Tuesday, November 1, 2011

စိတ်စကားသံ(၁)


ဘုရားတရားအကြောင်းပြောမည်ဆိုတော့ မိမိဖတ်ဖူးသော စာသုံးပုဒ်က စိတ်ထဲ မကြာမကြာပ်ါလာသည်။ ထိုစာများက မိမိကို ဆွံ့အစေသလို တည်ငြိမ်မှုကိုလည်းပေးသည်။ ထိုစာသုံးပုဒ်ကို ပြန်တွေးနေမိသော အတွေးများကို မိမိ ကျေးဇူးတင်ရမလို မတင်ရမလို ဖြစ်မိပါသည်။ တိတိကျကျ မမှတ်မိတော့သော ထိုစာသုံးပုဒ်မှာ မိမိစိတ်ကို အတော်အလုပ်ပေးနေပါသည်။ အရိပ်ပမာ စိတ်ကို ဖုံးလွှမ်းထားသော ထိုစာသုံးပုဒ်ကို အခု ပြန်တွေး ပြန်ရေးနေမိပါသည်။
တစ်ခုမှာ ဥဒါယီဆိုတော့ ရဟန်းတစ်ပါးအကြောင်းဖြစ်သည်။ သူက အရှင်သာရိပုတ္တရာမထေရ်ဟောသော တရားကို ခြောက်ကြိမ်တိတိ ကန့်ကွက်ခဲ့သူဖြစ်သည်။ အရှင်သာရိပုတ္တရာမထေရ်က ” သီလသမာဓိပညာနှင့်ပြည့်စုံသော ဈာန်ကိုးပါးရရှိပြီး အနာဂါမ်သူတော်စင်ဟာ နိရောဓသမာပတ်ကို ၀င်စားနိုင်တယ်။ ထမြောက်နိုင်တယ်။ ဒီဘ၀မှာ အရဟတ္တဖိုလ်ရနိုင်ပြီး မရလျှင်လည်း ကဗဠီကာရာဟာရကင်းသော
ဈာန်စိတ်နှင့်ပြီးသော ဗြဟ္မာပြည်မှာ ဖြစ်နိုင်တယ်” ဟု နိရောဓသမာပတ်နှင့်စပ်သော တရားကို ဟောကြားခဲ့သည်။ အရှင်ဥဒါယီက မဖြစ်နိုင်ကြောင်း ကန့်ကွက်သည်။ အရှင်သာရိပုတ္တရာမထေရ်က သုံးကြိမ်ဟောသလို အရှင်ဥဒါယီကလည်း သုံးကြိမ်လုံး ကန့်ကွက်ခဲ့သည်။
နောက်တော့ အရှင်သာရိပုတ္တရာက ဘုရားရှင်ရှေ့တော်မှောက်သွားပြီး သုံးကြိမ်ဟောပြန်သည်။ ထိုစဉ်မှာလည်း သုံးကြိမ်ကန့်ကွက်ပြန်သည်။ ဘုရားရှင်က အရှင်ဥဒါယီကို ဘယ်လို ဗြဟ္မာမျိုးမဖြစ်နိုင်တာလဲ လို့မေးတော့ ”အရူပဗြဟ္မာပေါ့ဘုရား”ဟု
အရှင်ဥဒါယီက ပြန်လျောက်သည်။ ထိုအခါ ဘုရားရှင်က ” ဟဲ့ ဥဒါယီ--သင်လို မိုက်မဲ့သူ ဘာမှမသိသူက ဘာလို့ ၀င်ပြောရတာလဲ၊
သင်ကများ ရာရာစစ ၀င်ပြောရသေးတယ်”လို့ မိန့်တော်မူပါသည်။ ထိုနောက် အရှင်အာနန္ဒာကို ”ဘာလို့ မထေရ်ကြီး နှိပ်စက်ခံနေရတာကို
ကြည့်နေရက်တာလဲ အာနန္ဒာ”ဟု ဘုရားရှင်က ကြိမ်းမောင်းတော်မူပါသည်။ အရှင်ဥဒါယီမှာ ပုထုဇဉ်အဆင့်သာရှိသည်။ သူ၏ အသိဥာဏ်မှာ ပုထုဇဉ်အသိဥာဏ်သာ ရှိသည်။ ယခု ဟောသော တရားမှာ အနာဂါမ်အဆင့်တရားဖြစ်သည်။ အနာဂါမ်မှာလည်း ရိုးရိုးအနာဂါမ်မဟုတ်။ သမာပတ်ကိုးပါးရရှိသူ၊ နိရောဓသမာပတ်ဝင်စားနိုင်သူ အနာဂါမ်သူတော်စင်ဖြစ်သည်။ လောကီပညာရပ်တိုင်းမှာပင် သူအဆင့်နှင့် သူ၊ သူ့အတန်းနှင့် သူကွာဟချက် ခြားနားချက်ရှိ သည်။ လောကုတ္တရာပညာအရာမှာ အဆင့်အတန်း ကွာဟချက်က ပို၍ ကြီးမားမည်မှာ သေချာပါသည်။ နွားသည် နွားအဆင့်သာရှိပြီး ကျားအဆင့်နှင့် များစွာကွာခြားပါသည်။ တရားစကားနှင့်ပတ်သက်လျှင် မိမိလည်း ”သင်လို မိုက်မဲ့သူ ဘာမှမသိသူက ဘာလို့ ၀င်ပြောရတာလဲ၊ သင်ကများ ရာရာစစ ၀င်ပြောနေသေးတယ်”ဟု မိမိစိတ်က ပြောသံကြားနေရပါသည်။ တစ်ဆက်တည်း များများသင်ဖို့ များများကျင့်ဖို့ အကျင့်နှင့်ထိုက်တန်သော အသိရဖို့ တွေးနေမိပြန်သည်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Monday, October 31, 2011

