Monday, October 10, 2011

ဒို့နိုင်ငံကတော့ "ဟဲ့...နွား”က မတက်သေးဘူး


၁၃၅၄-ခုနှစ်၊ တန်ဆောင်မုန်း-နတ်တော်လ အမှတ်(၆)ဓမ္မဗျူဟာစာစောင်၌ အရှင်ဃောသိတ ရေးသားပူဇော်သည့် ဆရာတော် အရှင်ဇနကာဘိဝံသ၏ ၁၃၃၃-ခုနှစ်က မိန့်ကြားခဲ့သော နံနက်ခင်း သြ၀ါဒများ ပါရှိသည်။ တစ်ချို့ တစ်ဝက်ကို ထပ်မံကူးယူမိပါသည်။

++.ဘုန်းကြီးက ဒီသာသနာတော်ကြီးအတွက် လုပ်နိုင်တဲ့ အင်အားရှိရင်တော့ လုပ်ချင်သေးတယ်။

ရိုးရိုးနဲ့ လုပ်မရလို့ ဖန်ဆင်းရအောင်ကလဲ ဘာတန်ခိုးမှ မရှိ။

ကိုယ့်ခြေထောက်မှာ ပေါက်တဲ့အနာကိုတောင်မှ ပျောက်အောင် မလုပ်နိုင်၊

ဒီတော့ အခက်တွေ့နေတာပေါ့။

တိုးတက်မယ့် လမ်းမြင်ရက်သားနဲ့ မလုပ်နိုင်ဘူး ဖြစ်နေတယ်၊ ရှေ့ကို တိုးဖို့အတွက် လက်ရှိ ဘုန်းကြီးတွေ

အရည်အချင်းပြည့်နေဖို့ လိုတယ်။

ခုတော့ လူတွေကလဲ ဖျင်း၊ ဘုန်းကြီးတွေဘက်ကလဲ ညံ့ဖြစ်နေတော့တာပဲ။



သူများနိုင်ငံတွေက တိုးတက်လေလေ ဒို့နိုင်ငံက ချာမှန်းသိရလေပဲ။

သူများနိုင်ငံတွေက ကောင်းကင်ထက်မှာ လေယာဉ်ပျံတွေ တ၀ီဝီနဲ့၊

ဒို့နိုင်ငံကတော့ "ဟဲ့--နွား" က မတက်သေးဘူး။

အဲ့ဒီ"ဟဲ့--နွား"ဘ၀လောက်ကိုတောင် ဒို့ ဘုန်းကြီးတွေ လူတွေက နောက်ပြန်ပြီး တုန့် တုန့် ဆွဲနေကြလို့ ခက်နေတယ်။

တကယ့်လူတွေနဲ့ ဘုန်းကြီးတွေပါပဲ။

အဲ့ဒီ ဘုန်းကြီးတွေ ပျံတော်မူတော့ အဲ့ဒီလူတွေက သူတို့လဲ ပွဲကြည့်၇အောင်ပေါ့၊ ပွဲတွေ လမ်းတွေနဲ့ သဂြိုဟ်ပေးကြတယ်။ အဲ့ဒီကျတော့လဲ ကုန်လိုက်တဲ့ငွေတွေ..။ မကျန်းမာတုန်းကတော့ ဆေးကုသဖို့ အကုန်မခံကြပေမည့် ဒီပျံတော်မူတဲ့အခါကျတော့ အကြီးအကျယ် အကုန်ခံကြတယ်။

ဒီနည်းနဲ့ သွားနေကြလို့ကတော့ ဒို့နိုင်ငံ နလန်မထူနိုင်ကြသေးပါဘူး။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ခေါင်းလောင်းသံစာတမ်း


ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ကဝေည

မေမေ့ … ကိုကျွန်တော်သတိရလိုက်တာ …

ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း

လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်းရိုက်ကြတယ် … ။

လောကအတုမှာ … လူသားအတုတစ်ယောက်

ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်

မေမေ …

ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင်ဟာ

သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ

အခု … ဘယ်မှာလဲ

ဘယ်မှာလဲ … .. ။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်

မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိမ့်မယ်

ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့

မေမေ … ။

(၂)

ကျွန်တော်မှတ်မိသမျှ …

မေမေ့မျက်လုံးဟာဆောင်းရာသီဆန်လွန်းတယ်

မြူတွေဖုံး၊ နှင်းစက်တွေဖုံး

နေရောင်တွေလည်းခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးကမီးတောက်ကလေးကိုမွေးဖွား

ပြာအနန္တတိုင်အောင်ထွေးပိုက်ပျိုးထောင်သွားသလို

မေမေဟာ …

သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ် … ။

မုသားတစ်လွှာမာယာတစ်ထပ်၊ ဝတ်ရည်တစ်စက်နဲ့

အို … ခတ္တာရေ …

ပုခက်လွှဲသောလက်တွေနဲ့ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက

သူမ..ကိုယ်တိုင်က..

