Monday, November 7, 2011

အရှင်နာဂသေန၏ တရားတော်များ(၂)



ဆက်လက်ပြီး အရှင်နာဂသေနမထေရ်က ကြက်တစ်ကောင်ကို ဥပမာပေးပြီုး မိန့်ကြားတော်မူပါသည်။ ကြက်ဆိုတာ အချိန်နဲ့အချိန် တစ်ကောင်တည်းနေသလို တရားရှာသူယောဂီသူတော်စင်ဟာလည်း ပြုသင့်ပြုထိုက်တဲ့ ဝတ်ကြီးဝတ်ငယ်ပြုပြီး လူသူကင်းဆိတ်တဲ့ ဆိတ်ငြိမ်ရာမှာ စိတ်ငြိမ်ကမ္မဌာန်းပွားနေရမည်။ ကြက်တစ်ကောင်ဟာ အချိန်နဲ့အချိန် တစ်ကောင်တည်းနေရာက ထလာသလို ယောဂီသူတော်စင်ဟာလည်း ဝတ်ကြီးဝတ်ငယ်ပြုပြီး ဆိတ်ငြိမ်ရာအရပ်မှာ ထပ်မံပြီး စိတ်ငြိမ်ကမ္မဌာန်းပွားများနေရမည်။ ကြက်တွေဟာ မြေကိုယက် ယက်ပြီးအစာရှာစားသလို ရဟန်းတော်သူတော်စင်ဟာလည်း အစာစားရင် ဥာဏ်နှင့်ဆင်ခြင်စားသုံးရမည်။ မြူးတူးပျော်ပါးဖို့ စားတာမဟုတ်။ မာန်ယစ်ချင်လို့စားတာမဟုတ်။ လှအောင်စားတာမဟုတ်။ ဝဖြိုးတင့်တယ်အောင် စားတာမဟုတ်။ ခန္ဓာကိုယ်တည်တန့်ဖို့၊မျှတဖို့၊ ငတ်မွတ်ခြင်းပြေဖို့၊သာသနာ့တာဝန်ထမ်းဆောင်နိုင်ဖို့၊မြတ်သောအကျင့်ကျင့်နိုင်ဖို့စားတာဖြစ်သည်ဟု ဆင်ခြင်ရမည်။ ဘုရားရှင်ကလည်း ရဟန်းတော်များ ဆွမ်းဘုန်းပေးလျှင် ကန္တာရခရီးသွားလင်မယားဟာ အစာငတ်လို့ သားသေကို စားရသလို၊ လှည်းဝင်ရိုးမကျိုးအောင် လှည်းဆီထိုးရသလို၊ ယစ်မူးခြင်းမရှိဘဲ မျှတရုံသာ အတိုင်းအတာသိ၍ ဘုန်းပေးရမည်ဟု ဟောကြားတော်မူခဲ့သည်။ ထို့အပြင် ကြက်ဟာ မျက်စိပါသော်လည်း ညအခါမှာ အကန်းသဖွယ်ဖြစ်နေသကဲ့သို့ ယောဂီသူတော်စင်ဟာလည်း မြို့ထဲရောက်ရောက် တောထဲနေနေ တပ်မက်မောစရာ အဆင်းအသံအနံ့အရသာအတွေ့အထိဆိုတဲ့ ကာမဂုဏ်ငါးပါးနဲ့ တွေ့ကြုံရင် မကန်းသော်လည်း ကန်းသကဲ့သို၊ နားကောင်းသော်လည်း နားထိုင်းကဲ့သို့၊ ပညာရှိသော်လည်း တွေ့တိုင်းမပြောဘဲ အအကဲ့သို့ ကျင့်ရမည်။ ယောက်ျားမိန်းမ လှတာ ချောတာ မခွဲခြား မမှတ်သားရ။ နောက်ဆုံးတစ်ခုမှာ တုတ်ခဲလှန်တန်ဖြစ့်အပစ်ခံရသော်လည်း ကြက်ဟာ သူ့နေရာကို မစွန့်ခွါ ပြန်လာသလိုပင် တရားရှာသူယောဂီလူဟာ လုပ်စရာဝေယျာဝစ္စများလုပ်ပြီးလျှင် မိမိတရားကိုသာ ဆက်လက်အားထုတ်ရမည်။ ကုသိုလ်ရအောင် နှလုံးသွင်းရမည်။ ဘုရားရှင်အလိုတော်အရ သတိပဌာန်တရားလေးပါးသည် အဖအမွေဖြစ်သည်။ မိမိတို့ကိုယ်ပိုင်နေအိမ်ဖြစ်သည်။ အရှင်သာရိပုတ္တရာမထေရ်က ”ဆုံးမထားသော ယဉ်ကျေးသော ဆင်ပြောင်သည် မိမိနှာမောင်းကို မနင်းချေသကဲ့သို့၊စားသင့်မစားသင့်သိသကဲ့သို့၊ ဘုရားသားတော် ယောဂီပုဂ္ဂိုလ်သည် မြတ်သော ကမ္မဌာန်းတရား ဘုရားစကားတော်ကို မနင်းချေရ။ ရိုသေစွာ နှလုံးသွင်းပွားများရမည်”ဟု မိန့်ကြားတော်မူခဲ့ပေသည်။ အထက်ပါတရားများမှာ တရားရှာသူ ယောဂီသူတော်စင်တို့အတွက်သာမက အိပ်ချိန်စားချိန်မှားနေသူများ၊ ကိုယ့်အလုပ်ကို မလုပ်သူများ၊ ကိုယ့်နေရာကို မနေသူများ၊ ကိုယ့်တာဝန်ကို မကျေသူများ၊ အရေးကြီး မကြီး မခွဲခြားတတ်သူများ၊ အချိန်နှင့်အလုပ်ကို ကျနစွာ မစီစဉ်တတ်သူများအတွက် လေ့လာစရာ သင်ခန်းစာများဖြစ်သည်။ ကျင့်သုံးစရာ လေ့ကျင့်ခန်းများဖြစ်သည်။ လိုက်နာကျင့်သုံးလျှင် မည်သည့်နယ်ပယ်မှာမဆို အသုံးဝင်မည့်တရားတော်ဖြစ်သည်။

1 comment:

  1. ကြက်တစ်ကောင်နဲ့နှိုင်းပြလိုက်တဲ့တရားလေးကို
    ဖတ်ခဲ့ရလို့ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete