သီးတစ်လုံးလှူခဲ့လို့၊ တမာရွက်တစ်ဆုပ်လှူခဲ့လို့ နတ်ပြည်ရောက်ပါတယ်လို့ ဖြေကြသတဲ့။ လှူဖွယ်ဝတ္ထုရှိတာလေးတွေကို အလှူခံတွေနဲ့ တွေ့ကြုံလာရင် တတ်စွမ်းသမျှ စေတနာဗရဗွနဲ့ လှူဒါန်းပူဇော်ကြမယ်ဆိုရင် လောဘကိလေသာကို သတ်ပြီးသားဖြစ်သလို သံသရာခရီးအတွက်လဲ အထောက်အပံ့ကောင်းတွေ အများကြီးရမှာပါ။ ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏိနံ= ကုသိုလ်ကောင်းမှုဆိုတာ သံသရာခရီးသွားတွေအတွက် ထောက်တည်မှီခိုအားထားရာအစစ်ဖြစ်တယ်လို့ ဘုရားရှင်ဟောထားတာရှိတယ်မို့လား။ ဒီဘ၀ဖြစ်စဉ်တွေကြည့်ပြီးတော့ ဘ၀ဆက်တိုင်း မီလျံနာ ဘီလျံနာ ထရီလျံနာဖြစ်အောင်၊ မီလျံနာ ဘီလျံနာ ထရီလျံနာဖြစ်ပြီးတော့ လောကကောင်းကျိုး အမျိုးချမ်းသာရေး ပေးလှူထောက်ပံ့ပူဇော်နိုင်တဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ဖို့အတွက် တစ်ယာကွမ်းဆေး ရေအေးတစ်ခွက် ဆီတစ်စက်နှင့် လက်ဖက်တရိုး ကြံတချိုးမျှ မြတ်နိုးကြည်ဖြူ ဥာဏ်ပါတဲ့စေတနာထားပြီး အမြဲလှူဒါန်းနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါကြောင်း

>>>ဆက်လက်ဖတ်ရှုရန်>>> >>

ကံ

ကံအကြောင်းကို လူတွေက နားလည်တယ် လွယ်တယ်လို့ ထင်နေကြတာရှိပါတယ်။ ဘယ်လိုကံတွေက ဖြစ်စေခြင်း ထောက်ပံ့ခြင်း နှိပ်စက်ခြင်း သတ်ဖြတ်ခြင်း ကိစ္စများကို လုပ်နေတယ်ဆိုတဲ့ ကံရဲ့ ကိစ္စလေးမျိုးကို သိနားလည်ဖို့ ခက်ခဲပါတယ်။ သတ္တ၀ါတစ်ယောက်မှာ ကံလေးမျိုးရှိရင် သေတဲ့အခါမှာ ဂရုကကံ အကျိုးပေးလှည့်ရောက်တယ်။ ဂရုကကံမရှိရင် အာသန္နကံ၊ အဲ့ဒါမရှိရင် အာစိဏ်ဏကံ၊ အဲ့ဒါ မရှိရင် ကဋတ္တာကံအကျိုးပေးလှည့်ရောက်တယ်။ ဒီလိုအကျိုးပေးအလှည့်အစဉ်အားဖြင့် ကံလေးမျိုးသဘောတရားကိုလဲ သိနားလည်ဖို့ ခက်ခဲပါတယ်။ အကျိုးပေးရာကာလအနေနဲ့လဲ ဒီဘ၀အကျိုးပေး၊ နောက်ဘ၀၊ တတိယဘ၀မှ နိဗ်ဗာန်ရသည့်အချိန်ထိ၊ ပြီးတော့ လုံးဝအကျိုးမပေးသောကံရယ်လို့ အကျိုးပေးရာကာလနှင့်ပတ်သက်ပြီး ကံလေးမျိုးသဘောတရားမှာလဲ သိနားလည်ဖို့ ခက်ခဲပြန်ပါတယ်။ အကုသိုလ်ကံ၊ ကာမ၀စရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံရယ်လို့ အကျိုးပေးရာဘုံဌာနနဲ့ပတ်သက်ပြီးလဲ ဘယ်သူတွေများ ဘယ်လောက်သိပါသလဲ။ လက်ရှိရနေတဲ့ ခန်ဓာကိုယ်နဲ့ တွေ့ကြုံခံစားနေရတဲ့ အကောင်းအဆိုးအကျိုးမျိုးစုံကိုကော ဘယ်ဘ၀က ပြုခဲ့တဲ့ ဘယ်လိုကံတွေက ဘယ်လိုအကျိုးပေးနေတယ် ဘယ်လိုအကျိုးပေးအုံးမယ် အကျိုးမပေးတော့ဘူးဆိုတာကော ဘယ်ရွှေဥာဏ်ရှင်ကများ အတိအကျသိပါသလဲ။ ဒီနေ့လုပ်တဲ့ ကုသိုလ်အကုသိုလ်ကံတွေဟာ ဘယ်လောက်ရှိတယ်၊ ဘယ်အချိန် ဘယ်ဘ၀ ဘယ်ဘုံမှာ အကျိုးပေးမယ် အကျိုးမပေးဘူးဆိုတာကော သိကြပါရဲ့လားခင်များ။ ဒါကြောင့်မို့ ဘုရားရှင်ရဲ့ ပြိုင်ဘက်ကင်းမဟာဥာဏ်တော်မှာ အတိတ်အနာဂတ်ပစ္စပ္ပန်ကံတွေရဲ့ အကျိုးပေးပုံမျိုးစုံကို အမှန်အတိုင်းသိတယ်ဆိုပြီး မဟာဥာဏ်တော်တစ်ပါးအဖြစ်ပူဇော်ရတာပါ။ တကယ်တော့ ကံအကြောင်းကို ဘုရားရှင်ပဲ အကုန်သိ အမှန်သိနိုင်တာကလား။ခက်ခဲနက်နဲသော မြတ်ဓမ္မများကို မထေမဲ့မြင်မပြုမိကြဖို့ မေတ္တာရပ်ခံလိုက်ရပါကြောင်းပါခင်များ။

>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဆိုကရေတီးရဲ့ စကားတစ်ခွန်း

ဆိုကရေးတီး၏စကားတစ်ခွန်း
.........................................