ကျွန်တော့်အတွက်ဆိုရင်ပုခက်ဖြစ်ပြခဲ့တယ် … ။

“အမေ”အဖြစ်

စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး

အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

(၃)

ခြေထောက်တွေကလှေကားထစ်အတိုင်းတက်သွားပြီး..

လူက … လှေကားခြေရင်းမှာကျန်ခဲ့ရတယ်

ဘယ်သူမဆို

ကိုယ့်အရိပ်ထဲမှာကိုယ်ပြန်ခိုချင်လို့မရဘူး

ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာကြယ်ပွင့်ပြရေးစရာမလိုတဲ့

သာမန်အညတရမွန်းလွဲအိုတစ်ခုက

“မေမေ့”ကိုလုသွားတယ် … ။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ

လင်းအားပြင်းထန်၊ လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို

တရှူးထိုးဆင်းချတယ် … .။

လက်ဖမိုးနဲ့ဖျက်ဖျက် လက်ဖ၀ါးနဲ့ဖျက်ဖျက်

ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ

ဒါပေမယ့်မေမေရယ် … ။

(၄)

မေမေ့မှာ

နာကျင်ခဲ့ရတဲ့ ဂန္တဝင်သက္ကရာဇ်များ

ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ် …. ။

ငယ်ငယ်တည်းက

“ဝ”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ

မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး … ။

မေမေ့မှာ

ဘာသာဗေဒမတူ၊ ဖတ်တဲ့စာချင်းမတူ၊ ခူးတဲ့ပန်းချင်းမတူ

မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ် … ။

မေမေဟာ

အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ ယဉ်ကျေးမှုအခန်းခန်းကို

လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ် … ။

ကျွန်တော့်မေမေဟာ

သူများမေမေတွေထက် … နို့ရည်ပိုမထွက်ပါဘူး … … .

ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ် … .

ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ …။

(၅)

ဖုန်မှုန့်ပျံ့စင် …

ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း

အခု … လင်းနို့တွေအောင်းနေပြီမေမေ …။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်

ကျွန်တော်မြင်းရုပ်စီးပြီး၊ သစ်သားခွာကြီးနဲ့ခရီးတွေနှင်

မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့ … ။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ

ဂျစ်ကားတွေတက်နင်း၊ ရထား တစ်စင်းလုံးဆောင့်ကန်

ကျွန်တော့်ထမင်းပန်းကန်အထူအပါး

မေမေခွံ့ကျွေးမှစားခဲ့တယ် …။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်

ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်

ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ် … ။

“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့

မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း

ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ် …

ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ် … ။

ကျွန်တော့်အိပ်မက်

မေမေ့လည်တိုင်ကိုဖက်လို့ပေါ့ … ။

(၆)

ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့

အင်္ကျီမှာကြယ်သီးတစ်လုံးလိုနေပြီ …. မေမေ … ။

ငယ်ငယ်ကတည်းက ….

မေမေကခံတပ်လုပ်၊ ကျွန်တော်ကသူရဲကောင်းလုပ်

ရန်သူတွေနဲ့ဝေဝေဆာဆာဓါးချင်းခုတ်ဖူးတယ် …. ။

ကျွန်တော့်ဘဝတောက်လျှောက်

မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ …

ကျွန်တော့်ဘက်မှာရပ်တည်၊ ကာကွယ်၊ တိုက်ခိုက်

သူမကိုတော့ … မြားအစင်းစင်းစိုက်ခဲ့တယ် … ။

ကျွန်တော့်ကိုအလိုလိုက် … ကျွန်တော့်ကိုမရိုက်

ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို … မေမေပဲငို … ။

မေမေပြောတဲ့ကျေးလက်နီတိ

“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”