ဖေ့စ်ဘွက်ခ်မှ အပြန်


ပြည့်ရှင်မင်းတို့ ကျင့်သုံး ဆောက်တည်အပ်သော ရာဇဂုဏ် (၈) ပါး
၁) သိကြားမင်းကဲ့သို့ကျင့်ခြင်း။
သိကြားမင်းသည် နတ်အပေါင်းတို့တွင် နှိပ်ကွပ်တန်သောသူအား နှိပ်ကွပ်၍ ချီးမြှောက်တန်သူအား ချီးမြှောက်သကဲ့သို့ … မင်းတို့သည်လည်း လူအပေါင်းတို့ တွင် မကောင်းသောသူတို့အား နှိပ်ကွပ်၍ ကောင်းသောသူတို့အား ချီးမြှောက် ရာသည်။

၂) နေကဲ့သို့ကျင့်ခြင်း။
နေမင်းသည် ရောင်ခြည်တထောင်ဖြင့် ဖြည်းညှင်းစွာ မိုးရေကို ခန်းခြောက်စေ သကဲ့သို့ မင်းတို့သည်လည်း အခွန်အတုတ်ကို ဖြည်းညှင်း သာယာစွာ ကောက်ခံ သိမ်းယူရာသည်။

၃) လေကဲ့သို့ကျင့်ခြင်း။
လေသည် သတ္တ၀ါအပေါင်း၏ ကိုယ်တွင်းသို့ဝင်၍ သွားသကဲ့သို့ မင်းတို့သည် လည်း မှူးမတ် ပြည်သူခပ်သိမ်းတို့၏ အပြုအမူ ဆင်းရဲချမ်းသာကို လျှို့ဝှက် သူလျှိုထား၍ ကိုယ်တွင်းသို့ဝင်သကဲ့သို့ သိအောင်ပြုရာသည်။

၎) ယမမင်းကဲ့သို့ကျင့်ခြင်း။
ယမမင်းသည် ချစ်သူ မုန်းသူဟူ၍ အထူးအခြား ကွဲပြားမရှိ၊ ကံအားလျော်စွာ ရောက်လာလျှင် စီရင်သကဲ့သို့ မင်းတို့သည်လည်း ချစ်သူ မုန်းသူဟူ၍ မျက်နှာ မငဲ့၊ အမှုနှင့်လျော်ညီစွာ စီရင်ရာသည်။

၅) သမုဒ္ဒရာကဲ့သို့ကျင့်ခြင်း။
သမုဒ္ဒရာသည် ရေကို မတောင့်တ၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့ အလို အလျောက်ဝင်လာသမျှကိုသာ ခံသကဲ့သို့ မင်းတို့သည်လည်း ဥစ္စာကို မလိုချင် မတောင့်တ၊ ထုံးစံရှိသည့်အတိုင်း ရသင့်သမျှကိုသာ ခံယူရာသည်။

၆) လကဲ့သို့ကျင့်ခြင်း။
လပြည့်ဝန်းသည် မြင်မြင်သမျှ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေသကဲ့သို့ မင်းတို့သည်လည်း မျက်နှာရွှင်လန်းလျက် စကားချိုသာ နာပျော်ဖွယ်ပြောဆို၍ မှူးမတ် ပြည်သူ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေရာသည်။

၇) မြေကြီးကဲ့သို့ကျင့်ခြင်း။
မြေကြီးသည် သတ္တ၀ါအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ်သကဲ့သို့ မင်းတို့သည် လည်း သင်္ဂဟတရား လေးပါးဖြင့် ပြည်သူလူထုအပေါင်း၏ ကိုးကွယ်ရာဖြစ် အောင် ရွက်ဆောင်ရာသည်။

၈) မိုးကဲ့သို့ကျင့်ခြင်း။
မိုးသည် မိုးတွင်းလေးလပတ်လုံး လူအပေါင်းတို့ကို ရေဖြင့် ရောင့်ရဲစေသကဲ့သို့ မင်းတို့သည်လည်း အမှုထမ်း အရာထမ်းတို့အား မျိုးရိက္ခာ၊ အ၀တ်အစား၊ ဆုလာဘ်တို့ဖြင့် နှစ်သက်ရောင့်ရဲစေရာသည်။
***
ဖော်ပြခဲ့ပြီးဖြစ်တဲ့ သင်္ဂဟတရားလေးပါးတို့ မင်းကျင့်တရား ၁၀-ပါး တို့နဲ့ ပြည့်စုံ စွာ ကျင့်ကြံတဲ့ ပုဂ္ဂိုလ်ကိုသာ မင်း၊ အစိုးရလို့ ခေါ်တွင်ကြောင်း ယောမင်းကြီး ဦးဖိုးလှိုင်ကရေးသားထားပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေသူဖြစ်ပေမဲ့လည်း အထက်ပါအချက်တွေက ချို့ယွင်းခဲ့ရင် မင်းလို့ မမည်ပါဘူးတဲ့။
ဒါဆို … ကျမတို့ အခု နေနေရတာဟာ မင်းမရှိတဲ့ တိုင်းပြည် (မင်းမဲ့တိုင်းပြည်) မှာ နေနေရတာများလား … လို့ တွေးနေမိပါရဲ့။
။(ဖေ့စ်ဘွတ်ခ်က အမတစ်ယောက်ရေးတာကို ကြိုက်လို့ ကူးယူဖော်ပြပါတယ်) ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အမြင်တု


အသက်ကြီးလာလေလေ ပိုပြီးကြောက်လာလေတဲ့။
တောက်ပမှုတွေ တစ်စစေ၀၀ါး
ဆာတာတွေ စားတာတွေ နဲပါး
အသံတွေက မကြားတကြား
အာတာတွေ ညာတာတွေ များပြား
ဒါပေမဲ့ မတော်တရော်တွေ
ဒုစရိတ်မှုတွေ
နာဂစ်ဆိုးတွေ
ထပ်လိုချင်သေးတဲ့မြေဧက ငါးဆယ်တွေ
ရေကြီးမှုတွေ
ဖုန်းလိုင်းကြပ်မှုတွေ
ဖုန်ထူထူလမ်းမတွေ
ဖုန်ထနေတဲ့ ဖုန်းဆိုးမြေက ထမင်းအိုးတွေ
ချွေးနံ့ သွေးနံ့  နံနေတဲ့ မျက်နှာတွေ
လူကြားထဲမှာ ငိုပြတာတွေ
တရုတ်က ရနေတဲ့ လျှစ်စစ်သန်း သုံးထရီလီယံတွေ
ဒါတွေဟာ
ခွေးအိုကြီးရေးတဲ့ ကျိန်စာတွေတဲ့။
အမြင်ခြင်းမတူဘူး ။
အသွင်ခြင်းမတူဘူး ။
ငါက ဖယောင်းတိုင် မျက်လုံး
ငါက ဖြိုချခံရတဲ့ တောင်ကုန်း
ဆင်းရဲမှုကိုပဲ ဘုန်းတန်ခိုးလို့ ထင်ခဲ့ရသူ…။
ဒါနဲ့ တခြားသူတွေကို စောင်းငဲ့ကြည့်တော့…
သူတို့လဲ မြေပေါ်မှာ
မြေအောက်မှာ
ရေပေါ်မှာ
ရေအောက်မှာ
notebookလေးတွေက ၁၁ သိန်းတန်နဲ့ ။
ငါလဲ ကျောက်သင်ပုန်းအပဲ့တစ်ခုနဲ့
ငါမသောက်တဲ့ စည်ဘီယာအကြောင်း
ရမ်အရက်အတုအကြောင်း
ကဗျာအတုအကြောင်း
အစိုးရအတုအကြောင်း
by the people, for the people ဆိုတဲ့ စာအကြောင်း
မျက်ရည်စို့စို့တို့အကြောင်း
ထောင်သားအတုတွေအကြောင်း
မျက်ကန်းတွေက မျက်မြင်တွေကို လမ်းပြနေတဲ့အကြောင်း
ငါ့အမြင်တွေက အတုဖြစ်နေတဲ့အကြောင်း
ငါ ဆက်မမြင်ချင်ပဲ ဆက်မြင်နေရတဲ့ ငြီးတွားသံတို့အကြောင်း
ရေးခြစ်မိခဲ့… တေးသစ်မိခဲ့ပေါ့ ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ကိုယ်ရေးရာဇ၀င်