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

မှတ်သားသင့်လို့ မျှဝေပါသည်။
ညိုလင်းထွဏ်း
(9-5-2013)

Career Hope Opportunity -CHO
Lik
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Saturday, February 2, 2013

ညနက်နက်

တဂိုးကဗျာတစ်ပုဒ်ထဲမှာရေးထားတာက "ဒါပေမဲ့ မေမေရယ်..ကျွန်တော့်ကြောင့်တော့ မေမေ ငိုမနေရပါဘူး။ ကျွန်တော်က ရာမမင်းသားလို တောထဲလိုက်သွားတာ ဆယ့်လေးနှစ်လုံးလုံးကြာမှ ပြန်လာမဲ့ လူစားမျိုးမဟုတ်ပါဘူး။ ကျွန်တော်က ပုံပြင်ထဲက မင်းသားလေးဖြစ်သွားမှာဗျ။ ကျွန်တော့်လှေပေါ် ကျွန်တော် ကြိုက်တာ တင်သွားမှာ" တဲ့။ အဲ့တုန်းက ကျွန်တော့်ရွာလေးမှာ မီးမရသေးဘူး။ ခုလဲ မရသေးပါဘူး။ စာသင်ကျောင်းပေါက်စလေးလဲ ယိုင်နဲ့နဲ့။ ကျောင်းသားကျောင်းသူတွေရဲ့ ဘ၀လဲ တုန်ချိချိ။ ဆရာမက အိမ်စာလုပ်ဖို့ ပေးလိုက်ရင် မီးမဲ့ဘ၀တွေဆိုတော့ ဘယ်နှယ့်လုပ်ပြီး တွက်ရပ။ ချက်ရပ။ ရေနံဆီဆိုတာလဲ အရှားသားကလား။
ရာမမင်းသားလို တောထဲ လိုက်သွားတာမဟုတ်ပေမဲ့ မွေးကတည်းက တောကြားရောက်နေတော့ အမေငိုရသလို သားသမီးလူမမယ်လေးတွေလဲ မျက်ရည်ကျရတာပါပဲ။ တခြားနိုင်ငံတွေကတော့ လူရှိရင် မီးရှိရမယ်ဆိုပြီး လျှပ်စစ်မီး ထိန်ငြီးဝေလျှံနေပေမဲ့ ဗမာပြည်ရဲ့ တောရွာတွေမှာတော့ ဘ၀တွေမိုက်မဲ အိပ်မက်သေတွေ အေးခဲနေတာဆိုတော့ ရာမမင်းသားလို ဆယ့်လေးနှစ်နေပြီး ပြန်လာနိုင်မှာ မဟုတ်သလို ဘယ်တော့မှလဲ ဘ၀တွေ အိပ်မက်တွေ လန်းဆန်းနိုးထနိုင်တော့မှာ မဟုတ်ပါဘူး။ ညနက်နက်မှာ ဘ၀တွေ ပျက်နေတဲ့ မြို့သားမြို့သူတွေနဲ့စာရင်တော့ ညနက်နက်က နွားနဲ့ ဖက်ပြီး အိပ်မက်မက်နေသူတွေက မဆိုးတန်ကောင်းပါဘူးလို့ တွေးနေမိသေးတယ်ပေါ့။ ညနက်နက် လထွက်ထွက် လိပ်ပြာသန့်တဲ့ဘ၀ဖြစ်ဖို့ပဲ အရေးကြီးပါတယ်လေ။ ကိုယ့်လှေပေါ် ကိုယ်ကြိုက်တာတင်နိုင်ခွင့် ရွေးချယ်ခွင့်များများရှိပြီး ကောင်းမွန်လှပတဲ့ ရွေးချယ်မှုမျိုးကို ရွေးချယ်နိုင်ဖို့ လိုတာလဲ လူတိုင်းသိထားသင့်သပေါ့။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Thursday, December 13, 2012

ဒါန

တစ်ခါက ဘုရားရှင်ဟောကြားခဲ့သော ဒါနတရားမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘုရားရှင်က ဒါနအကြောင်းကို ငါဘုရားသိသလိုသာ သိမယ်ဆိုရင် သတ္တ၀ါတွေဟာ မပေးမကမ်းပဲ စားမှာမဟုတ်ဘူး။ ၀န်တိုစိတ်ဆိုတဲ့ အညစ်အကြေးသဘောလဲ ဖြစ်မှာမဟုတ်ဘူး။ ငါဘုရားသိသလိုသာ ဒါနအကြောင်းကို သိမယ်ဆိုရင် နောက်ဆုံးထမင်းလုပ်ကိုတောင် အလှူခံရှိရင် ပေးလှူကြလိမ့်မယ်တဲ့။ အခုတော့ သတ္တ၀ါတွေဟာ ဒါနအကြောင်းကို မသိလို့ မပေးမကမ်းဘူး။ ၀န်တိုမစ္ဆေရအညစ်အကြေးလဲ ထူပြောနေကြတာတဲ့။
သတ္တ၀ါတွေဟာ ဒါနအကျိုးတရားကိုသာ ဘုရားရှင်ဟောတဲ့အတိုင်းသိခဲ့မယ်ဆိုရင်
ဝန်တိုမှုကင်း သန့်ရှင်းတဲ့စိတ်မွေးကြလိမ့်မယ်။ လှူဒါန်းပူဇော်ကြလိမ့်မယ်။ ဒါနအကျိုးတရားအဖြစ် အရာရာ အဆင်ပြေချောမွေ့ပြီး သေရင်လဲ နတ်ပြည်မှာ ၀န်တိုစိတ်ကင်းခြင်းရဲ့ အကျိုးတရားအဖြစ် နတ်စည်းစိမ်တွေ ခံစားကြရလိမ့်မယ်။ တကယ်လို့သာ  နိဗ္ဗာန်ရည်မှန်းလှူဒါန်းခဲ့မယ်ဆိုရင် အရိယာဖြစ်ကာ ငရဲမီးငြိမ်းကြပေလိမ့်မယ်တဲ့။ ဘုရားရှင်ဟောတဲ့ ဒါနသုတ်ကို မူရင်းအတိုင်းဘာသာပြန်တာပါ။ ဆက်လက်ပြီး လူတိုင်းလူတိုင်း အလှူတစ်ခုခုမပေးနိုင်ရင်လဲ သူများပစ္စည်းကို မခိုးကြဖို့ ဆက်လက်တွေးတောမိပြန်ပါသေးတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အရိုးပုံ

သံသရာခ၇ီးသွားတစ်ယောက်၇ဲ့ အ၇ိုးတွေကို စုပုံထားမယ်ဆိုရင်၊ မပုပ်မသိုးမပျက်မစီးရှိမယ်ဆိုရင်
ဝေပုလ္လတောင်ကြီးလောက်ရှိနိုင်သတဲ့။ တစ်ကမ္ဘာအတွင်းမှာ ၇ရှိခဲ့ ပျက်စီးခဲ့တဲ့ အ၇ိုးတွေတောင်မှ အဲ့လောက်များနေရင်....ကမ္ဘာကုဋေချီပြီး ကျင်လည်ကျက်စားပြေးလွှားခဲ့ရတဲ့ ခရီးကြမ်းကြီးမှာ အရိုးများကလဲ ကမ္ဘာကြီးလောက်ရှိနေမယ်ပေါ့။ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သောတာပန်ဖြစ်ရင်တော့ အလွန်ဆုံး ၇ ဘ၀မျှသာ သံသရာရှိတော့မယ်တဲ့။ မဂ်လမ်းကို ရည်ရွယ်ကာ ကုသိုလ်တရားပွားများဖို့ လိုအပ်နေကြောင်းပါခင်မျာ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Friday, November 2, 2012

ငှက်တေလေ



                                                      

(၁)

နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ရောက်လာ
ပြီးတော့
ပျံထွက်သွားကြတယ်။

သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ကနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။


(၂)
အို.....
လောကရဲ့ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်...
မင်းတို့ရဲ့ ခြေရာကို
ငါ့စကားလုံးလေးတွေအဖြစ်
ထားရစ်ခဲ့ပါ့ကွယ်။


(၃)
လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။


(၄)
ကမ္ဘာမြေ
သူ့အပြံး တဝေေ၀
လုပ်ပေးတာက
သူ့မျက်ရည်စ တွေ။


(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ကနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္ထာရဟာ
တဟုန်းဟုန်း တောက်လောင်နေရတယ်။


(၆)နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့လည်း
မင်းလွဲရပေဦးမယ်။


(ရ)
က´နေတဲ့ ရေပြင်ရယ်....
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကို မေတ္တာရပ်ကြတယ်။
သူတို့ရဲ့ မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။


(၈)
သူ့ရဲ့
 တမ်းတမ်းတတမျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါ ရောက်လာစိုးမိုးနေ။


(၉)
တခါက
အိပ်မက်မက်ခဲ့ရာ
ကိုယ်တို့နှစ်ဦးသား
သူစိမ်းများ။
နိုးလာသောအခါ
ဖက်လှဲတကင်း ဆွေရင်းဘဝ
တွေ့ကြရ။


(၁၀)
ဝမ်းနည်းခြင်းသည်
နှုတ်ဆိတ် သစ်ပင်များကြားရှိ
ညနေခင်းသဖွယ်
ငါ့နှလုံးသား အတွင်း
ငြိမ်းချမ်းခြင်းအဖြစ်
တိတ်ဆိတ်စွာတည်လာ၏။


(၁၁)
မမြင်ရတဲ့ လက်ချောင်းလေးတွေက
ညှင်းသွဲ့သွဲ့ လေပြေလို
ကိုယ့်နှလုံးသားပေါ်မှာ
လှိုင်းပုတ်သံ ဂီတကို တီးခတ်နေကြတယ်။


(၁၂)
``အို... ပင်လယ်
သင့်ဘာသာစကားက ဘာပါလဲ´´
``ထာဝရ ပုစ္ဆာဆိုတဲ့ ဘာသာစကားပါ။´´

``အို...ကောင်းကင်
သင့်အဖြေကရော...
ဘာ  ဘာသာစကားပါလဲ´´
``ထာဝရ  ဆိတ်ငြိမ်ရာဆိုတဲ့ ဘာသာစကားပါ။´´


(၁၃)
ငါ့..နှလုံးသား
နားစွင့်လော့
လောက၏ တီးတိုးစကား။
ယင်းတို့က
သင့်အတွက်ဖန်တီးအံ့
အချစ်တရား။


(၁၄)
ဖန်ဆင်းမှု၏
နက်နဲဆန်းကျယ်ခြင်းကား
ညဥ့်အမှောင်နှင့် ထပ်တူထား
ကြီးကျယ်ခမ်းနားစွ။
အသိဥာဏ်၏လှည့်စားမှုမှာမူ
ဆိုပါစို့ နံနက်ခင်း နှင်းမြူ။


(၁၅)
မြင့်မားသည်ဟု
သင့်အချစ်၏ ထိုင်စရာနေရာ။
မထားလေနှင့်
မတ်စောက်တောင်စွန်းမှာ။


(၁၆)
ယနေ့ နံနက်
ငါ့အိမ် ပြတင်း၌ ထိုင်နေစဉ်
လောကသည်
လမ်းသွားလမ်းလာ တစ်ဦးပမာ
ခဏတဖြုတ်ရပ်
ငါ့အား ခေါင်းငြိမ့်ပြ
ထို့နောက်
ထွက်ခွာသွားလေသည်။

(၁၇)
ဤအတွေးတို့ကား
သစ်ရွက်ခတ်သံများ။
ယင်းတို့သည်
ငါ့စိတ်ထဲတွင်
ယင်းတို့၏ပျော်ရွှင်မှုတီးတိုးစကားကို

ဆိုကြ၏။


(၁၈)
မင်းဘယ်သူဆိုတာ
မင်း မမြင်သာ
မင်းမြင်ရတာ
မင်း အရိပ်ပါ။


(၁၉)
အရှင်
အကျွန်၏ လိုအင်ဆန္ဒတို့ကား
သူရူးများ။
အရှင့်တေးသီချင်းများကို
သူတို့ာကားဖေါက်ဟစ်အော်ကြ၏။
သို့သော်
အကျွန့်အားနားထောင်ခွင့်ပြုစေချ
င်သည်။


(၂၀)
အကောင်းဆုံးကို
ငါကမရွေးချယ်နိုင်။
အကောင်းဆုံးကသာ
ငါ့ကို ရွေးချယ်၏။


(၂၁)
မီးအိမ်ကို
ကျောပေါ်တင်သွားတဲ့သူတွေဟာ
ကိုယ့်အရိပ်ကို
ကိုယ့်ရှေ့ရောက်အောင်  ပို့ကြတယ်။


(၂၂)
ငါဟုတည်ရှိနေသည်ကား
ဘ၀ဆိုသည့်
အတောမသတ် အံ့ဖွယ်တပါး။


(၂၃)
“ငါတို့ဟာ
တသဲသဲလှုပ်နေတဲ့ သစ်ရွက်တွေပဲ
တို့မှာမုန်တိုင်းကို အဖြေပေးဖို့
အသံရှိတယ်
နေပါဦး
တိတ်ချက်သားကောင်းတဲ့မင်းက ဘယ်သူလဲ”

“ကျွန်တော်လား...
ပန်းတစ်ပွင့်ပါဗျာ”


(၂၄)
နားနေမှုသည်
အလုပ်ပေါ်တည်၏။
မျက်ခွံသည်
မျက်လုံးပေါ် တည်သကဲ့သို့တည်း။


(၂၅)
လူသည်
မွေးခါစ ကလေးငယ်ဖြစ်၏။
သူ့ အစွမ်းအစသည်
ကြီးပျင်းမှု၏  အစွမ်းအစသာ။


(၂၆)
ဘုရားသခင်
မျှော်လင့်သည့် အဖြေစကားတို့ကား
အကျွန်ုပ်တို့ထံ ပို့သလိုက်သည့်
ပန်းပွင့်များအကြောင်းသာ။
နေမင်းကြီးအကြောင်း
ကမ္ဘာမြေကြီးအကြောင်း မဟုတ်ပါ။


(၂၇)
စိမ်းစိုစို သစ်ရွက်တွေကြားမှာ
ကိုယ်လုံးတီးကလေးတစ်ယောက်လို
ပျော်ပျော်ပါးပါး ကစားနေတဲ့
အလင်းရောင်ဟာ
လူဆိုတာ
မုသားပြောတတ်မှန်း မသိရှာဘူး။


(၂၈)အို...အလှတရား
သင့်ကိုယ်သင် အချစ်၌ တွေ့အောင်ရှာ။
သင့်မှန်ပြင်၏
အချယ်အမှုန်း၌  မရှာလေနှင့်။


(၂၉)
ငါ့နှလုံးသားသည်
လောကကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခတ်ကာ
“မင်းကို ကိုယ်ချစ်တယ်”
ဆိုသည့်စကားကိုရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏။


(၃၀)
“လမင်း...သင်ဘာလုပ်ဖို့စောင့်
နေတာလဲ”
“အကျွန် လမ်းဖယ်ပေးရမယ့်
နေမင်းကို ဂါရ၀ပြုဖို့ပါ.....”

