Saturday, November 12, 2011

အရှင်နာဂသေန၏ တရားတော်များ(၄)



ဆက်လက်ပြီး အရှင်နာဂသေနမထေရ်က လိပ်တစ်ကောင်ဆီက လေ့လာသင်ယူစရာ ငါးမျိုးကို ဟောကြားပြန်ပါတယ်။
 “မြတ်သော မင်းကြီး..လိပ်ဟာ ရေထဲမှာ ကျက်စားတယ်။ လှည့်လည်တယ်။ အဲ့လိုပဲ ယောဂီသူတော်စင်ဟာ သတ္တဝါအားလုံးအပေါ်မှာ ကောင်းကျိုးလိုလားတဲ့ မေတ္တာစိတ်ထားရမယ်။ ပြန့်ပြောတဲ့ မြင့်မြတ်တဲ့ အတိုင်းအတာပမာဏမရှိတဲ့ ဘေးရန်ကင်းတဲ့ ဒေါသကင်းတဲ့ မေတ္တာစိတ်နဲ့ သတ္တဝါအားလုံးအပေါ်မှာ ဖြန့်ကျက်ပြီးနေရမယ်“။

ဒုတိယက လိပ်ဟာ တစ်ယောက်ယောက်ကို မြင်ရင် ရေထဲငုပ်ပြီး ပုန်းအောင်းနေသလို တရားရှာသူ ယောဂီဟာလည်း ကိလေသာတွေ ဖြစ်လာရင် တရားအာရုံထဲ ငုံ့လျှိုးပြီးနေရမယ်။ နောက်ထပ် ကိလေသာတွေ ငါ့ကို မမြင်စေရဘူးလို့ စိတ်မွေးရမယ်။

တတိယအနေနဲ့ လိပ်ဟာ ရေထဲက တက်ပြီး နေပူစာလှုံတတ်သလို ယောဂီဟာလည်း သွားရပ်ထိုင်လျောင်းဆိုတဲ့လေးမျိုးမှ စိတ်ကို ထုတ်ပြီး သမ္မပ္ပဓာန်လုံ့လဝီရိယမှာ စိတ်ကို အပူပေးထားရမယ်။ 

စတုတ္ထအနေနဲ့ လိပ်ဟာ မြေကြီးတူးပြီး လူသူကင်းဆိတ်ရာမှာ နေသလို ယောဂီသူတော်စင်ဟာလည်း ပစ္စည်းလာဘ်လာဘ၊ ရာထူးဌာနန္တရ၊ နာမည်ကျော်ကြားမှုတွေကို ပယ်စွန့်ပြီး လူသူကင်းဆိတ်တဲ့ တောရိပ်တောင်စောင်းမှာ ကိန်းအောင်းမွေ့ပျော်ပြီး တရားနေအိမ်မှာ နေထိုင်ရမယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာမထေရ်ရဲ့ညီတော်ဖြစ်တဲ့ အရှင်ဥပသေနမထေရ်ပြောတဲ့စကားဟာ မှတ်သားစရာဖြစ်လာတယ်။ လူသူကင်းဆိတ်တဲ့ ကျားရဲတိရိစ္ဆာန်တွေနေတဲ့ တောရိပ်တောင်စောင်းမှာ တရားအားထုတ်ဖို့ နေရမယ်တဲ့။ ပဉ္စမအနေနဲ့ လိပ်ဟာ ကုန်းပေါ်ရောက်နေခိုက် တစ်ယောက်ယောက်ကို မြင်ရင် အသံတစ်ခုခုကြားရင် ခြေလက်လေးချောင်းခေါင်းဆိုတဲ့ အင်္ဂါငါးပါးကို အခွံထဲမှာ သိမ်းဆည်းထားပြီး ကြောင့်ကြမဲ့ ငြိမ်ငြိမ်လေး ကိုယ့်ကိုယ့်ကို စောင့်ရှောက်ပြီးနေသလို ယောဂီသူတော်စင်ဟာလည်း အဆင်းအသံ အနံ့အရသာ အတွေ့ အတွေးဆိုတဲ့ အာရုံခြောက်ပါး တရားတွေ ဝင်လာရင် စောင့်စည်းခြင်းတံခါးရွက်ကိုပိတ်ပြီး စိတ်ကိုတည်ငြိမ်အောင်ထား သတိ ပညာနဲ့ ရဟန်းတရားပွားများနေရမယ်တဲ့။ 

သံယုတ္တနိကာယ်၊ကုမ္မူပမသုတ်တော်မှာ ဘုရားရှင်က“လိပ်တစ်ကောင်ဟာ ကိုယ်အင်္ဂါတွေကို အခွံထဲမှာ သိမ်းဆည်းထားသလို ရဟန်းတော်ဟာလည်း ကာမဂုဏ်အတွေးတွေ ရပ်တန့်၊ လောဘဒေါသကို မမှီ၊ ဘယ်သူ့ကိုမှ မညှင်းဆဲ မစွပ်စွဲဘဲ နေရမယ်“လို့ ဟောထားပါသေးတယ်။ ရန်သူတွေကို ကာကွယ်ဖို့ ကိုယ့်အကျိုးစီးပွားကို ဆောင်ရွက်ဖို့ မေ့လျော့နေတတ်တဲ့ လောကအလယ်မှာ လိပ်တစ်ကောင်ဆီက သင်ခန်းစာဟာ အဖိုးတန်လှပါတယ်။ မြန်မာနိုင်ငံမှာ အများအကျိုးတကယ်သယ်ပိုးဆောင်ရွက်နေတဲ့ မေတ္တာစိတ် ကရုဏာစိတ် မုဒိတာစိတ် ဥပေက္ခာစိတ်ပြည့်ဝတဲ့ သူရဲကောင်းများ သူတော်ကောင်းများ အများကြီးပေါ်ထွန်းပါစေ၊ ရန်သူတွေက လုပ်ချင်တိုင်းလုပ်နေတာမျိုး၊ အကျိုးမဲ့ သောက်စားပျော်ပါးနေတာမျိုး မဖြစ်စေချင်ဘူးဆိုတဲ့ စကားတွေကို တစ်ယောက်ထဲ ပြောနေမိပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Friday, November 11, 2011