ဆေးမျက်လုံးနဲ့ကြည့် … တဲ့။

(၇)

လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ် …

ကျွန်တော့်ကိုမေမေက …

ပညာလှလှတတ်စေချင်တာ … အသေအချာပေါ့ …။

ကောင်းကင်ပေါ်က“လ” နဲ့ဗျည်းစာလုံးထဲက“လ”

ဘာကြောင့်မတူတာလဲ …

ကျွန်တော်နဲ့အဖော်များ

ကျောင်းတော်မှာသဘောကွဲပြားကြ …။

ကျွန်တော်ကလူပျင်း …

သစ်ပင်ခြေရင်းမှာရပ်လိုက်၊ သစ်ပင်ဖျားကိုတက်လိုက်

စာမေးပွဲတွေမှာ …

အဆင့်တွေက ၁ မှ ၁၀၀ မရေရာ … ။

တစ်စတစ်စ …

လူငယ်သီချင်း၊ နှင်းဆီဓားသွား၊ ရင်ကြားစိုက်နစ်

ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ် … ။

လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ …

အိပ်မက်တွေအမြှောင်းမြှောင်းထ …

ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ် … ။

(၈)

တစ်ရက်မှာ

မြူပြာမှိုင်းမှုန်၊ အိပ်မက်ကိုစောင်လိုခြုံဆဲ …

ကြယ်တွေအကုန်ကြွေတဲ့ည

ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ် … ။

ကျွန်တော် …

မပျော်လေလွင့်၊ ရင်အနင့်ဆုံးဆောင်း

နှင်းတွေပြောင်းပြန်စီးမျောလာ … ။

မေမေဟာ …

ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကို ခြံရံစောင့်ကြပ်

အလင်းရဲ့နတ်သမီးလို … မီးအိမ်ကိုင်ပြီးစောင့်နေတယ် … ။

နာကြည်းပင့်သက်၊ အရက်သောက်လာတဲ့သား

အမေ့အားစကားမဆို

အမေကား … သားကိုယ်စား မျက်ရည်မဲ့စွာငို … ။

သား …

ဘဝဆိုတာရေစီးထဲကဗေဒါ … မရေရာဘူးကွဲ့

ဒါပေမယ့် …

မျှော်လင့်ချက်ရဲ့ အရုပ်များ၊ အရောင်များ၊ အရိပ်များ

လွှင့်မပစ်နဲ့သိမ်းထား …

ဝိညာဉ်ရုန်းကန် တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ် … ။

မေမေ့စကားက

ကျွန်တော့်ရဲ့မိုးခါးရေများကို

တစ်စက်ချင်း … တစ်စက်ချင်း … တစ်စက်ချင်း … ချိုစေခဲ့ … ။

(၉)

ဝါဆိုပန်းခူး၊ စံပယ်ဦးတို့မွှေးသက်ဝေဝေ

မုတ်သုန်လေရဲ့မှတ်တမ်း

မီးကိုလည်းကျွန်တော်နမ်းခဲ့ … ရေကိုလည်းကျွန်တော်နမ်းခဲ့ …။

မေမေဟာ …

ခြံထောင့်မှာဒေလီယာတွေပျိုးရင်း

မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်

သူမလည်းရင့်ကျက်ကြည်လင်နေတယ် …။

မေမေချုပ်တဲ့

ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း

ကျွန်တော် … .လမ်းမှာဝတ်ရန် … ။

နွားကသူငုံ့စားတဲ့မြက်တွေကို

ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ

သွားကြစို့လေ …

မုဆိုးခြေထောက်များနဲ့ကျွန်တော်သွားရာကျွန်တော်လိုက်

လေဆန်တွေပစ်စလက်ခတ်တိုက်တဲ့ခင်တန်း

ပဒိုင်းပန်းတွေလည်းဗောင်းလန်အောင်ခါရမ်းပွင့်ဝေ … ။

(၁၀)

သား …

“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး

၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ

လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း

မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်

ကျွန်တော်ဆက်လျှောက်နေတယ် … (ဖိနပ်လည်းအခါခါပေါက်ခဲ့)

ညပေါင်း ၁၄၀၀

ဝင်္ကပါတောင်ကြားမှာ … ကံနတ်ဘုရားနဲ့စီးချင်းထိုး

ကျွန်တော်ကြိုးစား၊ အမှားများလည်းချင်းချင်းနီ … ။

ဧရာဝတီမေမေ၊ ပိတောက်ပင်ဟာမေမေ

ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊ နံနက်ခင်းကြေးရုပ်ဟာမေမေ … ။

ခု … မေမေဆုံးပြီဆိုတဲ့သတင်းမှာ

ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ … နီလဲ့..