-----------------            -----------------

(၃၁)
ဆွံ့အကမ္ဘာမြေ၏
ရော်ရမ်းတမ်းတသံအလား
သစ်ပင်များ
ငါ့ပြတင်းဆီ
ထိုးတက်လာကြပြီ။


(၃၂)
ဘုရားသခင်၏
ကိုယ်ပိုင်နံနက်ခင်းတို့ကား
ကိုယ်တော်အရှင်အတွက်
အံ့ချီးဖွယ် အသစ်အသစ်
ဖြစ်ကုန်၏။


(၃၃)
ဘ၀သည်
မိမိ၏ စည်းစိမ်ဥစ္စာကို
လောက၏တောင်းဆိုချက်များကြောင့်
ရရှိပြီး
မိမိ၏ တန်ဘိုးရှိမှုကိုမူ
အချစ်၏တောင်းဆိုချက်များကြောင့်
ရရှိလေသည်။


(၃၄)
ခြောက်ခမ်းသွားသော
မြစ်ကြမ်းပြင်သည်
ယင်း၏ အတိတ်နှင့် ပတ်သက်၍
ကျေးဇူးတရားရှာတွေ့ချေ။


(၃၅)
ငှက်က တိမ်လွှာ ဖြစ်လိုက်ချင်တယ်။
တိမ်လွှာကလည်း ငှက်ဖြစ်လိုက်ချင်တယ်။


(၃၆)
ရေတံခွန်က တေးဆိုသည်။
“ငါ့လွတ်လပ်မှုကို တွေ့သောအခါ
ငါ့သီချင်းကိုတွေ့သည်သာ။”


(၃၇)
ဤနှလုံးသား
တိတ်ဆိတ်မှုဖြင့် ညှိုးဖျော့နေသည်မှာ
အဘယ်ကြောင့်ဟု ငါမပြောတတ်။
စင်စစ်
သူ မတောင်း၊ မသိ၊
မှတ်လည်း မမှတ်မိသည့်
အသေးအဖွဲ လိုအပ်ချက်များကြောင့်သာ။


(၃၈)
အမျိုးသမီး...
အိမ်အလုပ်တို့ဖြင့်
သင် လုပ်ကိုင် လှုပ်ရှားစဉ်
တောင်ကျစမ်းက
တေးဆိုသကဲ့သို့
သင့်ကိုယ်လက် အင်္ဂါတို့လည်း
တေးဆိုကြ၏။


(၃၉)
နေသည်
အနောက်ပင်လယ်ကို
ကျော်ဖြတ်ရန်အသွား
အရှေ့အရပ်ဆီ
သူ၏နောက်ဆုံး ဂါရ၀တရား
ထားရစ်ခဲ့လေသည်။


(၄၀)
ကိုယ့်ဟာကိုယ်
ခံတွင်းပျက်တာ
အစားအစာကို အပြစ်မဆိုရာ



(၄၁)
ကမ္ဘာမြေ၏
တမ်းတမှုနှင့်တူသော
သစ်ပင်များသည်
ကောင်းကင်ဘုံကို ချောင်းကြည့်ရန်
ခြေဖျားထောက်ကြ၏။


(၄၂)
မင်းကပြုံးပြပြီး
ကိုယ့်ကို
ဘာတစ်ခွန်းမှ မပြောခဲ့။
အဲသည်အပြုံးကြောင့်ပဲ
ကိုယ့်မှာအကြာကြီး
စောင့်စားခဲ့ရတယ်လို့
ခံစားမိပါရဲ့။


(၄၃)
ရေထဲကငါးက တိတ်ဆိတ်တယ်။
မြေပေါ်က တိရိစ္ဆာန်က ဆူညံတယ်။
လေထဲက ငှက်က တေးဆိုတယ်။
ဒါပေမဲ့ လူကတော့
ပင်လယ်ရဲ့ တိတ်ဆိတ်မှု
ကမ္ဘာမြေရဲ့ ဆူညံမှုနဲ့
လေထုရဲက ဂီတကို ပိုင်ဆိုင်ထားပါတယ်။


(၄၄)
မခွဲနိုင် မခွာရက်သည့်
နှလုံးသား၏ စောင်းကြိုးများအပေါ်
လောကသည်
အတင်းတိုးဝှေ့ကာ
ပူဆွေးမှုဂီတကို
ဖန်တီးသွားလေသည်။


(၄၅)
အကြင်ပုဂ္ဂိုလ်သည်
မိမိ လက်နက်များကို
နတ်ဘုရားအဖြစ် အားထား၏။
လက်နက်တို့က
အနိုင်ယူသွားသောအခါ
ထိုပုဂ္ဂိုလ်သည်
ကိုယ့်လက်ချက်နှင့်ကိုယ်
ချေမှုန်းခံရ၏။


(၄၆)
ဘုရားသခင်သည်
ဖန်ဆင်းခြင်းဖြင့်သာ
မိမိ ကိုယ်မိမိ
တွေ့ရှိတော်မူ၏။



(၄၇)
အရိပ်ဟာ
သူ့ဇာမျက်နှာဖုံးကိုလှပ်၊
သူ့ အချစ်ရဲ့ နှုတ်ဆိတ်ခြေလှမ်းတွေနဲ့
တိတ်တိတ်ကလေး
အကွယ်အကာ မပါပဲ
အလင်းနောက်ကို
တကောက်ကောက် လိုက်ရှာတယ်။


(၄ဂ)
ကြယ်တို့သည်
ပိုးစုန်းကြူများပမာ
ပေါ်ပေါက်လာရသော်ငြား
စိုးရိမ်ကြောင့်ကြ မဖြစ်ကြချေ။


(၄၉)
အရှင့်အား
အကျွန် ကျေးဇူးဆို၏။
အကျွန်သည်
တန်ခိုးအာဏာ၏
ယန္တရားဘီးမဖြစ်ပဲ
ထိုဘီးဖြင့်
အကြိတ်ခံရသော
သက်ရှိ သတ္တ၀ါတို့အနက်
တစ်ဦးအပါအ၀င် ဖြစ်သောကြောင့်တည်း။


(၅၀)
စိတ်ဆိုတာ
သဘော မပြည့်ရင်သာနေမယ်
ထက်ရှတတ်တယ်။
မလှုပ်ရင်သာနေမယ်
နေရာတကာ ကပ်ညိတတ်တယ်။

(၅၁)
သင့်ဆင်းတုတော်
မြေမှုန့်ထဲတွင်
အပိုင်းပိုင်း ကျိုးကြေနေခြင်းသည်
ဘုရားသခင်၏မြေမှုန့်က
သင့်ဆင်းတုတော်ထက်
ပို၍ မြင့်မြတ်ကြောင်း
သက်သေပြ၏။