အရှင်နာဂသေန၏ တရားတော်များ(၃)



ကျားသစ်တစ်ကောင်ဆီက လေ့လာသင်ယူစရာနှစ်ခုရှိသည်။ အတော်အံ့သြစရာကောင်းသည့် ကျားသစ်တို့သဘာဝမှာ မှတ်သားစရာကောင်းသည်။ အရှင်နာဂသေနမထေရ်က မိလိန္ဒမင်းကြီးကို ဆက်လက်မိန့်ကြားသည်။ “မြတ်သော မင်းကြီး ကျားသစ်ဆိုတာ မြက်ချုံကြီးထဲမှာ၊ တောနက်ကြီးထဲမှာ တောင်ကြားထဲမှာ ပုန်းခိုပြီး သားကောင်ကို ဖမ်းသလိုပဲ ယောဂီသူတော်စင်ဟာ တောထဲမှာ သစ်ပင်အောက်မှာ တောင်ကုန်းတွေမှာ သုသာန်ထဲမှာ အသံတိတ်ဆိတ်တဲ့ မြို့ရွာနဲ့ဝေးရာမှာ လူနံ့ကင်းတဲ့ လူသူတို့ဆိတ်ကွယ်ရာဖြစ်တဲ့ တရားအားထုတ်ဖို့သင့်တော်တဲ့နေရာမှာ ပုန်းခိုနေရင်း အဘိညာဉ် ခြောက်ပါးမှာ ဝသီဘော်မြောက် ပေါက်ရောက်နိုင်သည်“။ သံဂါယနာတင်မထေရ်ကျော်တွေကလည်း “ကျားသစ်ဟာ ပုန်းခိုချောင်းမြောင်းပြီး သားကောင်တွေကို ဖမ်းဆီးသလို ဘုရားသားတော်ယောဂီဟာလည်း တောနက်ထဲဝင်ပြီး ဝိပဿနာတရားပွားများပြီး အရဟတ္တဖိုလ်ကို ရအောင် ယူရမည်“။ ကျားသစ်ဆီမှ နောက်ထပ်သင်ယူစရာတစ်ခုမှာ “ကျားသစ်ဆိုတာ ကိုယ်ဖမ်းတဲ့သားကောင်ဟာ လက်ဝဲဘက်လဲကျရင် မစားတော့ဘူး။ အဲ့လိုပဲ ယောဂီရဟန်းတော်ဟာလည်း ဝါး သစ်သီး ပန်းပွင့် ဆပ်ပြာ ဆေးကု တမန်လုပ် ဗေဒင်ဟော နက္ခတ်ကြည့်စသည်ဖြင့် တစ်ခုခုပေးပြီးစားစရာမရှာရဘူး။ ဘုရားစက်ဆုပ်တဲ့နည်းနဲ့ စားစရာမရှာရဘူး။ ကျားသစ်ဟာ သူဖမ်းလို့ရတဲ့သားကောင် လက်ဝဲဘက်ကိုလဲကျသွားရင် မစားတော့သလိုပဲပေါ့။ တရားစစ်သူကြီးဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာမထေရ်ကလည်း “ပါးစပ်က ပြောလို့ ရလာတဲ့ နို့ဃနာဆွမ်းကို စားရင် ငါ့ရဲ့အသက်ရှင်ခြင်းဟာ ကဲ့ရဲ့စရာဖြစ်တော့မည်။ ငါ့ရဲ့ အူသိမ်အူမတွေ အစာမရှိလို့ အပြင်ထွက်ကျလာစေဦးတော့၊ အသက်သေဆုံးရစေဦးတော့ ငါ့ရဲ့ အာဇီဝပါရိသုဒ္ဓိသီလကိုတော့ မပျက်စေရဘူး“ဟု မိန့်ကြားတော်မူခဲ့သည်။ သဘာဝတရား၏ သင်ခန်းစာများမှာ လေ့လာ၍ မကုန်နိုင်အောင် များပြားလှပါသည်။ မိမိနှင့် မထိုက်တန်သော နေရာမှာ မထိုက်တန်သော အလုပ်လုပ်နေသူများ အတွက် တန်ရာတန်ရာနေဖို့ လုပ်ဖို့ သတိပြုစရာဖြစ်ပေသည်။ တခြားသူများ၏ သွေးများပေစွန်းနေသော တိုက်တာ ဆောက်လုပ်နေသူများ၊ သူများမျက်ရည်ကျမှ ထမင်းဝနေသော သူများအတွက် ယခုတင်ပြသော အရှင်နာဂသေနမထေရ်၏ တရားစာမှာ ထိုသူတို့အတွက် သေတမ်းစာသဖွယ် ဖြစ်သည်။ အရေးပါသော ဥပဒေဖြစ်သည်။ အမိမြန်မာပြည်မှာ လူ့ကျားသစ်များ၊ဘုန်းကြီးကျားသစ်များ ပေါ်ထွန်းပါစေဟု ဆုတောင်းမိပါသည်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Monday, November 7, 2011