ဆူးကြားမှာ သီးတဲ့ ဘူးသီးလေးလို
တိမ်တောင်ကြားမှာ ပျံသန်းချင်သလို
ဘာမှ မသင်ဘူးသလို ဘာမှ မသိခဲ့သူတွေ
ဘာမှ မတတ်သလို ဘာမှ မဖတ်ခဲ့သူတွေ
ဧရာဝတီပေါ်မှာ မင်းမူ
သွေးစိမ်းပူပူတွေ ပစ်ချ
မြန်မာပြည်ဟာ မျက်ရည်ကျနေတယ်။
မမြန်တဲ့ မမာတဲ့လူတွေဟာ
မြန်မာဆိုတဲ့နာမည်နဲ့
မြူးကြွ အရူးထ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးစက်ခခဲ့တဲ့မြေ။
တရားတွေဟောသလောက်
တရားသဘောမပေါက်တဲ့မြေ ။
မှိုလိုပေါက်နေတဲ့ တရားစခန်းကြားက
အရက်ဘားခန်းတွေက တစ်ခုပြီးတစ်ခု
လုယက်စိတ်တွေ ခိုးလိုးခုလု
မင်း သိပ်တော်တယ်ပြောကြည့်
နွားကျောင်းသားကစပြီး ပျော်တဲ့မြေ ။
အရမ်းအပြောကောင်းတယ်
အမတ်ရွေးပွဲဝင်ပါ့လားဆို
ဆိုက္ကားသမားလဲ မာန်တွေတက်
ခြံစောင့်ဖို့ထက် ဈေးခွေးလုပ်ချင်သူတွေများတဲ့မြေ ။
ကိုလိုနီခေတ်က သူများတွေ လာပြီး ကျွန်ပြု
အခုတော့ သွားပြီး ကျွန်ခံ
ကျွန်သံသရာလည်နေတဲ့မြေ ။
လေယာဉ်မလုပ်တတ်ဘူး ။
လေယာဉ်မစီးတတ်ဘူး ။
ဂဏန်းတွက်စက်မထုတ်ဘူး ။
ဗိန္ဓောဆေးတွေ တီဗီထဲကြော်ငြာ
ကိုးရီးယားအနုပညာကို လိုက်တု
ဘယ်လိုမှ ကုစားလို့မရတော့တဲ့ မြေ ။
တောက်တဲ့ ဖမ်းရောင်း
မြွေပွေးဖမ်းရောင်း
သူများအသက်တွေနဲ့ စီးပွားရေးကောင်းနေတဲ့ မြေ ။
ဗေဒင်ဆရာနဲ့ နတ်ကတော်တို့
ကောင်းကောင်းကြီးပျော်နေတဲ့ မြေ ။
ဝါကြွားမောက်မော်
တကယ်ပဲ မတော်တရော်တဲ့ မြေ ။
ဒီမြေမှာ ငါ့ကိုမွေးခဲ့တယ်။
ငါမွေးတဲ့ သက္ကရာဇ်မှတ်တမ်းက
သွေးဇာတ်လမ်းထဲက ရှစ်ဆယ့်ရှစ်တဲ့ ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Saturday, October 29, 2011

(မောင်ယုပိုင်) လှသန်း (စ - ဆုံး)




နာရီလက်တံဟာ
ကျွန်တော့်ကို ရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့။
(မိမိကိုယ်ကို အဓွန့်ရှည်ရေးမှ)

ပြန်ဖို့ရာ အိမ်အဆင်သင့်
သွားဖို့ရာ သံသရာ အဆင်သင့်
နားဖို့ရာ ခနာကိုယ် အဆင်သင့်။
နာခြင်းပင်လယ်ကို ရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်ခြင်းကမ်းခြေမှာ အပန်းဖြေရမှာလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုမှာ ဆိုက်ကပ်မှာလား
(နာမကျန်းသောနေ့ရက်များ မှ)

ဒီဘ၀အတွက် မလေးရှားမှာ ကားရေဆေးတယ်
နောက်ဘ၀အတွက် ကဗျာရေးတယ်
ဒါဟာ ကျွန်တော်နဲ့လောကကြီး ဆက်ဆံရေးပါပဲ။
(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၁) မှ)

ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကို သစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့
မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။
(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၂) မှ)

သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
(ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ)

လက်တစ်ကမ်းမှာ
အောင်မြင်မှု၊ သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစု အသစ်တစခုရှိနေရဲ့
(လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း ၁ မှ)

ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့ အသံကို ထွင်းထုလိုက်မယ်
တစ်ချိန်မှာ မတန်တဆ အနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာ ရှင်ပြန်ထမြောက်လာမယ်။

မွေးမြူရေးငါးတစ်ကောင် မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။
((လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၃) မှ)

မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ်
အနာဂတ်ကတော့ အသက်ငင်နေဆဲ
မကြာခင် ရှင်ပြန်ထမြောက်လေမလား။
(လူသားဆန်ချင်တာ တရားတယ် မှ)
အပူတပြင်းရေးလိုက်တဲ့ကဗျာ
နာရေးကြော်ငြာတစ်ခုလည်း ဖြစ်နိုင်ရဲ့။
(ကဗျာတစ်ပုဒ်ရဲ့ နာရေး)

လက်မရွံ့ကဗျာ UG စာအုပ်ထဲမှ စာသားများ မောင်ယုပိုင်မှ ဆက်စပ်ဖေါ်ပြသည်။
Like · · Share · October 23 at 8:26pm ·
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Friday, October 28, 2011

တောင်ကိုရီးယား ကျောင်းသုံးစာအုပ်တွေ ဒစ်ဂျစ်တယ်စနစ် ပြောင်းမည်



Htet Aungက မေးလ်ထဲ ပို့ပေးပါတယ်။ 2:03pm Oct 28


ကမ္ဘာ့ပညာရေးစနစ် အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ဖြစ်တဲ့ တောင်ကိုရီးယားက သင်ရိုးညွှန်းတမ်း အားလုံးကို ဒစ်ဂျစ်တယ်စနစ် ပြုလုပ်တော့မည့်အကြောင်း ကြေငြာလိုက်သည်။ ၂၀၁၅ ခုနှစ်မှာ ပြဌာန်းစာအုပ်အားလုံး ကွန်ပျူတာ စခရင်ပေါ်မှာပဲ ရှိတော့မယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။

တောင်ကိုရီးယား ပညာရေး၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဂျူဟိုလီ က သင်ကြားရေးစနစ်အားလုံးကို ကွန်ပျူတာစနစ် အပေါ် အခြေခံမယ့် Smart Education အဆင့် မြှင့်တင်ဖို့ မဟာဗျူဟာတွေ ချနေကြောင်း ဘီဘီစီကို ပြောဆိုခဲ့သည်။