(၅၂)
လူဆိုတာ
သူ့သမိုင်းထဲမှာ
သူ့ကိုယ်သူ ပွဲထုတ်ပြလို့မရဘူး။
အဲသည်အထဲကနေ
ရုန်းကန်ပြီးသာ တက်လာရတယ်။


(၅၃)
မှန်မီးအိမ်က မြေမီးခွက်ကို
သူနဲ့ အမျိုးစပ်ရကောင်းလားလို့
ခါးခါးသီးသီး ပြောဆိုနေတုန်း
လ ထွက်လာတာမြင်တော့
မှန်မီးအိမ်က...
``သိပ်ချစ်တယ် မမရယ်´´လို့
ရိုသေကျိုးနွံတဲ့ အပြုံးနဲ့
လမင်းကို လှမ်းခေါ်သတဲ့။


(၅၄)
စင်ရော်နဲ့ လှိုင်းတွေရဲ့
တွေ့ဆုံခြင်းလို
တို့တွေ တွေ့ဆုံကြ
နီးစပ်ခဲ့ကြတယ်။
စင်ရော်တွေထပျံ
လှိုင်းတွေလိမ့်သွားတော့
တို့လည်း ခွဲခွာကြရပေါ့။


(၅၅)
ငါ့ တစ်နေ့တာကုန်ပြီ။
ငါလည်း
ကမ်းစပ်ပေါ်တင်ထားတဲ့လှေလို
ညနေချမ်းမှာ
ဒီရေရဲ့ အကဂီတကို
နားဆင်နေပါပြီ။


(၅၆)
ဘ၀ကို ငါတို့က
ရရှိ ပိုင်ဆိုင်ထားတယ်။
ငါတို့ကဘ၀ကို
ပေးဆပ်ခြင်းနဲ့
အလုပ်အကျွေးပြုရတယ်။


(၅၇)
တို့မှာ
နှိမ့်ချ သီးခံခြင်းတရား
ကြီးကျယ်မြင့်မြတ်လာတာနဲ့ အမျှ
ကြီးကျယ်မြင့်မြတ်ခြင်းတရားနဲ့
အနီးဆုံးကို
တို့ေ၇ာက်တာပဲ။


(၅၈)
စာကလေးက
ဥဒေါင်းငှက်ခမျာ
အမြီးကြောင့် လေးရှာမယ်ဆိုပြီး
စိတ်မကောင်းဖြစ်သတဲ့။


(၅၉)
အခိုက်အတန့်တွေကို
စိုးရိမ်နေစရာ မလိုပါ။
ဒါကြောင့်
ထာဝစဉ်တည်တံ့မယ့် အသံနဲ့သာ
တေးဆိုပါ။


(၆၀)
မုန်တိုင်းသည်
လမ်းမရှိမှုဖြင့်
အတိုဆုံးလမ်းကိုရှာ၏။
ထို့နောက်
နေရာဟု မရှိရာတွင်
ရုတ်တရက် အဆုံးသတ်လိုက်၏။


(၆၁)
သူငယ်ချင်း...
ငါ့ဝိုင်အရက်ကို
ငါ့ခွက်နဲ့ပဲသောက်ပါ။
တစ်ခွက်က တစ်ခွက်ပြောင်းရင်
အရစ်ရစ်ထနေတဲ့ သူ့ အမြုပ်လေးတွေ
ပျောက်ပျက်သွားတတ်လို့ပါ။


(၆၂)
ပြည့်စုံခြင်းက
သူ့ကိုယ်သူ
အလှပြင်လာတာ
မပြည့်စုံခြင်းကို
ချစ်မိလို့ပါ။


(၆၃)
ဘုရားသခင်က
လူကိုမိန့် ဆို၏။
``ငါသည် သင့်အား အနာကျက်စေ၏။
ထို့ကြောင့် သင့်အား အနာတရဖြစ်အောင်ငါပြု၏။
ငါသည် သင့်အား ချစ်မြတ်နိုးပါ၏
ထို့ကြောင့်ပင် သင့်အားအပြစ်ပေးတော်မူ၏။´´


(၆၄)
အလင်းရောင်အတွက်
မီးတောက်ကို ကျေးဇူးတင်ပါ။
ဒါပေမယ့်
မှေင်ရိပ်ထဲမှာ
သည်းခံစိတ်နဲ့
ခိုင်ခိုင်မတ်မတ် ရပ်နေတဲ့
မီးတိုင်က်ုလည်း
မေ့မထားပါနဲ့။


(၆၅)
မြက်ပင်ကလေး
မင်းခြေလှမ်းတွေက သေးကွေး။
ဒါပေမယ့်
ပင်းခြေလှမ်းအောက်မှာ
မင်းပိုင်ဆိုင်ထားပြီလေ
ကမ္ဘာမြေ။


(၆၆)
ပွင့်စ ပန်းကလေးက
အငုံကိုလှပ်ရင်း
မြည်တမ်းတယ်။
``ချစ်တဲ့ ကမ္ဘာလောကရယ်
တဆိတ် ပျေက်ကွယ်မသွားပါနဲ့ကွယ်။´´


(၆၇)
ဘုရားသခင်သည်
ကြီးကျယ်သည့် မင်းနေပြည်တို့ကို
ပင်ပမ်းငြီးငွေ့တော်မူသော်လည်း
ပန်ကလေးများကို
ပင်ပမ်းငြီးငွေ့သည်မရှိ။


(၆၈)
အမှားက
အရှုံးမခံရဲဘူး
အမှန်ကခံရဲတယ်။


(၆၉)
ရေတံခွန်ကတေးဆိုတယ်
``ရေဆာသူအဖို့
အနည်းအကျဉ်းဆို
လုံလောက်မှန်းသိပေမယ့်
ငါကတော့
ငါ့ရှိသမျှရေတွေအကုန်
အားရ၀မ်းသာ ပေးလိုက်ပါတယ်။´´


(၇၀)
သည်ပန်းတွေကို
ရွှင်မြူးအားရနဲ့
မနားတမ်း ပွင့်ဝေလာအောင်
မှုတ်တင်လိုက်တဲ့ရေတိုင်ဟာ
ဘယ်မှာရှိပါလိမ့်။




(၇၁)
သစ်ခုတ်သမားရဲ့ ပုဆိန်က
သူ့လက်ကိုင်ရိုးလုပ်ဖို့
သစ်ပင်ဆီမှာ တောင်းရမ်းတယ်
သစ်ပင်က ပေးလိုက်ပါတယ်။

(၇၂)
ငါ့နှလုံးသား၏
အထီးကျန်မှုတွင်
မိုးနှင့်မြူ ဇာမျက်နှာဖုံးအုပ်
ဤမုဆိုးမ ညနေခင်း၏
သက်ပြင်းချသံကို
ငါခံစားရ၏။