အရှင်နာဂသေန၏ တရားတော်များ(၂)



ဆက်လက်ပြီး အရှင်နာဂသေနမထေရ်က ကြက်တစ်ကောင်ကို ဥပမာပေးပြီုး မိန့်ကြားတော်မူပါသည်။ ကြက်ဆိုတာ အချိန်နဲ့အချိန် တစ်ကောင်တည်းနေသလို တရားရှာသူယောဂီသူတော်စင်ဟာလည်း ပြုသင့်ပြုထိုက်တဲ့ ဝတ်ကြီးဝတ်ငယ်ပြုပြီး လူသူကင်းဆိတ်တဲ့ ဆိတ်ငြိမ်ရာမှာ စိတ်ငြိမ်ကမ္မဌာန်းပွားနေရမည်။ ကြက်တစ်ကောင်ဟာ အချိန်နဲ့အချိန် တစ်ကောင်တည်းနေရာက ထလာသလို ယောဂီသူတော်စင်ဟာလည်း ဝတ်ကြီးဝတ်ငယ်ပြုပြီး ဆိတ်ငြိမ်ရာအရပ်မှာ ထပ်မံပြီး စိတ်ငြိမ်ကမ္မဌာန်းပွားများနေရမည်။ ကြက်တွေဟာ မြေကိုယက် ယက်ပြီးအစာရှာစားသလို ရဟန်းတော်သူတော်စင်ဟာလည်း အစာစားရင် ဥာဏ်နှင့်ဆင်ခြင်စားသုံးရမည်။ မြူးတူးပျော်ပါးဖို့ စားတာမဟုတ်။ မာန်ယစ်ချင်လို့စားတာမဟုတ်။ လှအောင်စားတာမဟုတ်။ ဝဖြိုးတင့်တယ်အောင် စားတာမဟုတ်။ ခန္ဓာကိုယ်တည်တန့်ဖို့၊မျှတဖို့၊ ငတ်မွတ်ခြင်းပြေဖို့၊သာသနာ့တာဝန်ထမ်းဆောင်နိုင်ဖို့၊မြတ်သောအကျင့်ကျင့်နိုင်ဖို့စားတာဖြစ်သည်ဟု ဆင်ခြင်ရမည်။ ဘုရားရှင်ကလည်း ရဟန်းတော်များ ဆွမ်းဘုန်းပေးလျှင် ကန္တာရခရီးသွားလင်မယားဟာ အစာငတ်လို့ သားသေကို စားရသလို၊ လှည်းဝင်ရိုးမကျိုးအောင် လှည်းဆီထိုးရသလို၊ ယစ်မူးခြင်းမရှိဘဲ မျှတရုံသာ အတိုင်းအတာသိ၍ ဘုန်းပေးရမည်ဟု ဟောကြားတော်မူခဲ့သည်။ ထို့အပြင် ကြက်ဟာ မျက်စိပါသော်လည်း ညအခါမှာ အကန်းသဖွယ်ဖြစ်နေသကဲ့သို့ ယောဂီသူတော်စင်ဟာလည်း မြို့ထဲရောက်ရောက် တောထဲနေနေ တပ်မက်မောစရာ အဆင်းအသံအနံ့အရသာအတွေ့အထိဆိုတဲ့ ကာမဂုဏ်ငါးပါးနဲ့ တွေ့ကြုံရင် မကန်းသော်လည်း ကန်းသကဲ့သို၊ နားကောင်းသော်လည်း နားထိုင်းကဲ့သို့၊ ပညာရှိသော်လည်း တွေ့တိုင်းမပြောဘဲ အအကဲ့သို့ ကျင့်ရမည်။ ယောက်ျားမိန်းမ လှတာ ချောတာ မခွဲခြား မမှတ်သားရ။ နောက်ဆုံးတစ်ခုမှာ တုတ်ခဲလှန်တန်ဖြစ့်အပစ်ခံရသော်လည်း ကြက်ဟာ သူ့နေရာကို မစွန့်ခွါ ပြန်လာသလိုပင် တရားရှာသူယောဂီလူဟာ လုပ်စရာဝေယျာဝစ္စများလုပ်ပြီးလျှင် မိမိတရားကိုသာ ဆက်လက်အားထုတ်ရမည်။ ကုသိုလ်ရအောင် နှလုံးသွင်းရမည်။ ဘုရားရှင်အလိုတော်အရ သတိပဌာန်တရားလေးပါးသည် အဖအမွေဖြစ်သည်။ မိမိတို့ကိုယ်ပိုင်နေအိမ်ဖြစ်သည်။ အရှင်သာရိပုတ္တရာမထေရ်က ”ဆုံးမထားသော ယဉ်ကျေးသော ဆင်ပြောင်သည် မိမိနှာမောင်းကို မနင်းချေသကဲ့သို့၊စားသင့်မစားသင့်သိသကဲ့သို့၊ ဘုရားသားတော် ယောဂီပုဂ္ဂိုလ်သည် မြတ်သော ကမ္မဌာန်းတရား ဘုရားစကားတော်ကို မနင်းချေရ။ ရိုသေစွာ နှလုံးသွင်းပွားများရမည်”ဟု မိန့်ကြားတော်မူခဲ့ပေသည်။ အထက်ပါတရားများမှာ တရားရှာသူ ယောဂီသူတော်စင်တို့အတွက်သာမက အိပ်ချိန်စားချိန်မှားနေသူများ၊ ကိုယ့်အလုပ်ကို မလုပ်သူများ၊ ကိုယ့်နေရာကို မနေသူများ၊ ကိုယ့်တာဝန်ကို မကျေသူများ၊ အရေးကြီး မကြီး မခွဲခြားတတ်သူများ၊ အချိန်နှင့်အလုပ်ကို ကျနစွာ မစီစဉ်တတ်သူများအတွက် လေ့လာစရာ သင်ခန်းစာများဖြစ်သည်။ ကျင့်သုံးစရာ လေ့ကျင့်ခန်းများဖြစ်သည်။ လိုက်နာကျင့်သုံးလျှင် မည်သည့်နယ်ပယ်မှာမဆို အသုံးဝင်မည့်တရားတော်ဖြစ်သည်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