လူတဆုံး … ဝိညာဉ်တဆုံး၊ အကြွင်းမဲ့ဗုန်းဗုန်းလဲကျ

“မေမေ ..”

(၁၁)

မေမေဟာ … နာရီသံနဲ့အိပ်၊ နာရီသံနဲ့နိုး …

ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ် …။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ ပွင့်အိုလေးပမာ၊ ဝါဝါနွဲ့နွဲ့

သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ် …။

သားငယ်ရဲ့မျက်နှာကို

အလင်္ကာလိုလည်းဖတ်၊ ပုစ္ဆာလိုလည်းဖတ်

ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ် … ။

လင်မရှိတော့ပေမယ့်

သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ

လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ် … ။

(အလင်းပြာမှတ်ကျောက်အတွက် မင်တစ်ပေါက်ဖြစ်တယ် …)

(၁၂)

အမေမရှိတဲ့သားမှာသာ

စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ

အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ … ။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့

ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ … အဝေးမှာ …

ကျွန်တော်က … ဟိုး … အဝေးကြီးမှာ … ။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး

မီးခိုးငွေ့တွေကလည်း

ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်

ဒရွတ်တိုက်ပျံတက်ဆဲ … ။

အမေ့ရဲ့ခြေလို၊ လက်လိုနေခဲ့တဲ့ကောင်

အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့ … ။

အမှားလက္ခဏာ၊ အမှန်လက္ခဏာ၊ ဘာနဲ့မှလာမတိုင်းတာနဲ့

“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်

ချစ်သောမေမေ … ကောင်းရာဘုံသို့ရောက်ပါစေ … ။

(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း …)

(၁၃)

နောင် … နှစ်ပေါင်းများစွာကြာရင်

မေမေ့အုတ်ဂူကို၊ ဝတ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်

အနက်ရောင်ကတ်ပြားမပါ၊ လွမ်းသူ့ပန်းခွေမပါ

လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ …

အဲဒီလူဟာ … သားပဲပေါ့မေမေ …

ဘယ်သံသရာမှာပြန်ရှာရင် မေမေ့ကိုတွေ့နိုင်မလဲ …

ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့် … ။

အမေ့ကိုယ်စား …

အမေ့ကိုယ်ပွား …

ကြယ်စင်များကိုလက်ဖဝါးနဲ့ပန်၊ မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း

အ၀ါရောင်မီးရှူးမီးပန်းလို

“လင်း”ပြီးမှပျောက်မယ် … ။

ကျွန်တော် …

မေမေ … .

မာယာတောင်ခြေမှ ဒရမ်တီးသူများ၊ မျက်လှည့်တီးလုံးများ

သီချင်းအကွဲအစ … တစ်ပုဒ်ပြီးဆုံးသွားပါပြီ … ။

မေမေ …

ကောင်းရာသုဂတိလားပါစေ …

ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..

ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..

ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..

… … … … … … … … … … … … … … … … …
(တစ်စုံတစ်ယောက်ရေးထားသော ကဗျာကို ဖော်ပြခြင်းဖြစ်သည်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