(၇၃)
ကံသုံးပါး စင်ကြယ်မှုဆိုသည်မှာ
မေတ္တာအဆောက်အဦမှ ဖြစ်လာသည့်
စည်းစိမ်ဥစ္စာ။


(၇၄)
မြူငွေ့သည် ချစ်ခြင်းနှင့်တူ၏
တောင်ကုန်းတို့ အချက်အချာ၌
ဆော့ကစားပြီး
အလှတရား၏ အံ့သြစရာများကို
ထုတ်ဖေါ်ပြသ၏။

(၇၅)
ကျုပ်တို့က
လောကကြီးကို မှားဖတ်ပြီး
ကျုပ်တို့ကို
လောကကြီးက လှည့်စားတာပါလို့
ပြောကြတယ်။
(အိန္ဒိယကဗျာဆရာကြီးတဂိုးလ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Wednesday, October 31, 2012

စေတီ (သို့မဟုတ်) ထူပ တည်ထားကိုးကွယ်ခြင်း





တောတောင်သစ်ပင်အာရာမ်တို့ကို ကိုးကွယ်နေသည့်
အဂ္ဂိဒတ္တရသေ့ကြီးနှင့် တပည့် တစ်သောင်းကျော်အား ဘုရားရှင်ဟောတော်မူခဲ့သော တရားမှာ ကိုးကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်အဖြစ် လူတိုင်း မှတ်သားလိုက်နာသင့်သော တရားတစ်ပုဒ်ဖြစ်သည်။ ဘုရားရှင်က
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
လူတို့သည် ကြောက်ရွံ့ထိတ်လန့်မှုများစွာကြောင့် တောင်များ တောများ အာရာမ်ခြံများ သစ်ပင်များ စေတီနတ်ကွန်းများကို ကိုးကွယ်နေကြသည်။
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤသို့သစ်ပင်တောတောင်စသည်ကို ကိုးကွယ်ခြင်းသည် ဘေးကင်းကြောင်းမဟုတ်။ မြတ်သောကိုးကွယ်ခြင်းမဟုတ်။ ဤကိုးကွယ်ခြင်းကို အကြောင်းပြု၍ ဒုက္ခအားလုံးမှ မလွတ်မြောက်နိုင်။
ယော စ ဗုဒဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ
အရိယံ စဋ္ဌင်္ဂိကံ ဂ္ဂ၊ ဒုက္ခူပသမဂါမိနံ။
အကြင်သူသည် ဘုရားတရားသံဃာ ရတနာသုံးပါးကို ကိုးကွယ်၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ ဒုက္ခငြိမ်းရာ
နိဗ္ဗူတာသို့ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးတည်းဟူသော မဂ္ဂသစ္စာ ဤသစ္စာလေးပါးကို မဂ်ဥာဏ်ဖြင့် ကောင်းစွာ သိမြင်၏။
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤရတနာသုံးပါးကိုးကွယ်ခြင်း သစ္စာလေးပါးသိမြင်ခြင်းဟူသော ကိုးကွယ်ခြင်းသည် ဘေးကင်းကြောင်းတည်း။ အမြတ်ဆုံးတည်း။ ဤကိုးကွယ်ခြင်းကြောင့် ဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။
ဒေသနာတော်အဆုံး၌ ရသေ့ကြီးနှင့် တပည့်တစ်သောင်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်အတူ အရဟတ္တဖိုလ်ပေါက်ကာ ရဟန္တာဖြစ်သွားကြလေကုန်၏။
ဤဒေသနာတော်အရ အကြောက်တရားမှ လွတ်မြောက်လိုသောစိတ်ကြောင့် ကိုးကွယ်ရာအမျိုးမျိုးဖြစ်ပွားလာခြင်းကို တွေ့ရ၏။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေဘာယန္တိ မစ္စုနော ဒေသနာတော်အရ သတ္တ၀ါတိုင်း ဘေးဒဏ်များကို ကြောက်ကြသည်။ သေရမှာ ကြောက်လန့်ကြသည်ချည်းဖြစ်၏။ ထို့အတူ သတ္တ၀ါတိုင်း ချမ်းသာသုခကို လိုလားကြသည်ချည်းဖြစ်၏။ ထို့ကြောင့်ပင် ဘုရားရှင်က သုခကာမာနိ ဘူတာနိ= သတ္တ၀ါတိုင်း ချမ်းသာချင်ကြပေသည်ဟု ဟောကြားခဲ့ခြင်းဖြစ်၏။ ကြောက်ရွံ့သောအခါ အားကိုးရာရှာကြလေသည်။ ချမ်းသာချင်သောကြောင့် အကူအညီပေးမည့်သူ ကယ်တင်မည့်သူများကို ရှာဖွေကြရလေသည်။ ထိုအခါ ကိုးကွယ်ရာအမျိုးမျိုး အားထားရာအဖုံဖုံ ပေါ်ပေါက်၍ လာလေသည်။ တောတောင်များ သစ်ပင်အာရာမ်များ နတ်ကွန်းများကို ကိုးကွယ်လေ့ရှိကြောင်းကို အထက်ပါ ဓမ္မပဒဂါထာအရ သိရှိနိုင်ပါသည်။ သက်ရှိ သက်မဲ့ တန်ခိုးရှင်များစွာကို စိတ်ဖြင့်ဖန်တီးကာ ကိုးကွယ်မိကြလေသည်။ ဒေါသအကြောက်တရား၊ လောဘအမိုက်အမှားများ၏ ကျေးကျွန်ဘ၀မှ စိတ်ဖြင့်ဖန်တီးထားသော သက်ရှိသက်မဲ့ကိုးကွယ်ရာများ၏ ကျေးကျွန်ဘ၀သို့ ရောက်ကြရပေသည်။
ဘုရားရှင်အလိုတော်အားဖြင့် အတ္တဒီပ=မိမိသီလသမာဓိပညာတရားများကို အားကိုးရန်၊ ဓမ္မဒီပ=မိမိအသိ အကျင့်ဓမ္မများကို ကိုးကွယ်ရန် သုတ်တော်ပေါင်းများစွာဖြင့် ဟောကြားတော်မူသည်ကို များပြားစွာတွေ့မြင်နိုင်ပါသည်။