တရားစစ်


တည်တောဆရာတော်၏သတိပေးသြ၀ါဒ အချို့
"ထေရ၀ါဒသာသနာတော်ဟာ ဘုရားဟော ပါဠိတော်နှင့် ရှေးဆရာများ ဖွင့်တဲ့အဋ္ဌကထာ၊ အဲသည်ဟာတွေကို မြဲမြဲဆုပ်ထားတဲ့ သာသနာဖြစ်တယ်။ ပါဠိတော်က လာတယ်ဆိုရင် ခံငြင်းဖို့ မပြင်ဆင်ရဘူး၊ အရှိကို အရှိအတိုင်း မှတ်ရမယ်၊ အကယ်၍ ရှုတ်ထွေးလာခဲ့လျှင် မဟာပဒေသ လေးပါးနှင့် ဝေဖန်ယူရမယ်၊ မဟာပဒေသလေးပါးဆိုတာ လောကယုတ္တိနဲ့ ညှိနှိုင်းဝေဖန်တာ မဟုတ်ဘူး.. ကျမ်းလာစကားနဲ့တိုက်ဆိုင်ပြီး ယူရတာကို ဆိုလိုတယ်။
(အင်္ဂုတ္တိုရ် အဌ၊ ၄၈၆၊ ၄၈၉)"



"အကယ်၍ ကျမ်းလာစကားနဲ့ မတိုက်ဆိုင်ဘဲ လောကယုတ္တိနဲ့သာ တိုက်ဆိုင်ယူရမယ်ဆိုရင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေဟာ ဘယ်မှာကျန်တော့မလဲ၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေဟာ ကျန်ပါဦးမလား၊ ၅၅၀-နိပါတ်တော်တွေ၊ ဓမ္မပဒ ၀တ္ထုတွေဟာလည်း ယုတ္တိစားတာနဲ့ ကုန်သွားလိမ့်မယ်..ဒါကြောင့် ထေရ၀ါဒဂိုဏ်းရဲ့ မူအရ ပြဿနာတစ်ခု ဖြစ်ပေါ်လာလျှင် ကျမ်းများက ဘယ်လိုဆိုသလဲဆိုတာ ကျမ်းဂန်နဲ့ စီစစ်သင့်တယ်၊ နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်အဖွဲ့များ ဖွဲ့ပြီး ဓမ္မ- အဓမ္မအဆုံးအဖြတ်ပေးနေ တာဟာလည်း ယုတ္တိနဲ့ အဆုံးအဖြတ်ပေးနေတာ မဟုတ်ဘူး၊ ကျမ်းဂန်နဲ့ ညှိနှိုင်း တိုက်ဆိုင်ပြီး အဆုံးအဖြတ် ပေးနေခြင်းဖြစ်တယ်။ အကယ်၍ ကျမ်းဂန်အဆိုကို မကြိုက်ဘူး၊ ယုတ္တိယုတ္တာတွေနှင့် စိစစ်ချင်ပါတယ်ဆိုရင် ထေရ၀ါဒ အတွင်းမှာ မနေဘဲ မဟာယန ဂိုဏ်းအတွင်း ၀င်ရောက်ဖို့ပဲ ရှိတယ်ကွဲ့..."

"သည်လိုဆိုတော့ ထေရ၀ါဒဆိုတာ ကျမ်းလာစကားမှန်သမျှ မျက်စိမှိတ်ပြီး ယုံရမယ်၊ မစစ်ဆေးရဘူးလို့ မဆိုလိုပါဘူး.. စစ်ဆေးနိုင်ပါတယ်..သို့သော်လည်း ကျမ်းပြုပုဂ္ဂိုလ်ရဲ့ဉာဏ်နဲ့ မိမိရဲ့ဉာဏ် အဆင့်အတန်းချင်း တူမတူ ရှေးဦးစွာ သိထားရမယ်။ ကျမ်းပြုပုဂ္ဂိုလ်ကို ဗုဒ္ဓမတညူလို့ ချီးကျူးကြရတယ်။ ဘုရား အလိုတော်ကို သိတယ်ပေါ့.. ဒီလို ဘုရားအလိုတော်ကို သိမြင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ယူဆချက်ကို ကိုယ်တိုင်ယူဆချက်နဲ့ မတူရုံနဲ့ ပယ်ချဖို့ မသင့်သေးဘူး၊ မိမိက ကျမ်းပြုပုဂ္ဂိုလ်ရဲ့ အယူအဆကို မီအောင် လေ့လာရမယ်.. ဆိုလိုတာက ကျမ်းဂန်ဘက်က ရပ်တည်ပြီး အဖြေရှာရမယ်၊ ကျမ်းဂန်ကို ပုတ်ခတ်ပြီး အဖြေမရှာကောင်းဘူး။ ကျမ်းဂန်ကို ပုတ်ခတ်ပြီး အဖြေရှာခဲ့ရင် ဗုဒ္ဓသာသနာကြီး ကွယ်သွားတတ်တယ်.."