သို့ ကဗျာဆရာ







ရုန်းလိုက်တိုင်း အကန်ခံရတာက

ပုန်းနေတာထက် ပိုကောင်းတယ်မလား။

သံလမ်းနဲ ရထားဘီးကြား၊ မှန်လုံခန်းနဲ့  ခန်းဆီးကြား၊

သွေးဖြူနဲ့ သွေးနီကြား၊

ရယ်သူနဲ့  ဝယ်သူကြား၊ ငိုသူနဲ့ ယိုသူကြား၊မှားကြ မှန်ကြ စားကြ အန်ကြ။

လက်တစ်ဖက်အတွက် အသက်တစ်သက်ပြန်ပေးရ၊မျက်စိတစ်ဖက်ကွဲစေလို့ 

မျက်လုံးကဋေပြန်ပေးရ၊ ဆန်တစ်စေ့ကြောင့်၊စပါးပင်တစ်ထောင်ပြန်ပေါက်ရ၊

ကံကြမ္မာဆိုတာ တစ်ကျပ်ခိုးရင်၊ တစ်သိန်းဖိုးပြန်လျော်ရမျိုး။

လွှသွားကထက်တယ်၊ လျှာဓားမက ခက်တယ်၊ လက်ဓားပြက ဖွက်တယ်။

ရွာမှာ နွားမတစ်ကောင်ကို ခုနှစ်သိန်းပေးတယ်။

အစိတ်သားတောက်တဲ့တစ်ကောင်ကို ဆယ်သိန်းပေးတယ်။

ငထွန်းက ကျွဲနိုပုလင်းလုသောက်ရင်း အသက်ပေးရတယ်။

မြို့ ပြက ပန်းရံမခမျာ မဆလာသယ်ရင်း နေပူထဲ သေရတယ်။

ဟစ်တလာနဲ အိုက်မခန်းက

လူခြောက်သန်းရဲ့ အသက်ကို ယူတယ်။

မဟတ္တမဂန္ဒီ တို့ ဆီက ဗိုလ်ချုပ်အောင်ဆန်း သူတို့ အသက်ပန်းကို ပေးလုတယ်။



တစ်ချို့ က ဒါန အတုအတွက် နာမည်အစစ်ကို လုတယ်၊

တစ်ချို့ က ကျေးဇူး စကားပင်မဆိုတတ်တဲ့ 

လမ်းဘေးက ခွေးငတ်မကို အစာကျွေးတယ်။

အကျိုးမပေးသေးတဲ့  ဒုစရိုက်က၊

အမြိုက်ရသကို ပေးတယ်။

ကိုယ်စိုက်ထားတဲ့ မျိုးစေ့က ကိုယ်နဲ့ ထိုက်တဲ့  အသီးကိုပေးတယ်။



ကဗျာဆရာဆိုတာ၊

ရာဇဝတ်ကောင် နမ်းတဲ့ ပန်းတစ်ချင်း၊

နံ့ သာထင်းလို ပြာဖြစ်သည်အထိ မွှေး၊ ဆေးဖြစ်စေတဲ့  အက္ခရာ

မုန်းတိုင်းထဲ မှာလည်းထွန်းလင်း၊

မီးတွင်းထဲလည်း သီချင်းဆို.........။



ကဗျာဆရာဆိုတာ၊

အအေးဒဏ်ကို မထောက်ဘူး

ဘေးရန်ကို မကြောက်ဘူး

အပူဒဏ်လည်း ထီမထင်ဘူး

အယူခံလည်း မဝင်ချင်ဘူး၊

အမှန်တရားပေါ်ပေါက်ရေး

တေးပဉ္စင် ဖန်ဆင်းပြီးပျံ၊

စကြာဝဠာနံရံမှာ ကမ္ပည်းထိုး၊

မိစ္ဆာနတ်ဆိုးကို တိုက်ဖျက်တယ်။



ကဗျာဆရာဆိုတာ၊

ပါးရိုက်လို့ နားပြန်မကိုက်ဘဲ

ရိုက်တဲ့ လက်ကို ပြန်ဖက်နမ်း

ဘဝကြမ်းတိုင်းအတွက် ရတနာ....။



ကဗျာဆရာဆိုတာ၊

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်မလုပ်ဘူး။