ဤနေရာ၌ ပြောလိုသည်မှာ စေတီဟူသောစကားဖြစ်၏။ စေတီဟူသည် စေတိတဗ္ဗံ ပူဇေတဗ္ဗံ ဟူသော ၀စနတ္ထအရ လေးစားထိုက် ပူဇော်ထိုက်သော အရာဝတ္ထုကို ဆိုလိုသည်။ ဘုရားရှင်လက်ထက်တော်အခါက လူအများသည် နတ်ကွန်းများတည်ဆောက်ကာ စာပါလစေတီ ဥဒေနစေတီ ဂေါတမကစေတီ စသည်ဖြင့် နတ်ကွန်းများစွာကို စေတီအမည်ပေးကာ ကိုးကွယ်ခဲ့ကြကြောင်းကို မဟာပရိနိဗ္ဗာနသုတ်အရ သိရသည်။ သာမညဖလသုတ်အဋ္ဌကထာစသည်၌လည်း ဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာစေတီများကို စေတီဟုသုံးနှုန်းထားသည်ကို တွေ့ရသည်။ ပိဋကတ်တော်များ၌ကား စေတီဟူသော စကားနည်းတူ ထူပဟူသော စကားကိုလည်း သုံးနှုန်းထားကြောင်း တွေ့ရှိနိုင်ပေသည်။
နိဓိကဏ္ဍသုတ်တော်မှာကား
စေတိယမှိ စ သံဃေ ၀ါ၊ ပုဂ္ဂလေ အတိထီသု ၀ါ
မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ
စေတီတော်၊ သံဃာတော်၊ ပုဂ္ဂိုလ် တစ်ယောက်ယောက်၊ ဧည့်သည်၊ မိဘ အကိုကြီးအမကြီး စသည်တို့အား ပူဇော်လှူဒါန်းလျှင် ရွှေအိုးမြုပ်နှံသည်နှင့် တူကြောင်း ဟောမိန့်ထားသည်။ ဤအဋ္ဌကထာအဖွင့်မှာကား ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုကစေတီဟု စေတီသုံးမျိုးဖော်ပြထားသည်။ သရီရစေတီကိုပင် ဓာတုကစေတီဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။
ကဿပဒသဗလစေတိယ၀တ္ထုမှာကား စေတီဟူသောစကားကို သုံးထားသည်ကို တွေ့ရပြီး မဟာပရိနိဗ္ဗာနသုတ်တော်မှာတော့ ထူပဟူသော စကားကို တွေ့ရှိနိုင်ပေသည်။ ထိုအကြောင်းအရာများကို ဖတ်ရှုနိုင်ရန် လိုရင်းတိုရှင်းရေးသားပေမည်။
ဘုရားရှင် သံဃာများစွာ ခြံရံတော်မူလျက် သာဝတ္ထိမြို့တော်မှ အစဉ်အတိုင်း ဗာရာဏသီမြို့ဆီသို့ ဒေသစာရီကြွတော်မူရာ လမ်းခရီးအကြား၌ တောဒေယျရွာအနီးရှိ တစ်ခုသောနတ်ကွန်းသို့ ရောက်တော်မူ၏။ ဘုရားရှင်သည် လယ်ထွန်နေသော ပုဏ္ဏားတစ်ယောကို အရှင်အာနန္ဒာအား အခေါ်ခိုင်း၏။ ရောက်လာသော ပုဏ္ဏားသည် ဘုရားရှင်အားရှိမခိုးဘဲ နတ်ကွန်းကိုသာ ရှိခိုးလေ၏။ ဘုရားရှင်က မေးမြန်းတော်မူသောအခါ ရိုးရာစဉ်ဆက် စေတီတည်ရာဖြစ်သောကြောင့် ရှိခိုးရကြောင်းလျောက်ထားလေ၏။ ဘုရားရှင်က ဤနေရာသည် ကဿပဘုရားရှင်၏ ဓာတ်တော်မွေတော်ထားကိန်းဝပ်တော်မူရာ စေတီနေရာဟောင်းဖြစ်ကြောင်း ရှိခိုးပူဇော်မှုပြုသင့်ကြောင့် မိန့်ကြားတော်မူကာ ဃဋိကာရသုတ်တော်ကို ဟောကြားတော်မူသည်။ တန်ခိုးဖြင့်လည်း တစ်ယူဇနာအမြင့်ရှိသော ရွှေစေတီဖန်ဆင်းတော်မူကာ စေတီတည်ကာ ပူဇော်ထိုက်သော ပုဂိုလ် လေးမျိုးကို ဟောကြားတော်မူသည်။ သရီရစေတီ(ဓာတ်တော်မွေတော်များကို ဌပနာထားသောစေတီ) ဥဒ္ဒိဿစေတီ(ဘုရားရှင်အားရည်စူးမှန်းထားကာ တည်ထားကိုးကွယ်သောစေတီ) ပရိဘောဂစေတီ(ဘုရားရှင်၏ အသုံးအဆောင်တော်များကို ဌပနာထားကာ တည်ထားကိုးကွယ်ပူဇော်ထားသော စေတီ)ဟူသော စေတီ သုံးမျိုးကိုလည်းဟောကြားတော်မူသည်။ ဒေသနာတော်တရားအနေဖြင့် အောက်ပါဂါထာဒေသနာတော်ကိုလည်း ဆက်လက်ဟောကြားတော်မူခဲ့လေသည်။
ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေ ယဒိဝ သာဝကေ
ပပဉ္စသမတိက္ကန္တေ၊ တိဏ္ဏသောကပရိဒ္ဒဝေ။
တဏှာမာနဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရား ပပဉ္စတရားများကို လွန်မြောက်တော်မူပြီးသော သောကမျက်ရည်ကို ကျော်လွှားတော်မူပြီးသော ဘုရားရှင်နှင့်သာဝကများကို ပူဇော်ကြရမည်။
တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ
န သက္ကာ ပုညံ သင်္ခါတုံ၊ က္ကမေတ္တမပိ ကေနစိ
ကိလေသာမီးတောက်မီးလျှံများ ငြိမ်းတော်မူပြီးသော ဘ၀ကြောင့်ဖြစ်သောဘေး အာရုံကြောင့်ဖြစ်သောဘေးအားလုံး ကင်းဝေးတော်မူပြီးသော ဘုရားရဟန္တာများအား ပူဇော်ရသောကောင်းမှုကို ဤ၍ဤမျှဟု မည်သူမှ မရေတွက်နိုင်ပေ။ ထိုကောင်းမှု၏ အကျိုးတရားကိုလည်း မည်သူမျှ မရေတွက်နိုင်ပေ။
ဤဒေသနာတော်အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပန်အရိယာဖြစ်သွားသည်။ တစ်ယူဇနာရှိသော ရွှေစေတီတော်သည် ၇ ရက်တိုင်တိုင် ကောင်းကင်မှာ တည်ရှိကာ လူအများတို့က အမျိုးမျိုးသော ပူဇော်မှုတို့ဖြင့် ပူဇော်ကြလေသည်။ ရွှေစေတီကွယ်ပျောက်သောအခါ ထိုနေရာ၌ ကျောက်သားစေတီတော် ပေါ်ထွန်းလာလေသည်။ ထိုအစည်းအဝေး၌ ရှစ်သောင်းလေးထောင်သော သတ္တ၀ါတို့ တရားထူးရ ကျွတ်တမ်းဝင်ကြလေသည်။
မဟာကဿပထေရာပဒါန်မှာလည်း ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံသောအခါ စေတီတည်ထားကိုးကွယ်ခဲ့ကြကြောင်းကို သကံ စိတ္တံ ပသာဒေတွာ၊ စေတိယံ ပူဇယုတ္တမံ စသည်ဖြင့် တွေ့ရှိရသေးသည်။