နိုင်ငံတော်သြ၀ါဒါစရိယ
မြန်မာစာသြ၀ါဒါစရိယ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး
ယနေ့ ဗုဒ္ဓ၀ါဒ ဆိုင်ရာ အမေးအဖြေများ
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အရှင်နာဂသေန၏ တရားတော်များ(၁)


အရှင်နာဂသေနမိန့်ကြားခဲ့သောတရားတစ်ချို့ကမိမိစိတ်ထဲမကြာမကြာလမ်းလျှောက်ဝင်လာတတ်သည်။ မထေရ်မြတ်မိန့်ကြားခဲ့သောတရားစကားများမှာအမျိုးအစားစုံလင်လှသည်။ ထိုအထဲမှ မြည်းတစ်ကောင်အကြောင်းမှာ အိပ်ရေးမက်သောမိမိအတွက်ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။ မြည်းဆိုသော သတ္တဝါမှာ အမှိုက်ပုံ၊လမ်းဆုံလမ်းမ၊ လမ်းလေးခွ၊ ဖွဲပုံ၊ ကောက်ရိုးပုံစသည်ဖြင့် မည်သည့်နေရာမှာပဲ အိပ်အိပ် အကြာကြီးအိပ်လေ့မရှိဘူးတဲ့။ ထို့အတူ တရားအားထုတ်သူယောဂီသူတော်စင်ဟာလည်း မြက်အခင်းပေါ်မှာ၊ သစ်ရွက်အခင်းပေါ်မှာ၊ ညောင်းစောင်းကုတင်ပေါ်မှာ၊ မြေပေါ်မှာ သားရေနွယ်ခင်းပြီးတော့ နည်းနည်းပဲအိပ်ရမယ်၊ အအိပ်မကြူးမရဘူးတဲ့။ ဘုရားရှင်ကလည်း တစ်နေရာမှာ ”ငါဘုရားရဲ့ တပည့်သာဝကတွေဟာ အခုအခါမှာ သစ်သားခေါင်းအုံးပဲ အုန်းပြီး တရားကိုပဲ အပြင်းအထန်အားထုတ်နေကြတယ်၊ တရားသတိ အပြည့်ရှိကြတယ်၊ ကိလေသာအစိုဓာတ်ကို ခြောက်ခန်းအောင် လုပ်နေကြတယ်“ဟု ဟောတော်မူထားပါသတဲ့။ အရှင်သာရိပုတ္တရာမထေရ်ကတော့ ”တင်ပလ္လင်ခွေထိုင်နေပြီး ဒူးပေါ်မှာပဲ အနားယူမယ်။ သို့ကလောက်အနားယူရုံဖြင့် နိဗ္ဗာန်ခရီးသွားနေသော ရဟန်းတစ်ပါးအနေနှင့် တော်လောက်ပါပြီ“ ဟု မိန့်ကြားခဲ့ပါသတဲ့။ အထက်ပါ မြည်းသတ္တဝါအကြောင်း၊ ဘုရားရှင်၏စကားတော်နှင့် အရှင်သာရိပုတ္တရာမထေရ်မိန့်ကြားသော စကားများမှာ မိလိန္ဒမင်းကြီးအား အရှင်နာဂသေနမထေရ် ဟောကြားခဲ့သော အရာများဖြစ်သည်။ စာသင်ရင်း ခရီးသွားရင်း အလုပ်လုပ်ရင်း မကြာမကြာ အိပ်နေတတ်သော မိမိအတွက် သတိထားစရာဖြစ်သည်။ ဘဝ၏ တန်ဖိုးရှိသော အချိန်တော်တော်များများကို အအိပ်ဖြင့် ကုန်ဆုံးခဲ့သော မိမိမှာ မြည်းတစ်ကောင်ကြောင့် နိုးကြားတတ်နေပြီဖြစ်သည်။

