Tuesday, November 1, 2011

စိတ်စကားသံ(၁)


ဘုရားတရားအကြောင်းပြောမည်ဆိုတော့ မိမိဖတ်ဖူးသော စာသုံးပုဒ်က စိတ်ထဲ မကြာမကြာပ်ါလာသည်။ ထိုစာများက မိမိကို ဆွံ့အစေသလို တည်ငြိမ်မှုကိုလည်းပေးသည်။ ထိုစာသုံးပုဒ်ကို ပြန်တွေးနေမိသော အတွေးများကို မိမိ ကျေးဇူးတင်ရမလို မတင်ရမလို ဖြစ်မိပါသည်။ တိတိကျကျ မမှတ်မိတော့သော ထိုစာသုံးပုဒ်မှာ မိမိစိတ်ကို အတော်အလုပ်ပေးနေပါသည်။ အရိပ်ပမာ စိတ်ကို ဖုံးလွှမ်းထားသော ထိုစာသုံးပုဒ်ကို အခု ပြန်တွေး ပြန်ရေးနေမိပါသည်။
တစ်ခုမှာ ဥဒါယီဆိုတော့ ရဟန်းတစ်ပါးအကြောင်းဖြစ်သည်။ သူက အရှင်သာရိပုတ္တရာမထေရ်ဟောသော တရားကို ခြောက်ကြိမ်တိတိ ကန့်ကွက်ခဲ့သူဖြစ်သည်။ အရှင်သာရိပုတ္တရာမထေရ်က ” သီလသမာဓိပညာနှင့်ပြည့်စုံသော ဈာန်ကိုးပါးရရှိပြီး အနာဂါမ်သူတော်စင်ဟာ နိရောဓသမာပတ်ကို ၀င်စားနိုင်တယ်။ ထမြောက်နိုင်တယ်။ ဒီဘ၀မှာ အရဟတ္တဖိုလ်ရနိုင်ပြီး မရလျှင်လည်း ကဗဠီကာရာဟာရကင်းသော
ဈာန်စိတ်နှင့်ပြီးသော ဗြဟ္မာပြည်မှာ ဖြစ်နိုင်တယ်” ဟု နိရောဓသမာပတ်နှင့်စပ်သော တရားကို ဟောကြားခဲ့သည်။ အရှင်ဥဒါယီက မဖြစ်နိုင်ကြောင်း ကန့်ကွက်သည်။ အရှင်သာရိပုတ္တရာမထေရ်က သုံးကြိမ်ဟောသလို အရှင်ဥဒါယီကလည်း သုံးကြိမ်လုံး ကန့်ကွက်ခဲ့သည်။
နောက်တော့ အရှင်သာရိပုတ္တရာက ဘုရားရှင်ရှေ့တော်မှောက်သွားပြီး သုံးကြိမ်ဟောပြန်သည်။ ထိုစဉ်မှာလည်း သုံးကြိမ်ကန့်ကွက်ပြန်သည်။ ဘုရားရှင်က အရှင်ဥဒါယီကို ဘယ်လို ဗြဟ္မာမျိုးမဖြစ်နိုင်တာလဲ လို့မေးတော့ ”အရူပဗြဟ္မာပေါ့ဘုရား”ဟု
အရှင်ဥဒါယီက ပြန်လျောက်သည်။ ထိုအခါ ဘုရားရှင်က ” ဟဲ့ ဥဒါယီ--သင်လို မိုက်မဲ့သူ ဘာမှမသိသူက ဘာလို့ ၀င်ပြောရတာလဲ၊
သင်ကများ ရာရာစစ ၀င်ပြောရသေးတယ်”လို့ မိန့်တော်မူပါသည်။ ထိုနောက် အရှင်အာနန္ဒာကို ”ဘာလို့ မထေရ်ကြီး နှိပ်စက်ခံနေရတာကို
ကြည့်နေရက်တာလဲ အာနန္ဒာ”ဟု ဘုရားရှင်က ကြိမ်းမောင်းတော်မူပါသည်။ အရှင်ဥဒါယီမှာ ပုထုဇဉ်အဆင့်သာရှိသည်။ သူ၏ အသိဥာဏ်မှာ ပုထုဇဉ်အသိဥာဏ်သာ ရှိသည်။ ယခု ဟောသော တရားမှာ အနာဂါမ်အဆင့်တရားဖြစ်သည်။ အနာဂါမ်မှာလည်း ရိုးရိုးအနာဂါမ်မဟုတ်။ သမာပတ်ကိုးပါးရရှိသူ၊ နိရောဓသမာပတ်ဝင်စားနိုင်သူ အနာဂါမ်သူတော်စင်ဖြစ်သည်။ လောကီပညာရပ်တိုင်းမှာပင် သူအဆင့်နှင့် သူ၊ သူ့အတန်းနှင့် သူကွာဟချက် ခြားနားချက်ရှိ သည်။ လောကုတ္တရာပညာအရာမှာ အဆင့်အတန်း ကွာဟချက်က ပို၍ ကြီးမားမည်မှာ သေချာပါသည်။ နွားသည် နွားအဆင့်သာရှိပြီး ကျားအဆင့်နှင့် များစွာကွာခြားပါသည်။ တရားစကားနှင့်ပတ်သက်လျှင် မိမိလည်း ”သင်လို မိုက်မဲ့သူ ဘာမှမသိသူက ဘာလို့ ၀င်ပြောရတာလဲ၊ သင်ကများ ရာရာစစ ၀င်ပြောနေသေးတယ်”ဟု မိမိစိတ်က ပြောသံကြားနေရပါသည်။ တစ်ဆက်တည်း များများသင်ဖို့ များများကျင့်ဖို့ အကျင့်နှင့်ထိုက်တန်သော အသိရဖို့ တွေးနေမိပြန်သည်။

No comments:

Post a Comment