ရန်ဖြစ်သူတွေကို စံပြချစ်၊

အပြစ်ပြု သူတွေကို အကြင်နာ၊ ကမ္ဘာမြေအတွက် ကျောခင်း၊

လိုအပ်သူတိုင်းနင်းဖြတ်စေ.........။



ကဗျာဆရာဆိုတာ၊

ကြပ်ချင်ကြပ် ချောင်ချင်ချောင်

မရှောင်တန်း ရှေ့ကတိုး၊

ဓားကျိုး တစ်လက်နဲ့  ပန်းတရာပျိုး၊

နာဂစ်ဆိုးကိုတောင် အန်တု

ဘာဆို ဘာကိုမှ မမူ့ တဲ့ သူ........။



ကဗျာဆရာဆိုတာ၊

အသပြာ မခင်းဘူး။

ကဗျာနဲ့ လမ်းရှင်း၊

နွေ နေ့ ခင်းထဲ မတ်တတ်ရပ်၊

ရတတ်ပွေ ခိုကိုးသူကို ၊ အကိုင်းချိုးခံပြီး အရိပ်ပေး၊

သူ့ တစ်ကိုယ်လုံးဟာ သွေးတိတ်ဆေးပေါ့.........။



ကဗျာဆရာဆိုတာ ၊

အချစ်သူရဲ ကောင်းမဟုတ်ဘူး။

စစ်သူရဲ ကောင်းမဟုတ်ဘူး။

သွေးစုတ်ဖုတ်ကောင်မဟုတ်ဘူး။

လူတိုင်းအတွက် သွေးထုပ်ပေးတဲ့ 

အတွေးထုပ်ပေးတဲ့ 

ခောတ်ရဲ့ သူရဲကောင်းဖြစ်တယ်။



ကဗျာဆရာဆိုတာ၊

စခန်းမရွေးဘူး။

လမ်းမရွေးဘူး။

အနမ်းတို့ ဝေးနေရင်တောင်

အမှောင်ညမှာ

တစ္ဆေ တစ်ကောင်လို ရုန်းထ၊

ကဗျာ နဲ ပဉ္စလက် က တယ်။



ကဗျာဆရာဆိုတာ၊

အကြောင်းမရွေးဘူး

အခေါင်းမရွေးဘူး

ဂျိုမပေးဘူး

ဒဲ့ မရိုးဘူး

တိုးတိတ်ညင်သာ ဝေဒနာနဲ့ ဘဝ၊

တစ်သားထဲ ကျချင်ကျ၊

ရပိုင်ခွင့်ကို မေ့၊ ပေးဆပ်ဖို့ ပဲ သတိရ၊

လောကလှဖို့ ဘဝကို ပစ်

ချစ်တတ်လိုက်တာလဲ လွန်ရော။



ကဗျာဆရာဆိုတာ၊

အယူမစောင်းဘူး၊

မူမပြောင်းဘူး။

လူမရောင်းဘူး။

ဂူမအောင်းဘူး။

သူတို့ ဦးခေါင်းဟာ....

ပုတ်ပွဟောင်နံ ရောဂါတို့ ရဲ့ မြစ်များဟာ ဘာ၊ ကုစားရာက ဘာ၊

မြန်မာတို့ ရဲ့ ထမင်း ချွေးပြင်းနံ့ တို့နဲ့  ငန်တာ၊

မော့ကြည့်စရာပဲ ရှိပြီး ငုံ့ ကြည့်စရာမရှိတာ၊

အသက်ကယ်သူက သတ်သူထက်ပိုမို အဖိုးတန်တာ၊

ရေမဲ့ ငါးမဲ့ အိုင်အိုကြီးက ဗျိုင်းဖြူတို့ နဲ့  ငိုငြီးတာ၊

ပျက်ပြုန်းစ အဆစ်တို့က အချစ်မဲ့ တဲ အချစ်တို့နဲ့ ဖွင့်ထားတဲ တံခါးဝမှာ၊

လွမ်းဖို့ မကြိုးစားတဲ့  အလွမ်းတို့က အလွမ်းတို့ရဲ့  လမ်းမထက်မှာ၊

တုန်ချည့်စုတ်ပြတ် ဟောက်ပက်ပုတ်ဟောင် နေလောင်းအသားမဲ့  အရိုးဆီက

"စွန့် ကြဲ ကြပါ၊ မနက်ဖြန် သဘက် သေရတော့မှာပါ။"