နောက်ထပ် ဥပမာများစွာဖြင့် အရှင်နာဂသေနမထေရ်က ဟောကြားတော်မူပါသေးသည်။ ထိုအထဲမှ ရှဥ့်တစ်ကောင်အကြောင်းမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ရှဥ့်ဆိုတာ ရန်သူလာရင် သူ့အမြှီးကို ခါပြီး ပိုကြီးအောင်လုပ်၍ တင်းပုတ်အဖြစ် အသုံးချကာကွယ်သလို တရားရှာသူယောဂီသူတော်စင်ဟာလည်း ကိလေသာရန်သူဝင်လာလျှင် သတိပဌာန်တင်းပုတ်ကို ခါပြီး ကိလေသာရန်သူကို ကာကွယ်သတ်ဖြတ်သည်တဲ့။ သတိဟာ ရန်သူအားလုံးကို ကာကွယ်တဲ့ လက်နက်ကောင်းဖြစ်သည်။ ပြဿနာအရပ်ရပ်ဖြစ်လာတိုင်း သတိထားပြီး ဖြေရှင်းဖို့လိုသည်။ စဉ်းစားဥာဏ်နှင့်နည်းပညာသုံးဖို့လိုသည်။ မဟုတ်လျှင် ပြဿနာပိုမိုကြီးထွားလာတတ်သည်။ ဖြေရှင်းရာမရောက်ဘဲ သေတွင်းတူးရာရောက်တတ်သည်။ ရှဉ့်တစ်ကောင်ဆီမှလည်း သင်ယူတတ်လျှင် သင်ခန်းစာရနိုင်သည်။ သတိအားကောင်းအောင် လေ့ကျင့်ထားဖို့ လိုအပ်ပါသည်။ ဥာဏ်ဓားထက်အောင် သွေးနေဖို့လည်း လိုအပ်ပါသည်။ နည်းပညာကျွမ်းကျင်ထားဖို့လည်း သင်ယူထားရပါမည်။ သတိလစ်မေ့မျောနေလျှင်လူသေလိုမသေမရှင်အဖြစ်မျိုးကြုံရတတ်ပါသည်။

နောက်ထပ် သတ္တဝါတစ်ကောင်မှာ ကျားသစ်မဖြစ်သည်။ ကျားသစ်မသည် တစ်ကြိမ်သာ ကိုယ်ဝန်ယူရိုးရှိသည်။ ကျားသစ်မထုံး နှလုံးမူပြီး တရားရှာသူယောဂီသူတော်စင်သည် ”ဒီသံသရာ ဒီခန္ဓာနောက်ဆုံးဖြစ်စေရမည်၊ အနာဂတ်သံသရာမရှိစေရတော”့ ဟု စိတ်နှလုံးဒုံးဒုံးချကာ တရားအားထုတ်ရမည်တဲ့။ သုတ္တနိပါတ်၊ဓနိယဂေါပါလကသုတ်မှာလည်း ဘုရားရှင်က အနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်သွားတဲ့ နွားလားဥသဘတစ်ကောင်လို၊ ချည်နှောင်ထားတဲ့ နွယ်ကြိုးအားလုံးကို ဖြတ်တောက်သွားတဲ့ ဆင်ပြောင်ကြီးလို၊ နောက်ထပ်ဘယ်အမိဝမ်းတိုက်ကိုမှ မဝင်တော့ဘူးဆိုတဲ့ စိတ်မျိုးထားရမည်ဟုဟောကြားခဲ့သည်။ တရားအလုပ်မှာသာမဟုတ်။ တခြားအလုပ်လုပ်လျှင်လည်း ပြတ်သားသော ဆုံးဖြတ်ချက်၊ခိုင်မာသောသံမဏိစိတ်ဓာတ်တို့ လိုအပ်မည်သာဖြစ်ပေသည်။ ပါရမီဆယ်ပါးတွင် အဓိဋ္ဌာနပါရမီဟုခေါ်တွင်သည်။ အလုပ်လုပ်လျှင် တစ်ကြိမ်နှင့်မပြီးတတ်သော စိတ်ပျော့ညံ့သော မိမိအတွက် ကျားသစ်မတစ်ကောင်၏ အကြောင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်လာပါသည်။ မိမိစိတ်ထဲလမ်းလျှောက်ဝင်လာသော အရှင်နာဂသေနမထေရ်၏ ထိမိလှသော တရားသံတို့မှာလည်း များပြားလှပါသည်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

စိတ်ခြေရာ


လူသားတစ်ယောက်ရဲ့ အခြေခံစွမ်းရည်ဆိုတာ ဘာတွေလဲ ။ ဘုရားရှင်ကတော့ လူသားတစ်ယောက်ဟာ သတ္တိကောင်းရမယ်၊ သတိပညာကောင်းရမယ်၊ အကျင့်ကောင်းရမယ်လို့ စွမ်းရည်သုံးမျိုးဟောကြားခဲ့တယ်။ ဒီစွမ်းရည်များဟာ လူသားတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်များဖြစ်ပါတယ်။ သူရဲကောင်းအဆင့် သူတော်ကောင်းအဆင့်တက်လှမ်းချင်သူတွေ အတွက် ပထမဆုံးတည်ဆောက်ထားရမဲ့ စိတ်အဆောက်အအုံဖြစ်ပါတယ်။ ကိုယ့်ကိုယ့်ကို သူရဲကောင်းလို့ ထင်နေသူတွေ သူတော်ကောင်းလို့ထင်နေသူတွေအတွက် စောစောစီးစီးပြန်မေးရမဲ့ မေးခွန်းများဖြစ်ပါတယ်။ ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ ကိုယ်တိုင်စစ်ရမဲ့ စာမေးပွဲဟာ ဒီသုံးမျိုးဖြစ်ပါတယ်။ သတ္တိမကောင်းပဲ သတိပညာမကောင်းပါဘူး၊ အမှားကို ရှောင်ကြဉ်ဖို့ဆိုတာ သတ္တိကောင်းသူတွေအတွက်ဖြစ်ပါတယ်။ အမှားအမှန်ကို သိနားလည်ဖို့ဆိုတာလဲ သတိပညာကြီးသူတို့ရဲ့ အရာဖြစ်ပါတယ်။ အမှန်တရားကို ရဲရဲဝံ့ဝံ့ဟောပြောဖို့ အကောင်အထည်ဖော်ဖို့ဆိုတာ သတ္တိရှိတဲ့ ပညာတတ်လူကောင်းတို့အရာသာဖြစ်ပါတယ်။ နောက်ဆုံး အစစ်အမှန် အကျင့်ကောင်းသူ၊ပေးဆပ်တတ်သူ၊စွန်လွှတ်အနစ်နာခံသူဆိုတာလဲ သတ္တိကောင်းသူ သတိပညာကောင်းသူတို့သာ ရောက်နိုင် ရနိုင်တဲ့ သရဖူတစ်မျိုးဖြစ်ပါတယ်။ သတ္တိကောင်းသူ၊သတိပညာကောင်းသူ၊ အကျင့်ကောင်းသူဆိုတဲ့ လူအခြေခံဒီကောင်းသုံးကောင်းဟာ စိတ်ထဲမှာ ခြေရာထင်ကျန်နေတဲ့ စကားသုံးခွန်းဖြစ်ပါတယ်။ မိမိအနေနဲ့ကတော့ လူ့ထက်လူဖြစ်ဖို့ဆိုတာထက် ဒီအရည်အချင်းသုံးမျိုးထိုက်သလောက်ပြည့်စုံတဲ့ သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Saturday, November 5, 2011