ဒီစီမံကိန်းကို အခု နွေရာသီမှာ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပြီး၊ ကျောင်းသားတွေအားလုံး 'ဘယ်အချိန် ဘယ်နေရာက ဖြစ်ဖြစ်' သင်ယူလေ့လာနိုင်မယ့် ၀ါယာလက် ကွန်ယက်ဖွဲ့စနစ်အပေါ် အခြေခံသွားမည့်အကြောင်း ပြောခဲ့သည်။ အင်ဖော်မေးရှင်း အခြေခံတဲ့ ပညာရေးစနစ်မှာ ပီစီ၊ လက်ပ်တော့ပ်၊ တက်ဘလက်၊ အင်တာနက် ချိတ်ထားတဲ့ တီဗီ စတဲ့ ပစ္စည်းတွေ ကျောင်းသားတိုင်း အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

စမတ်ပညာရေးစနစ်မှာ ကျောင်းသားအတွက် လိုအပ်မယ့် အရည်အသွေးမှီ ကွန်ပျူတာပစ္စည်းများကို အစိုးရက ပြဌာန်းစာအုပ် ရောင်းဈေးလောက်နဲ့ ချပြီး ရောင်းပေးသွားမယ့်အကြောင်းလည်း ပြောဆိုခဲ့သည်။

"စမတ် ပညာရေးစနစ်က စက္ကူပြဌာန်းစာအုပ်တွေကို ဖယ်ရှားပစ်တော့မယ်။ အစဉ်အလာ အသုံးပြုခဲ့တဲ့ စာအုပ်တွေကို ဒစ်ဂျစ်တယ် ပြဌာန်းစာအုပ်အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ကျောင်းသားတွေ စာအုပ်သယ်ရတာ ကျောပိုးအိပ်ထမ်းရတာ သက်သာသွားမယ်။ စာသင်ခန်းကနေကျော်လွန်ပြီး ကမ္ဘာကြီးကို ရှာဖွေကြည့်နိုင်ကြလိမ့်မယ်" လို့ ၀န်ကြီး မစ္စတာလီက ပြောခဲ့ပါတယ်။

နည်းပညာ ကျွမ်းဝင်နေတဲ့ ဆယ်ကျော်သက်များ

တောင်ကိုရီးယား စမတ်ပညာရေးရဲ့ ရည်ရွယ်ချက်တစ်ခုက ကျေးလက်ဒေသ ကျောင်းသားတွေ အကျိုးအမြတ် ရရှိစေဖို့ ဖြစ်သည်။ ဘာသာရပ်ဆိုင်ရာ အထူးပြုသင်ကြားပေးမယ့် ဆရာ ရှားပါးတဲ့ ကျေးလက်ဒေသမှ ကျောင်းသားတွေ သူတို့ စိတ်ကြိုက်ဘာသာရပ်တွေ ရွေးချယ်လာနိုင်မည်။ အိမ်ကနေ သင်ယူဖို့ ပိုမိုလွယ်ကူသွားမည်။ ပညာရေးဌာနတွေကလည်း လူငယ်တွေအတွက် အခမဲ့ အဆင့်မြင့် နည်းပညာသင်တန်းတွေ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OECD) ရဲ့ စစ်တမ်းအရ၊ ကမ္ဘာ့အဖွံ့ဖြိုးဆုံး ၁၆ နိုင်ငံထဲမှာ တောင်ကိုရီးယားမှ အသက် ၁၅ နှစ် လူငယ်တွေက ဒစ်ဂျစ်တယ်နည်းပညာ အကျွမ်းကျင်ဆုံး ဖြစ်နေကြောင်း ဖော်ပြထားသည်။ အဆင့်မြင့် ပညာရေးဝဘ်ဆိုဒ်စာမျက်နှာတွေကို အကြည့်များမှု၊ အင်တာနက် အင်ဖော်မေးရှင်းတွေကို အကျိုးရှိရှိ အသုံးချနိုင်မှုမှာ တောင်ကိုရီးယား ဆယ်ကျော်သက်တွေက သာလွန်ကြောင်း ဖော်ပြထားသည်။

UNESCO အဖွဲ့ကလည်း တောင်ကိုရီးယား အစိုးရက ICT နည်းပညာကို ပညာရေးမှာ စနစ်တကျ အသုံးချနိုင်ကြောင်း ချီးကျုးထားသည်။

အမေရိကန် ထိတ်လန့်

ယခု တောင်ကိုရီးယားရဲ့ ဒစ်ဂျစ်တယ် စမတ်ပညာရေးစနစ် ပြောင်းလဲဖို့ ကြေငြာချက်ကို အမေရိကန် အစိုးရပိုင်းက အံဩခဲ့ရသည်။ အကြောင်းမှာ ပြီးခဲ့တဲ့လကမှ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံ အနာဂတ်ပညာရေးမှာ ဒီဂျစ်တယ်ရဲ့ အခန်းကဏ္ဍ အရေးပါလာမယ့်အကြောင်း ပြောပြီးရုံ ရှိသေး၊ ယခု တောင်ကိုရီးယားက ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးက ကျောင်းတွေမှာ စမတ်ပညာရေး စတင်မယ်လို့ ကြေငြာလိုက်ခြင်း ကြောင့်ပင်။

