Friday, May 10, 2013

ဒါန

လူတစ်ချို့က ဒါနကို အထင်သေးကြသတဲ့။ သီလကို အောက်တန်းစားလို့ထင်မှတ်ကြသတဲ့။ သမထဘာဝနာကို ဘုရားဟောမဟုတ်သလို ပြောဆိုနေကြသတဲ့။ တကယ်တော့ ဒါနဆိုတာ ဘုရားအလောင်းတော်တို့ ဖြည့်ကျင့်ဆည်းပူးရတဲ့ ပါရမီတော်ဆယ်ပါးမှာ ပထမဆုံးကျင့်စဉ်တော်မြတ်ဖြစ်ပါတယ်။ စေတနာများရင် အကျိုးပေးများပြီး ဥာဏ်ပါတဲ့စေတနာဆိုရင် ဥာဏ်ပါတဲ့ အကျိုးတွေ ပေးပါတယ်။ ဘုရားလက်ထက်တော်တုန်းက အရှင်မဟာမောဂ်ဂလာန်မထေရ်က နတ်ပြည်တက်ပြီး နတ်သားနတ်သမီးတွေကို သူတို့ရဲ့ ရှေးကုသိုလ်တွေမေးတော့ ဒေါသမထွက်အောင်ထိမ်းခဲ့လို့၊ ကြံတစ်ချောင်းလှူခဲ့လို့၊ တည်သီးတစ်လုံးလှူခဲ့လို့၊ သခွါးသီးတစ်လုံးလှူခဲ့လို့၊ ဖက်သက်သီးတစ်လုံးလှူခဲ့လို့၊ တမာရွက်တစ်ဆုပ်လှူခဲ့လို့ နတ်ပြည်ရောက်ပါတယ်လို့ ဖြေကြသတဲ့။ လှူဖွယ်ဝတ္ထုရှိတာလေးတွေကို အလှူခံတွေနဲ့ တွေ့ကြုံလာရင် တတ်စွမ်းသမျှ စေတနာဗရဗွနဲ့ လှူဒါန်းပူဇော်ကြမယ်ဆိုရင် လောဘကိလေသာကို သတ်ပြီးသားဖြစ်သလို သံသရာခရီးအတွက်လဲ အထောက်အပံ့ကောင်းတွေ အများကြီးရမှာပါ။ ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏိနံ= ကုသိုလ်ကောင်းမှုဆိုတာ သံသရာခရီးသွားတွေအတွက် ထောက်တည်မှီခိုအားထားရာအစစ်ဖြစ်တယ်လို့ ဘုရားရှင်ဟောထားတာရှိတယ်မို့လား။ ဒီဘ၀ဖြစ်စဉ်တွေကြည့်ပြီးတော့ ဘ၀ဆက်တိုင်း မီလျံနာ ဘီလျံနာ ထရီလျံနာဖြစ်အောင်၊ မီလျံနာ ဘီလျံနာ ထရီလျံနာဖြစ်ပြီးတော့ လောကကောင်းကျိုး အမျိုးချမ်းသာရေး ပေးလှူထောက်ပံ့ပူဇော်နိုင်တဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ဖို့အတွက် တစ်ယာကွမ်းဆေး ရေအေးတစ်ခွက် ဆီတစ်စက်နှင့် လက်ဖက်တရိုး ကြံတချိုးမျှ မြတ်နိုးကြည်ဖြူ ဥာဏ်ပါတဲ့စေတနာထားပြီး အမြဲလှူဒါန်းနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါကြောင်း

No comments:

Post a Comment