ကဲ ပညာရှင်အခေါ်ခံရဖို့ လွယ်လားဗျာ


ဒေါက်တာထွန်းလွင် (MCCW)

ကျွန်တော် ၂၀၀၉ ခုနှစ် မေလမှာ မိုးလေ၀သဌာနမှ အငြိမ်းစားယူတော့ ဂျာနယ်လစ်တွေက ကျွန်တော်ပါတဲ့ သတင်းတွေ ရေးတဲ့အခါ “မိုးလေ၀သပညာရှင်” လို့ သုံးလာကြပါတယ်။ ကျွန်တော် တားပါသေးတယ်။ “မိုးလေ၀သသုတေသီ” ဆိုရင် တော်လောက်ပါပြီလို့။ ဒါပေမယ့် မရပါဘူးဗျာ။ အခုတော့လည်း အားလုံးက သုံးနေကြပါပြီ။

တကယ်တော့ ပညာရှင်လို့ အခေါ်ခံရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့နေနဲ့ ဒီ ... ဂုဏ်ပုဒ်ဟာ မြင့်လွန်းနေတယ်လို့ ယူဆပါတယ်။ နောက်ပြီး ဂိုဏ်းသင့်မှာလည်း စိုးရိမ်မိပါတယ်။ အဆိုးဆုံးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ “ဒွေး” ပြောဖူးတဲ့ “ပညာရှင်” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် ပြန်ပြန်သတိရနေမိပြီး “ပညာရှင်” အခေါ်ခံရမှာကို အကြောက်ဆုံးလည်း ဖြစ်နေလို့ပါပဲ။

လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က မဂ္ဂဇင်းတစ်စောင်ရဲ့ အင်တာဗျူးတစ်ခုမှာ အကယ်ဒမီဒွေးက “ပညာရှင်” ဆိုတာနဲ့ ပတ်သက်ပြီး ဒီလိုပြောဖူးပါတယ်။


ပြင်သစ်တော်လှန်ရေး ခေတ်တုန်းက သေဒဏ်အပေးခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို စောင့်ဆိုင်းနေကြရသတဲ့။ အဲဒီခေတ်အခါကလည်း သေဒဏ်ပေးတဲ့စနစ်က လူပုံအလယ်မှာ ဆောက်လုပ်ထားတဲ့ စင်ကြီးပေါ်မှာ တရားခံတွေကိုတင်ပြီး အများရှေ့မှာ Guillotine လို့ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ ခေါင်းဖြတ်သတ်တဲ့နည်းနဲ့ တရားခံတွေကို သေဒဏ်ပေးလေ့ရှိသတဲ့။

ဒီလိုနဲ့ သေဒဏ်ပေးဖို့ စီရင်ချက်ချခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို ရောက်လာသတဲ့။ အဲဒီနေ့မှာ လူတွေဟာလည်း ခေါင်းဖြတ်စက်ကြီး ဆင်ထားတဲ့ ကွင်းပြင်ကြီးထဲကို မနက်ကတည်းက ရောက်လာလိုက်ကြတာ ကွင်းလုံးပြည့်ပဲတဲ့။

အချိန်ရောက်လာတော့ တရားခံ(၃)ယောက်ကို ကွင်းလယ်မှာရှိတဲ့ ခေါင်းဖြတ်စက် စင်ကြီးပေါ်ကို တင်လိုက်သတဲ့။ ပြီးတော့ ပထမဆုံးတရားခံကို ခေါင်းဖြတ်စက်နဲ့ သေဒဏ်ပေးဖို့အတွက် ပါးကွက်သားတွေက ခေါင်းဖြတ်စက်ရဲ့ ဓါးသွားကြီး အောက်မှာ ဆင်ထားတဲ့ ခုံအပေါ်မှာ တရားခံကို ဇက်စင်းပြီး တင်ထားစေသတဲ့။ နောက်တော့ စင်ကြီးရဲ့အလယ် တိုင်ကြီးနှစ်ဖက်နဲ့ အမြင့်မှာချိတ်ဆွဲထားတဲ့ ဓါးကြီးကို ဖြုတ်ချ လိုက်ကြသတဲ့။