ဝင့်ထန်း

Source: BBC
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ရောက်ဖို့ အာစီယံဒေသမှာ စာဖတ်တဲ့ ယဉ်ကျေးမှု ရှိဖို့လို


Htet Aung created the doc: " "ဖေ့စ်ဘွတ်က ကူးယူဖော်ပြပါတယ်။ ကိုထက်အောင်က ကျနော့်မေးလ်ထဲ ပို့ပေးပါတယ်။

ဖင်လန်နိုင်ငံက ကျောင်းသူတစ်ယောက်နဲ့ ကားအတူစီးပြီး ကျမ ခရီးသွားဖူးပါတယ်။ ဘတ်စကားပေါ်မှာ တစ်နေ့လုံး စာကို သဲကြီးမဲကြီး ဖတ်နေတာ တွေ့ခဲ့ရတယ်။ စပ်စုတတ်တဲ့ ကျမက မေးကြည့်တယ်။

"ညီမလေး.. အဲဒီ စာမျက်နှာ ၅၀၀ ကျော်တဲ့ စာအုပ်ကို ဘယ်လောက်ကြာအောင် ဖတ်ရသလဲ"

"နှစ်ရက် သုံးရက်ပါပဲ.. အစ်မ"

စာအုပ်ချစ်တဲ့ ကျမ အဖို့တော့ အဲဒီလို စာအုပ်မျိုးပြီးဖို့ဆို တစ်ပတ် နှစ်ပတ်တော့ အချိန်ပေးရပါမယ်။

အင်ဒိုနီးရှားက ကျွန်းတွေကို ခရီးထွက်ဖြစ်တိုင်း ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ နိုင်ငံခြား ဧည့်သည်တွေ စာဖတ်နေကြတာ ကျမ အမြဲတမ်း တွေ့နေရပါတယ်။ စာအုပ်တွေကသာ သူတို့အတွက် အကောင်းဆုံး အဖော် ဖြစ်ပုံရပါတယ်။

ဖေ့စ်ဘွတ်ပေါ်မှာလည်း အနောက်က မိတ်ဆွေအချို့နဲ့ ကျမ ဆုံတတ်ပါတယ်။ စာဖတ်ဝါသနာ ပါသူတွေပီပီ၊ သူတို့ ကိုယ်ရေးဖိုင်ထဲမှာ အကြိုက်ဆုံး စာအုပ်စာရင်းတွေ ကိုယ်စီ တင်ထားကြပါတယ်။

ဒီလူတွေအဖို့တော့ ၀ါသနာပါလို့၊ အပျင်းဖြေဖို့ စာဖတ်တာ မဟုတ်ပါ။ စာဖတ်ခြင်းဟာ ယဉ်ကျေးမှု တစ်ခုကို ဖြစ်နေတာပါ။ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်နဲ့ တောင်ကိုရီးယား လို ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ စာဖတ်ခြင်းဟာ စွဲစွဲမြဲမြဲလုပ်ရမယ့် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေကြတာပါ။

စာဖတ်တဲ့ အလေ့အကျင့်ဆိုတာ ကလေးဘ၀လို ငယ်ငယ်ရွယ်ရွယ်မှာကတည်းက ပျိုးထောင်ရတာပါ။ မိခင်က စာမဖတ်တတ်သေးတဲ့ ကလေးငယ်ကို အသံထွက်ပြီး ဖတ်ပြရပါတယ်။ ကလေးကိုယ်တိုင် သူ့ဟာသူ စာဖတ်လာနိုင်တဲ့အထိ မိခင်က ဖတ်ပြနေဖို့ လိုပါတယ်။ အဲဒီ အလေ့အကျင့်က ကလေးကို ဘာသာစကား ကျွမ်းကျင်မှုရအောင် စပျိုးထောင်ရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက မြို့တိုင်း၊ ရပ်ကွက်တွေတိုင်းမှာ လူတွေ စာအုပ် အလွယ်တကူ လက်လှမ်းမှီနိုင်အောင် စာကြည့်တိုက်တွေ ထားပေးကြပါတယ်။ အဲဒီ နိုင်ငံတွေကလူတွေ စာသဲကြီးမဲကြီး ဖတ်တဲ့အကျင့်ဟာ နေရာတိုင်းမှာ စာကြည့်တိုက်တွေ ရှိနေတာကြောင့်မို့ ဖြစ်ပါတယ်။

သူတို့ကို စာဖတ်ကျင့် ဖြစ်စေတဲ့ နောက်အကြောင်းတစ်ခုကတော့ ကျောင်းမှာကတည်းက စာအုပ်တွေကို မဖတ်မနေရ ဖတ်ရတာပါ။ အနောက်နိုင်ငံတွေက မူလတန်းကျောင်း စာသင်ခန်းတိုင်းရဲ့ ထောင့်တွေမှာ စာကြည့်တိုက်လေးတွေ ရှိပါတယ်။ ဗဟုသုတဖြစ်စရာ စာအုပ်အမျိုးမျိုးတွေ ရှိနေပါတယ်။

ကျောင်းတွေက ကျောင်းသားတွေကို စာဖတ်စွမ်းရည် စစ်ဆေးမှု ပုံမှန်လုပ်ပါတယ်။ စစ်ဆေးမှုပြီးတိုင်း ဆရာက ကျောင်းသားရဲ့ စာဖတ်စွမ်းရည်အဆင့်ကို အကဲဖြတ်ပြီး သင့်လျော်မှန်ကန်တဲ့ စာအုပ် ရွေးချယ်တတ်အောင် လမ်းညွှန်ပေးပါတယ်။