လကုဏ္ဍကဘဒ္ဒိယထေရာပဒါန်မှာကား ကဿပဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံသောအခါ တစ်ယူဇနာအမြင့်ရှိသော ရတနာ ၇ပါးအတိပြီးသော စေတီတော်တည်ထားကိုးကွယ်ခဲ့ကြောင်း ပါရှိပြန်သည်။
အာယုသင်္ခါရောဿဇနသုတ်အဋ္ဌကထာစကားအရ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်တို့ ပရိနိဗ္ဗာန်စံသောအခါ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို စေတီတည်ထားပူဇော်ကြရန် ဘုရားရှင် မိန့်တော်မူကြောင်း သိရှိရပေသည်။
ပူတိဂတ္တတိဿမထေရ် ပရိနိဗ္ဗာန်စံသောအခါ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို စေတီတည်ထားပူဇော်ရန် ဘုရားရှင်မိန့်ကြားတော်မူကြောင်းကို ဓမ္မပဒအဋ္ဌကထာ၌ တွေ့ရသည်။
မိလိန္ဒပဥှာပါဠိတော်မှာလည်း ယောဂီသူတော်စင်သည် စေတီတော်ကို ရှိခိုးပူဇော်ကာ ကိုယ့်ကမ္မဌာန်းတရားကို အားထုတ်ရမည်ဟု လာရှိသည်။
တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ
သက်တော်ထင်ရှားမြတ်ဘုရားနှင့် ပရိနိဗ္ဗာန်စံတော်မူပြီးသောဘုရားရှင်တို့အား သဒ္ဓါပညာတူမျှ စိတ်ထားစေတနာကြီးမားစွာ ထားကာ ပူဇော်လျှင် အကျိုးတူညီစွာရရှိနိုင်သည်။ စိတ်ထားဖြူစင် စေတနာကြီးမားလျှင် နတ်ရွာနိဗ္ဗာန်ရကြောင်းဖြစ်သည်ဟု ခုဒ္ဒကနိကာယ်၊၀ိမာန၀တ္ထု၌ လာရှိသည်။ အထက်ပါ အချက်အလက်တို့အရ ဘုရားရှင်အား ရည်စူးမှန်းထားကိုးကွယ်စရာအဖြစ် တည်ထားသော စေတီများကို စေတီဟုသုံးနှုန်းဖော်ပြလေ့ရှိကြောင်း သိရှိရသည်။
ဟေမ၀တသုတ်အဋ္ဌကထာ၌ကား သက်တော်ရှည်လျားသော ဘုရားရှင်တို့၏ ဓာတ်တော်များမှာ တစ်ပေါင်းတည်း တည်ရှိ၍ သက်တော်တိုလျသော ဘုရားရှင်တို့၏ ဓာတ်တော်များမှာ အစိတ်အစိတ်အမွှာအမွှာကွဲကာ တည်ရှိကြကြောင်းပါရှိသည်။ ထိုသို့ အစိတ်အမွှာများစွာဖြစ်ပါမှလည်း နေရာများစွာ၌ တည်ရှိနိုင်မည်ဖြစ်ကာ လူနတ်များစွာ ပူဇော်နိုင်မည်ဖြစ်သည်။
ဝိမာန၀တ္ထု၌ ဗုဒ္ဓစေတီတော်မြတ်များအား ပူဇော်ကာ ကမ္ဘာပေါင်းများစွာ အပါယ်မကျဘဲ လူနတ်စည်းစိမ်ခံစားကာ ဤဂေါတမဘုရားလက်ထက်တော်မှာ အရိယာသူတော်စင်များဖြစ်သွားကြသည်ကို ၀တ္ထုပေါင်းများစွာဖြင့် ဖွင့်ဆိုထားပါသည်။
မဟာပရိနိဗ္ဗာနသုတ်တော်မှာကား ဘုရားရှင်သည် အရှင်အာနန္ဒာအား ကိုယ်တော်မြတ်ပရိနိဗ္ဗာန်စံတော်မူလေလျှင် ကြွင်းကျန်ရစ်သော ဓာတ်တော်များကို လမ်းဆုံလမ်းမတို့၌ ထူပ=စေတီတော်တည်ထားကိုးကွယ်ရန် အမိန့်ရှိသည်ကို အောက်ပါအတိုင်း တွေ့ရသည်။
စာတုမဟာပထေ တထာဂတဿ ထူပေါ ကာတဗ္ဗော။ တတ္ထ ယေ မာလံ ၀ါ ဂနံ္ဓ ၀ါ စုဏ္ဏကံ ၀ါ အာရောပေဿန္တိ ၀ါ အဘိဝါဒေဿန္တိ ၀ါ စိတ္တံ ၀ါ ပသာဒေဿန္တိ၊  တေသံ တံ ဘ၀ိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယ။
အာနန္ဒာ…လမ်းဆုံးလမ်းမတွေမှာ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို စေတီတည်ထားပေးပါ။ ထိုစေတီတော်မှာ ပန်းတွေ တင်လှူပူဇော်သော နံ့သာတုံးများတင်လှူပူဇော်သော နံ့သာမှုန့်များ ကြဲဖျန်းပူဇော်သော သူတွေရှိမည်။ စေတီတော်ကို ရှိခိုးသူများရှိမည်။ ဘုရားဂုဏ်တော် ထုံမွှန်းကာ ကြည်ညိုသူများရှိမည်။ ထိုသူများသည် ရှည်စွာသော နေ့ညပတ်လုံး ကောင်းကျိုးစီးပွားဖြစ်မည်။ ချမ်းသာသုခရကြလိမ့်မည်။
ဤတရားတော်အရ ဘုရားရှင်သည် ကိုယ်တော်မြတ်၏ ဓာတ်တော်များကို စေတီတည်ထားပူဇော်ရန် ပစ္စပ္ပန် သံသရာချမ်းသာသုခရရှိရန်အတွက် သတ္တ၀ါတိုင်းက စေတီတော်မြတ်အား တတ်စွမ်းသမျှ ပူဇော်ပသရန် ဘုရားဂုဏ်တော်ပွားများရန် တိုက်တွန်းတော်မူထားသည်ကို တွေ့မြင်နိုင်ပါသည်။
ဆက်လက်ပြီး ဘုရားရှင်သည်
သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓ ဘုရားရှင်၊ ဗုဒ္ဓ သာဝကပုဂ္ဂိုလ်ထူးနှင့် စကြာမင်းတည်းဟူသော စေတီတည်ထားပူဇော်ထိုက်သော ပုဂ္ဂိုလ် လေးမျိုးကို ဟောကြားတော်မူပါသည်။ စေတီတည်ထားပူဇော်ကာ သူတော်ကောင်းကြီးများ၏ ဂုဏ်တော်ကျေးဇူးတော်များကိုအောက်မေ့ခြင်း သူတော်ကောင်းတရားများကို လိုက်နာကျင့်သုံးခြင်းများပြုကြရန် တိုက်တွန်းတော်မူပါသည်။ ထိုသို့လိုက်နာကျင့်သုံးလျှင် လူနတ်နိဗာန်ချမ်းသာစံရမည်ဖြစ်ကြောင်း လေ့လာဖတ်ရှုရပေသည်။


>>>ဆက်လက်ဖတ်ရှုရန်>>> >>