လက်ပိန်တစ်ဖက်က တောက်ဝှေးဖက်ရင်း၊

နံ ရိုးကြားက နာကျင်သက်ပြင်းထွက်ရင်း၊

"အရပ်ကတို့ ပေးကြပါ ကမ်းကြပါ" ၊

အစာရှာမရလို့ အရိုးငေါ့ငေါ့ ထွက်နေတာက ဖြေစရာပုစ္ဆာ ၊

ကြောက်စိတ်နဲ့ သွက်ချာပါဒဖမ်းရင်း၊

ချောင်းဆိုးရင်း အကြောဆွဲရင်း လက်ဖြန့် ရင်း

မျက်ရည်နဲ့ မူန်ရီနေတဲ့ မျက်လုံးနီကို ပွတ်ရင်း၊

ငယ်ရွယ်နုပျိုသူတို့ရဲ လတ်ဆပ်တဲ့ မြေပုံတွေက သင်္ချိုင်းမြေမှာ၊

မနှစ်တုန်းက သဂြိုဟ်စရိပ်ပေးပေမယ့်  သုဘရာဇာတွေက အလောင်းတွေကို လက်မခံတော့တာ၊

လင်းတတောင်ပံမှာ သုဿာန်မီးဖို့ က လူးကျံခဲ့ တဲ့ ပြာ၊

ညိုပြာပြာနှင်းဆီအလင်းက အနက်ရောင်ညကို လက်ရောင်ပြ ခိုးယူသွားတာ

အမှားသတင်းနဲ့ အစွယ်ထွက်နေတဲ လမင်းက ပြတင်းပေါက်နားမှာ

ယူကျုံးမရလျှောက်သွားနေတဲ့ ခြေမဝါးမဲ့ ခြေထောက်တွေရယ်၊

ရေဗူးပြေးကောက်ရင်း ရထားကျိတ်ခံရတဲ့ ခြေထောက်မဲ့ ခြေထောက်တွေရယ်၊

သမ္မတ အိုဘာမားကိုယ်တိုင် ရုံ ဝင်ခပေးကြည့်တဲ့ ဖိလစ်ပိုင်က ပက်ကွီအိုရဲ့ လက်သီးရယ်၊

နှလုံးသားက အဖျားဝင်နေတဲ့ သွေးစက်ရယ်၊

နွားကျောင်းနေတဲ့ ဘွဲ့ ရလုံမပျိုရဲ့ တက္ကသိုလ်အလွမ်းများရယ်၊

ကမ္ဘာဖလားဘောလုံးပွဲအတွက် ကာတာနိုင်ငံက တည်ထွင်ထားတဲ့ မိုးတိမ်အတုရယ်၊

အီရန်နိုင်ငံခြားရေးဝန်ကြီး အက္ကာဘာဆာလေဟီပြောတဲ့ နျုးကလီးယားဓာတ်ပေါင်းဖိုက

လျှပ်စစ်ဓာတ်အားထုပ်လုတ်မူ့ အကြောင်းရယ်၊

ဆေးရုံ ပေါ်က အမေ့ ဆေးဖိုးအတွက် သူများဖိနပ်ခိုးနေတဲ့  အမေချစ်သမီးရယ်၊

သား ကျောင်းတက်ချင်တယ် မေမေ လို့အော်နေတဲ့  အဝတ်လျော်သမရဲ့  ပညာငတ်သားလေးရယ်၊

အကုသိုလ်ကျရောက်ရာအရပ်က ကျိန်စာသင့်ဘဝတွေ ရယ်၊

ထင်တယ် မြင်တယ်၊

ပြင်တယ် ဆင်တယ်။



ဆိုတော့......

သို့  ကဗျာဆရာ...

တောင်းတိုင်းမပေးမှန်းသိပါရဲ့ ၊

မပေးလည်းတောင်းရမှာပ၊

နွမ်းလျရင်ခုန်သံ၊

အဝစားလောကဒဏ်တွေ နဲ့ ၊

မြန်မာဆန်တဲ့ ကျွန်ုပ်ကို၊

ကဗျာတစ်ပုတ်တော့ပေးခဲ့ ပါ။



နိုဝင်ဘာ(တန့်ဆည်)

(မြန်မာနိုင်ငံသားတိုင်းကို ကဗျာဆရာဟု တင်စားရေးသားထားပါသည်
>>>ဆက်လက်ဖတ်ရှုရန်>>> >>

စာပေါင်းသိုက်မှတ်စု(၂)





နေ့စဉ်ပဲ စာမေးပွဲ အစစ်ခံနေရတယ်၊ သင်ခန်းစာတိုင်းဟာ စာမေးပွဲ၊ အတွေ့ အကြုံတိုင်းဟာ သင်ခန်းစာပဲ။



စာမေးပွဲမှာ ကိုယ်တကယ်တတ်တာတွေကို ဖြေဖို့ထက် အမှတ်ရဖို့ အဓိကထားတော့ ခိုးဖြေတာတွေ ဖြစ်လာသလို