စာဖတ်ခြင်းကို စိတ်ဝင်စားလာအောင်၊ စာဖတ်စွမ်းရည်မြင့်အောင် ပျိုးထောင်ရာမှာ ဖင်လန်နိုင်ငံကို နမူနာ ယူသင့်ပါတယ်။ ဖင်လန်ကျောင်းသားတွေရဲ့ စာဖတ်စွမ်းရည်ဟာ ကမ္ဘာမှာ တတိယအဆင့် ရှိပါတယ်။ စာဖတ်ကျင့်ကို လူထုတွေကြား ယဉ်ကျေးမှုဖြစ်လာအောင် ဆောင်ရွက်နေတဲ့ ထူးခြားတဲ့ တိုင်းပြည် ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ အဓိကအချက်က စာအုပ်၊ သတင်းစာနဲ့ မဂ္ဂဇင်းတွေကို အားလုံး လက်လှမ်းမှီအောင် အများပြည်သူ့ စာကြည့်တိုက်တွေမှာ ထားပေးခြင်း ဖြစ်ပါတယ်။ နောက်ပြီး စာဖတ်ခြင်းရဲ့ အရေးပါမှုကို ကျောင်းတွေ၊ ဆရာတွေနဲ့ မိဘတွေက ကမ်ပိန်းတစ်ခုအဖြစ် အဆက်မပြတ် လှုံဆော်နေခြင်း ဖြစ်ပါတယ်။

ဒီလို ကြိုးစားရာမှာ ဖင်လန် သတင်းစာတိုက်တွေ၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေ၊ ကျောင်းဆရာ သမဂ္ဂတွေ၊ ကျောင်းစာကြည့်တိုက်နဲ့ ကိုယ်ပိုင်စာကြည့်တိုက်တွေ စတဲ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

စာဖတ်ခြင်းဟာ ဘာသာစကား စွမ်းရည်တိုးတက်ဖို့အတွက် အရေးပါပါတယ်။ လူထုရဲ့ ဘာသာစကား စွမ်းရည် မြင့်မားမှုနဲ့ ဗဟုသုတကြွယ်ဝမှုက တစ်ဦးချင်းကိုရော လူ့အဖွဲ့အစည်းကိုပါ အများကြီး အကျိုးဖြစ်စေပါတယ်။

ပထမအချက်က ကျောင်းမှာ စာဖတ်စွမ်းရည် လေ့ကျင့်ပေးခြင်းဟာ ကျောင်းသားတွေကို အောင်မြင်တဲ့ သင်ယူလေ့လာသူတွေ ဖြစ်လာစေပါတယ်။ စနစ်တကျ စာဖတ်နိုင်မှုက တက္ကသိုလ် ပညာရေးမှာရော တသက်တာ သင်ယူဆည်းပူးသူ အဖြစ်နဲ့ပါ အောင်မြင်မှုတွေ ရရှိစေပါတယ်။

ဒုတိယအချက်က စာဖတ်ခြင်းဟာ တစ်စုံတစ်ဦးကို ဆန်းသစ်တီထွင်သူဖြစ်အောင် လှုံဆော်ပေးနိုင်ပါတယ်။ ဆန်းသစ်တီထွင်မှု ရလဒ်တွေဆိုတာ အိုင်ဒီယာတွေနဲ့ အယူအဆတွေ ပေါင်းစပ်ပြီးမှ ရလာတာပါ။ စာတွေ ပိုများများဖတ်လေ၊ အယူအဆနဲ့ စိတ်ကူးစိတ်သန်းတွေ ပိုများများ ၀င်လာလေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တီထွင်ဖန်တီးမှု အများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ လာနေတာ အံ့ဩစရာ မရှိပါဘူး။

ဂျပန်ကိုပဲ ကြည့်ပါ။ ဂျပန်တွေရဲ့ စာဖတ်စွမ်းရည် မြင့်မားမှုကြောင့် ကမ္ဘာမှာ တီထွင်ဆန်းသစ်မှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့ပါတယ်။ အခြားအာရှနိုင်ငံတွေ ဂျပန်ကို အမြဲ အတုယူ အားကျသင့်ပါတယ်။

တတိယအချက်။ စာဖတ်ခြင်းဟာ အမြင်မတူမှုအပေါ် သည်းခံမှုနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးပါတယ်။ စာများများ ဖတ်တာနဲ့အမျှ၊ အခြားလူတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ယုံကြည်ချက်၊ ဘာသာရေး၊ လူမျိုးရေးတွေကို ပိုပြီးနားလည် ခံစားတတ်လာပါတယ်။

ဥပမာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ မူဆလင်တွေဟာ တစ်ဦးယုံကြည်ချက်အကြောင်း တစ်ဦး ဖတ်ကြတယ်ဆိုရင် ဘာသာတရားတွေရဲ့ အဓိက အနှစ်သာရက ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ကိုယ်ချင်းစာတရားတွေ ဖြစ်တာကို သိနားလည်ကြပါမယ်။ ဒီလို နားလည်လာရင် ဒေသပဋိပက္ခတွေကို လျှော့ချနိုင်ကြပါလိမ့်မယ်။

