Friday, May 10, 2013

ကံ

ကံအကြောင်းကို လူတွေက နားလည်တယ် လွယ်တယ်လို့ ထင်နေကြတာရှိပါတယ်။ ဘယ်လိုကံတွေက ဖြစ်စေခြင်း ထောက်ပံ့ခြင်း နှိပ်စက်ခြင်း သတ်ဖြတ်ခြင်း ကိစ္စများကို လုပ်နေတယ်ဆိုတဲ့ ကံရဲ့ ကိစ္စလေးမျိုးကို သိနားလည်ဖို့ ခက်ခဲပါတယ်။ သတ္တ၀ါတစ်ယောက်မှာ ကံလေးမျိုးရှိရင် သေတဲ့အခါမှာ ဂရုကကံ အကျိုးပေးလှည့်ရောက်တယ်။ ဂရုကကံမရှိရင် အာသန္နကံ၊ အဲ့ဒါမရှိရင် အာစိဏ်ဏကံ၊ အဲ့ဒါ မရှိရင် ကဋတ္တာကံအကျိုးပေးလှည့်ရောက်တယ်။ ဒီလိုအကျိုးပေးအလှည့်အစဉ်အားဖြင့် ကံလေးမျိုးသဘောတရားကိုလဲ သိနားလည်ဖို့ ခက်ခဲပါတယ်။ အကျိုးပေးရာကာလအနေနဲ့လဲ ဒီဘ၀အကျိုးပေး၊ နောက်ဘ၀၊ တတိယဘ၀မှ နိဗ်ဗာန်ရသည့်အချိန်ထိ၊ ပြီးတော့ လုံးဝအကျိုးမပေးသောကံရယ်လို့ အကျိုးပေးရာကာလနှင့်ပတ်သက်ပြီး ကံလေးမျိုးသဘောတရားမှာလဲ သိနားလည်ဖို့ ခက်ခဲပြန်ပါတယ်။ အကုသိုလ်ကံ၊ ကာမ၀စရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံရယ်လို့ အကျိုးပေးရာဘုံဌာနနဲ့ပတ်သက်ပြီးလဲ ဘယ်သူတွေများ ဘယ်လောက်သိပါသလဲ။ လက်ရှိရနေတဲ့ ခန်ဓာကိုယ်နဲ့ တွေ့ကြုံခံစားနေရတဲ့ အကောင်းအဆိုးအကျိုးမျိုးစုံကိုကော ဘယ်ဘ၀က ပြုခဲ့တဲ့ ဘယ်လိုကံတွေက ဘယ်လိုအကျိုးပေးနေတယ် ဘယ်လိုအကျိုးပေးအုံးမယ် အကျိုးမပေးတော့ဘူးဆိုတာကော ဘယ်ရွှေဥာဏ်ရှင်ကများ အတိအကျသိပါသလဲ။ ဒီနေ့လုပ်တဲ့ ကုသိုလ်အကုသိုလ်ကံတွေဟာ ဘယ်လောက်ရှိတယ်၊ ဘယ်အချိန် ဘယ်ဘ၀ ဘယ်ဘုံမှာ အကျိုးပေးမယ် အကျိုးမပေးဘူးဆိုတာကော သိကြပါရဲ့လားခင်များ။ ဒါကြောင့်မို့ ဘုရားရှင်ရဲ့ ပြိုင်ဘက်ကင်းမဟာဥာဏ်တော်မှာ အတိတ်အနာဂတ်ပစ္စပ္ပန်ကံတွေရဲ့ အကျိုးပေးပုံမျိုးစုံကို အမှန်အတိုင်းသိတယ်ဆိုပြီး မဟာဥာဏ်တော်တစ်ပါးအဖြစ်ပူဇော်ရတာပါ။ တကယ်တော့ ကံအကြောင်းကို ဘုရားရှင်ပဲ အကုန်သိ အမှန်သိနိုင်တာကလား။ခက်ခဲနက်နဲသော မြတ်ဓမ္မများကို မထေမဲ့မြင်မပြုမိကြဖို့ မေတ္တာရပ်ခံလိုက်ရပါကြောင်းပါခင်များ။

No comments:

Post a Comment