ဖြစ်ချင်တော့ ဓါးကြီးဟာ JAM ဖြစ်နေပြီး ပြုတ်ကျမလာပဲ လမ်းတစ်ဝက်မှာပဲ ညပ်နေသတဲ့။ ဒါနဲ့ ပထမတရားခံဟာ မသေမချင်းသတ်စေလို့ အမိန့်ချ ထားတာ မဟုတ်လေတော့ သေဒဏ်က လွတ်သွားသတဲ့။

နောက် ဒုတိယ တရားခံအလှည့် ရောက်လာတော့လည်း ဒီလိုပဲ ဖြုတ်ချလိုက်တဲ့ ဓါးကြီးဟာ လမ်းမှာပဲ ညပ်နေပြန်လို့ ပထမတရားခံလိုပဲ သေဒဏ်က လွတ်သွားပြန်ရောတဲ့။

ဒါနဲ့ နောက်ဆုံး တတိယတရားခံအလှည့် ရောက်လာတော့ ဒီဖြစ်ရပ်ကို အစအဆုံး နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရတဲ့ တတိယတရားခံက “နေပါဦးဗျာ။ သေရမယ့် လူတစ်ဦးအနေနဲ့ မသေခင် သူလိုချင်တာလေးကို နောက်ဆုံးအခွင့်အရေးအနေနဲ့ တောင်းဆိုခွင့် ရှိတယ်မဟုတ်လား ခင်ဗျာ” လို့ အာဏာပါးကွက်သားတွေကို ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက တတိယတရားခံရဲ့ တောင်းဆိုချက်ဟာ တရားဥပဒေနဲ့ ညီနေတာကြောင့် “အေး.. အေး ဟုတ်ပါပြီ။ မင်းက ဘာများ တောင်းဆိုချင်သလဲ” လို့ ပြန်မေးလိုက်ကြပါတယ်။

ဒီတော့ တတိယ တရားခံက “ကျွန်တော် ဒီဓါးစက်ကြီး ဘာချို့ယွင်းနေတာလည်းဆိုတာ စစ်ဆေးကြည့်ချင်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဒီတော့ အာဏာပါးကွက်သားတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ “ကြည့်လေကွာ” ဆိုပြီး ခွင့်ပြုလိုက်ကြသတဲ့။ ဒါနဲ့ တတိယတရားခံဟာ ဓါးစက်ကြီး အပေါ်ကိုတက်ကြည့ပြီး ချို့ယွင်းနေတာကို ရှာပြီး ပြင်ပေးလိုက်သတဲ့။

နောက်တော့ ပြန်ဆင်းလာပြီး “ကဲ…ကဲ…ကောင်းသွားပါပြီ။ ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ် နိုင်ပါပြီ” လို့ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက “အေး.. ဆက်လုပ်စရာကတော့.. ဒီတစ်ခါ မင်းအလှည့်မို့ မင်းရဲ့ခေါင်းကို အဲဒီ ဓါးစက်ကြီး အောက်က ခုံပေါ်ကိုတင်လိုက်တော့” လို့ ပြောကြသတဲ့။

ဒီတော့လည်း တတိယ တရားခံဟာ ပြောတဲ့အတိုင်း သူ့ရဲ့ခေါင်းကို ခုံပေါ်လည်းတင်ပြီးရော၊ အာဏာပါးကွက်သားတွေက ဓါးစက်ကြီးရဲ့ မောင်းကိုဖြုတ်ချလိုက်တာ တစ်ခါတည်း အမြင့်မှာ တပ်ထားတဲ့ ဓါးသွားကြီးဟာ ၀ှီးကနဲကျလာပြီး တတိယတရားခံကို ဒုံးကနဲဖြတ်ချလိုက် သတဲ့။ ဒါနဲ့ တတိယ တရားခံဟာလည်း ခေါင်းအဖြတ်ခံရပြီး သေသွားရပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲတဲ့။

သြော်… သြော်… ပြောဖို့ တစ်ခုကျန်သွားပါတယ်။ ခေါင်းဖြတ်အသတ်ခံလိုက်ရတဲ့ တတိယ တရားခံဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသတဲ့။

ပုံကတော့ ဒါပါပဲဗျာ။ ဒါဟာ “ဒွေး”ရဲ့ ပညာရှင်ကို ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောချင်တာကတော့ ပညာရှင်ဆိုတာ ကိုယ့်အသက်သေရမယ့် ကိစ္စဖြစ်ပါစေ၊ မှားနေတာ၊ လွဲချော်နေတာကိုတွေ့နေရရင် ကိုယ့်ပညာနဲ့ပတ်သက်ပြီး ပညာရှင်ရဲ့ ဂုဏ်ကို အထိခိုက်မခံပဲ အသက်စွန့်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံ သယ်ပိုးပေးစမြဲပဲ ဆိုတာပါပဲ။

ကဲ ပညာရှင်လို့ အခေါ်ခံရဖို့ လွယ်လားဗျာ။

(ဒေါက်တာထွန်းလွင်၏ ဖေ့စ်ဘုတ်တွင် ရေးသားချက်ကို ကူးယူဖော်ပြပါသည်။)
(ဧရာဝတီဘလော့ဂ်မှ ထပ်ဆင့်ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>