Monday, November 7, 2011

အရှင်နာဂသေန၏ တရားတော်များ(၁)


အရှင်နာဂသေနမိန့်ကြားခဲ့သောတရားတစ်ချို့ကမိမိစိတ်ထဲမကြာမကြာလမ်းလျှောက်ဝင်လာတတ်သည်။ မထေရ်မြတ်မိန့်ကြားခဲ့သောတရားစကားများမှာအမျိုးအစားစုံလင်လှသည်။ ထိုအထဲမှ မြည်းတစ်ကောင်အကြောင်းမှာ အိပ်ရေးမက်သောမိမိအတွက်ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။ မြည်းဆိုသော သတ္တဝါမှာ အမှိုက်ပုံ၊လမ်းဆုံလမ်းမ၊ လမ်းလေးခွ၊ ဖွဲပုံ၊ ကောက်ရိုးပုံစသည်ဖြင့် မည်သည့်နေရာမှာပဲ အိပ်အိပ် အကြာကြီးအိပ်လေ့မရှိဘူးတဲ့။ ထို့အတူ တရားအားထုတ်သူယောဂီသူတော်စင်ဟာလည်း မြက်အခင်းပေါ်မှာ၊ သစ်ရွက်အခင်းပေါ်မှာ၊ ညောင်းစောင်းကုတင်ပေါ်မှာ၊ မြေပေါ်မှာ သားရေနွယ်ခင်းပြီးတော့ နည်းနည်းပဲအိပ်ရမယ်၊ အအိပ်မကြူးမရဘူးတဲ့။ ဘုရားရှင်ကလည်း တစ်နေရာမှာ ”ငါဘုရားရဲ့ တပည့်သာဝကတွေဟာ အခုအခါမှာ သစ်သားခေါင်းအုံးပဲ အုန်းပြီး တရားကိုပဲ အပြင်းအထန်အားထုတ်နေကြတယ်၊ တရားသတိ အပြည့်ရှိကြတယ်၊ ကိလေသာအစိုဓာတ်ကို ခြောက်ခန်းအောင် လုပ်နေကြတယ်“ဟု ဟောတော်မူထားပါသတဲ့။ အရှင်သာရိပုတ္တရာမထေရ်ကတော့ ”တင်ပလ္လင်ခွေထိုင်နေပြီး ဒူးပေါ်မှာပဲ အနားယူမယ်။ သို့ကလောက်အနားယူရုံဖြင့် နိဗ္ဗာန်ခရီးသွားနေသော ရဟန်းတစ်ပါးအနေနှင့် တော်လောက်ပါပြီ“ ဟု မိန့်ကြားခဲ့ပါသတဲ့။ အထက်ပါ မြည်းသတ္တဝါအကြောင်း၊ ဘုရားရှင်၏စကားတော်နှင့် အရှင်သာရိပုတ္တရာမထေရ်မိန့်ကြားသော စကားများမှာ မိလိန္ဒမင်းကြီးအား အရှင်နာဂသေနမထေရ် ဟောကြားခဲ့သော အရာများဖြစ်သည်။ စာသင်ရင်း ခရီးသွားရင်း အလုပ်လုပ်ရင်း မကြာမကြာ အိပ်နေတတ်သော မိမိအတွက် သတိထားစရာဖြစ်သည်။ ဘဝ၏ တန်ဖိုးရှိသော အချိန်တော်တော်များများကို အအိပ်ဖြင့် ကုန်ဆုံးခဲ့သော မိမိမှာ မြည်းတစ်ကောင်ကြောင့် နိုးကြားတတ်နေပြီဖြစ်သည်။

နောက်ထပ် ဥပမာများစွာဖြင့် အရှင်နာဂသေနမထေရ်က ဟောကြားတော်မူပါသေးသည်။ ထိုအထဲမှ ရှဥ့်တစ်ကောင်အကြောင်းမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ရှဥ့်ဆိုတာ ရန်သူလာရင် သူ့အမြှီးကို ခါပြီး ပိုကြီးအောင်လုပ်၍ တင်းပုတ်အဖြစ် အသုံးချကာကွယ်သလို တရားရှာသူယောဂီသူတော်စင်ဟာလည်း ကိလေသာရန်သူဝင်လာလျှင် သတိပဌာန်တင်းပုတ်ကို ခါပြီး ကိလေသာရန်သူကို ကာကွယ်သတ်ဖြတ်သည်တဲ့။ သတိဟာ ရန်သူအားလုံးကို ကာကွယ်တဲ့ လက်နက်ကောင်းဖြစ်သည်။ ပြဿနာအရပ်ရပ်ဖြစ်လာတိုင်း သတိထားပြီး ဖြေရှင်းဖို့လိုသည်။ စဉ်းစားဥာဏ်နှင့်နည်းပညာသုံးဖို့လိုသည်။ မဟုတ်လျှင် ပြဿနာပိုမိုကြီးထွားလာတတ်သည်။ ဖြေရှင်းရာမရောက်ဘဲ သေတွင်းတူးရာရောက်တတ်သည်။ ရှဉ့်တစ်ကောင်ဆီမှလည်း သင်ယူတတ်လျှင် သင်ခန်းစာရနိုင်သည်။ သတိအားကောင်းအောင် လေ့ကျင့်ထားဖို့ လိုအပ်ပါသည်။ ဥာဏ်ဓားထက်အောင် သွေးနေဖို့လည်း လိုအပ်ပါသည်။ နည်းပညာကျွမ်းကျင်ထားဖို့လည်း သင်ယူထားရပါမည်။ သတိလစ်မေ့မျောနေလျှင်လူသေလိုမသေမရှင်အဖြစ်မျိုးကြုံရတတ်ပါသည်။

နောက်ထပ် သတ္တဝါတစ်ကောင်မှာ ကျားသစ်မဖြစ်သည်။ ကျားသစ်မသည် တစ်ကြိမ်သာ ကိုယ်ဝန်ယူရိုးရှိသည်။ ကျားသစ်မထုံး နှလုံးမူပြီး တရားရှာသူယောဂီသူတော်စင်သည် ”ဒီသံသရာ ဒီခန္ဓာနောက်ဆုံးဖြစ်စေရမည်၊ အနာဂတ်သံသရာမရှိစေရတော”့ ဟု စိတ်နှလုံးဒုံးဒုံးချကာ တရားအားထုတ်ရမည်တဲ့။ သုတ္တနိပါတ်၊ဓနိယဂေါပါလကသုတ်မှာလည်း ဘုရားရှင်က အနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်သွားတဲ့ နွားလားဥသဘတစ်ကောင်လို၊ ချည်နှောင်ထားတဲ့ နွယ်ကြိုးအားလုံးကို ဖြတ်တောက်သွားတဲ့ ဆင်ပြောင်ကြီးလို၊ နောက်ထပ်ဘယ်အမိဝမ်းတိုက်ကိုမှ မဝင်တော့ဘူးဆိုတဲ့ စိတ်မျိုးထားရမည်ဟုဟောကြားခဲ့သည်။ တရားအလုပ်မှာသာမဟုတ်။ တခြားအလုပ်လုပ်လျှင်လည်း ပြတ်သားသော ဆုံးဖြတ်ချက်၊ခိုင်မာသောသံမဏိစိတ်ဓာတ်တို့ လိုအပ်မည်သာဖြစ်ပေသည်။ ပါရမီဆယ်ပါးတွင် အဓိဋ္ဌာနပါရမီဟုခေါ်တွင်သည်။ အလုပ်လုပ်လျှင် တစ်ကြိမ်နှင့်မပြီးတတ်သော စိတ်ပျော့ညံ့သော မိမိအတွက် ကျားသစ်မတစ်ကောင်၏ အကြောင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်လာပါသည်။ မိမိစိတ်ထဲလမ်းလျှောက်ဝင်လာသော အရှင်နာဂသေနမထေရ်၏ ထိမိလှသော တရားသံတို့မှာလည်း များပြားလှပါသည်။

No comments:

Post a Comment