စာဖတ်ခြင်းကနေ အနာဂတ်မှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကို တားမြစ်ပေးနိုင်မယ်လို့ ကျမ အလေးအနက် ယုံကြည်နေပါတယ်။ ကျမတို့ အင်ဒိုနီးရှား တင်မကဘဲ အာစီယံ ဒေသတွင်းနိုင်ငံအားလုံးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကို စနစ်တကျ ဖတ်တဲ့ အလေ့အကျင့်တွေ ပျိုးထောင်ဖို့ အမြန် လိုအပ်နေပါတယ်။

ဒါကြောင့် အာစီယံနိုင်ငံတိုင်းမှာ စာဖတ်ခြင်းကို ယဉ်ကျေးမှုဖြစ်လာအောင်အထိ လုပ်ကြဖို့ ပေါ်လစီမိတ်ကာ တွေကို ကျမ အကြံပေးချင်ပါတယ်။ လူထုအားလုံး စာဖတ်လာအောင် တယ်လီဗေးရှင်းတွေ၊ ပိုစတာတွေ၊ ဆောင်ပုဒ်တွေ၊ လက်ကမ်းစာစောင်တွေနဲ့ လှုံ့ဆော်မှုအထိ လုပ်ရမယ်။

ဒါပေမဲ့ အပေါ်ယံ ဟန်ပြတွေမဟုတ်ဘဲ၊ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

စာဖတ်စွမ်းရည်ကို မြှင့်မားစေမယ့် ပညာရေးသင်ရိုးညွှန်းတမ်းတွေကို နိုင်ငံတကာကျောင်းတွေ၊ ပညာရှင်တွေနဲ့ ညှိနှိုင်းဆွဲဖို့ ပညာရေးဌာနတွေက အကောင်အထည် ဖော်ရပါမယ်။

ရည်ရွယ်ချက်က စာသင်ခန်းမှာ ကလေးတွေ မဖတ်မနေရ စာဖတ်စေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် ကျောင်းတွေမှာ ပြဌာန်းစာအုပ်တင်မကဘဲ၊ ဖတ်စရာ စာအုပ်မျိုးစုံနဲ့ စာကြည့်တိုက်အတွက် လိုအပ်သမျှ အထောက်အကူ ပစ္စည်းတွေ ဖြည်းဆည်းပေးထားရပါမယ်။ ကျောင်းသားတွေရဲ့ အရွယ်ဖွံ့ဖြိုးမှုနဲ့အတူ စာဖတ်စွမ်းရည် မြင့်လာအောင်၊ သုတ ရသ စာအုပ်အားလုံး ဖတ်ခွင့် ပြုရပါမယ်။

နောက် ဒေသစာကြည့်တိုက်တွေနဲ့ ပုဂ္ဂလိကစာကြည့်တိုက်တွေ ထူထောင်ဖို့ လိုအပ်တဲ့ စာအုပ်စာတမ်းတွေကို အစိုးရက ပံ့ပိုးပေးရပါမယ်။ စာကြည့်တိုက်တွေကြားမှာ ကွန်ယက်ဖွဲ့ပေးထားရပါမယ်။ ရည်ရွယ်ချက်က လူထုကို ဗဟုသုတဖြစ်စေမယ့် စာအုပ်တွေ များများ ငှားပေးနိုင်ဖို့ ဖြစ်ပါတယ်။

အာစီယံနိုင်ငံတွေမှာ စာဖတ်အားနည်းတဲ့ အဓိက အကြောင်းက စာအုပ်စာပေကို လူထုနဲ့ လက်လှမ်းမှီမှီ ထားမပေးနိုင်တဲ့ အချက်ဖြစ်တာ ကျမတို့ မြင်တွေ့နေရပါတယ်။ အစိုးရတွေအနေနဲ့ လူထု စာဖတ်ရေး လုပ်ငန်းအတွက် ငွေကြေးအလုံအလောက် သုံးစွဲသင့်ပါတယ်။

စာဖတ်တဲ့ ယဉ်ကျေးမှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့အတွက် အလွန်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ စိန်ခေါ်မှုတွေ ရှိပေမဲ့၊ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ အိပ်မက် မက်ထားရင် မဖြစ်မနေ ကျားကုတ်ကျားခဲ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။

အနာဂတ်မှာ ကျမတို့ အာစီယံ ဒေသနိုင်ငံအားလုံးက ကားပေါ်၊ ရထားပေါ်၊ လေယာဉ်နဲ့ သင်္ဘောပေါ်၊ ကော်ဖီဆိုင်၊ လက်ဘက်ရည်ဆိုင် တွေမှာ လူတွေ စာဖတ်နေတာကို မြင်ရဖို့ လိုပါတယ်။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် လူတွေ စာဖတ်နေပြီဆိုရင်တော့ အာစီယံဒေသလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေ ဖြစ်နေပြီပေါ့။

ရည်ညွှန်း။ The Jakarta Post

(စာရေးသူ Betsy Sahetapy မှာ Jakarta International School မှ ကျောင်းဆရာမ ဖြစ်သည်။)

ဝင့်ထန်း
>>>ဆက်လက်ဖတ်ရှုရန်>>> >>