အပြင်လောကမှာလည်း လူအထင်ကြီးခံရဖို့ကို အဓိကထားရင် ဟန်လုပ်ပြီး နေပြရတယ်။ အဲ့ဒါ ဘ၀စာမေးပွဲကို ခိုးဖြေတာပဲ။



ဘ၀ဆိုတာ စိတ်နဲ့ တန်သလိုဖြစ်တာပါ။



စိတ်အရည်အသွေး မြင့်မားလာရင် ဘ၀ရဲ့ အရည်အသွေး မြင့်မားလာတယ်။

ဘ၀ဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှုပဲ။



စာပေါင်းသိုက် စာမှတ်စုမှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ပန်းပန်လျှက်ပဲ


ညိုပြာပြာ၊ လတာပြင်ခြေရင်း။

လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်းမသက်သာ။

အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့ လာ။

အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး။

အုန်းလက်ကြွေ သူ့ နံဘေး၊ ဆောင့်ခဲ့ ရသေး။

ဆောင့်ခဲ့လည်းမသက်သာ။

နောက်တစ်ချီဒီတစ်လုံး က၊ဖုံးလိုက်ပြန်ပါ။

မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။

တစ်လံကွာ လှိုင်းအကြွပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်းမသက်သာ။

ချောင်းအစွယ် မြောင်းငယ်ထဲ က ဘဲထွက်လို့ လာ။

ဘဲအုပ်မှာတစ်ရာနှစ်ရာ၊ ဗေဒါကတစ်ပင်တည်း။

အယက်အကန်ခံလို့ 

ဗေဒါပျံ အံကိုခဲ၊ပန်းပန်လျက်ပဲ။ ။



(ဆရာ)ဇော်ဂျီ
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မယ့်လမ်းပါတဲ့






ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့

စံပယ်ကို ယမယ်ဖွဲ့ (ယိုးမယ်ဖွဲ့) ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့

ပျိုမယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့

စေတီငယ်ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။



လင်းယဉ်နွဲ့ တချီချီ

ကျူရိုးရှင်သူ့စကား၊ နားကျခဲ့ပြီ

ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီပြာလဲ့။

စုန်ချည် ဆန်ချည်နဲ့

ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။



ဇော်ဂျီ

(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ - ၁၉၅၉)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ရုက္ခမူ (လေးမောင့်စံကျောင်း)

မုလေးရုံတောစ၊

ဒေါနလမ်း မြေညီ၊

လျှောကျစမ်း ရေခင်းကြည်ဝယ် (ရေသင်းကြည်တယ်)၊‎

ရွှေနှင်းဆီကန်ချောင်း(ကျောင်း)၊‎

လွမ်းမတတ် စကားဝါဂူ(ငူ)မှာ၊

နံ့သာဖြူလေးမောင့်စံကျောင်း။



စပယ်ချပ် သရဖီချောင်(မှာ)၊

ခွာညိုတောင် ခိုအောင်း၊

ရွှေသဇင် စုပေါင်းတဲ့ ‎(မွှေးနံ့သာစုပေါင်းလို့)၊

နုညောင်စောင်းထက်မှာ၊

ပဒုမ္မာကြာသင်္ကန်းငယ်နှင့်၊

ခါဆင်မြန်း တောမွေ့ပျော်(ပျော်မွေ့)ရာ။



‎ပန်းသော်က တံတိုင်း(တန်တိုင်း)ကာသည်၊

ဇီဇဝါ မုခ်(မုတ်)ခြားလို့၊

တံခါးက ခရား(ချရား)ကြိုင်၊

သင်းတဲ့ ဂနိုင်၊

‎ယုဇန မဟာမြိုင်မှာ၊‎



တဝါပိုင် ကြိုးချင်ပေါ့လေး။ ‎

ကပ္ပါ (ကမ္ဘာ)တိုင်မှီးမယ်ပလေး။‎ (မူကွဲ)‎



ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး) တည်းဖြတ်တဲ့ "ဦးပုည လက်ရွေးစင်စာများ" က မူကို မူရင်းတေးထပ်အနေဖြင့် ရေးထားပါတယ်။

‎() အတွင်းက စာသားတွေက ဦးတင်ထွေးရဲ့ "ဦးပုည၏ စာပန်းကုံးများ" (ဒုတိယတွဲ) က စာသားတွေပါ။

မှတ်ချက်။ မမမေဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>