ဘုရားပန်းလှူပြီး နတ်ပြည်ရောက်တာတွေ အများကြီးဖတ်ဖူးပါတယ်။ သုမနပန်းသည်ဆိုတာကတော့ ထူးထူးခြားခြား ဘုရားပန်းလှူတဲ့သူပေါ့။ ဘုရင့်ကိုဆက်သမယ့်ပန်းကို အသက်စွန့်ပြီး မြတ်စွာဘုရားကို လှူလိုက်တာ။ ဘုရင်က ပန်းမရလို့ သတ်ချင်လဲ သတ်ပစေဆိုပြီးတော့ အသက်စွန့်ခဲ့တာ။ သူ့မိန်းမကတော့ မင်းဒဏ်သင့်မှာစိုးပြီး ရှင်နဲ့ ကွဲပြီ။ ရှင်လုပ်တာ ရှင်ပဲ ရှင်းတော့ဆိုပြီး ထွက်သွားခဲ့တယ်။ ဘုရင်က သိတော့ လေးစားလွန်းလို့ ဆုတော်လာဘ်တော်တွေ ပေးတယ်။ အသက်စွန့်ပြီး ဘုရားကို ပန်းလှူခဲ့လို့ ကမ္ဘာတစ်သိန်းအပါယ်မကျဘူး။ သုမနအမည်ရတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးဖြစ်တော်မူလိမ့်မယ်။ လူတိုင်းဟာ လောဘရဲ့ အလိုတော်ကျ တသွေမတိမ်းလိုက်ပြီး လုပ်နေကြတာများပါတယ်။ လောဘကို တွန်းလှန်ရဲတဲ့သတ္တိဆိုတာ လူတိုင်းမှာ မရှိနိုင်ပါဘူး။ သုမနပန်းသည်ကတော့ သူ့ရဲ့ လောဘကို အသက်နဲ့လဲပြီး တွန်းလှန်ပုန်ကန်ခဲ့တာပါ။ ဘုရားတည်ကျောင်းဆောက်ကုသိုလ်မဟုတ်ပေမယ့် သူ့ရဲ့ စေတနာသဒ္ဓါတရားနဲ့ ဥာဏ်ပညာအားကြီးမားခဲ့လေတော့ အကြီးတရားလဲ အံ့မခန်းကြီးမားခဲ့ပါတယ်။ လူတိုင်းဟာ သုမနပန်းသည်လို ကိုယ့်စေတနာ သဒ္ဓါ ဥာဏ်ပညာများများရှိအောင်ကြိုးစားပြီး ဘုရားတရားသံဃာနဲ့ဆက်စပ်တဲ့ကုသိုလ်တွေ လုပ်နေကြရင် ဘယ်လောက်များကောင်းလေမလဲ။
Thursday, November 21, 2013
Wednesday, November 6, 2013
ကံစေတနာ
ကံဆိုတာ စေတနာပဲလို့ စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ။ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ၀ါစာယ မနသာဆိုတာကို ထောက်ထားပြီး ပြောနေကြပါတယ်။
အထက်ပါပါဠိရဲ့ ဘာသာပြန်ကတော့ စေတနာဟာ ကံပဲ။ ကိုယ်နှုတ်စိတ်တွေနဲ့ စေ့ဆော်ပြီး ကံလုပ်နေကြတာပေါ့တဲ့။
ဆိုတော့ စေတနာဟာကံပဲ။ ကံဖြစ်ရာအရပ်တွေက ကိုယ်နှုတ်စိတ်ပဲလို့ ဆိုလိုတာလား။
ဆက်ပြီးမေးစရာရှိတာက စေတနာပဲ ကံမည်တာလားဆိုတော့
စေတနာပဲ ကံမည်တာ မဟုတ်ပြန်ဘူး။ တခြား တရားပေါင်းများစွာလဲ ကံမည်နိုင်သေးတယ်။ ကံလေးမျိုးလေးလီဆိုတာနဲ့ပတ်သက်ပြီး အမည်းကံ အဖြူကံ အမည်းအဖြူရောတဲ့ကံ မမည်းမဖြူကံဆိုတာထဲမှာတော့ အကုသိုလ်စေတသိက်တစ်ချို့နဲ့ မဂ်ဂင်ရှစ်ပါး ဗောဇ္ဈင် ၇ပါးအစရှိတဲ့တရားတွေလဲ ကံအမည်ရနိုင်သေးတယ်လို့ ဆိုထားတယ်။
အဲဒီကံဆိုတာတွေဟာ ဘယ်မှာတည်ရှိသလဲဆိုတော့ သစ်ပင်တစ်ပင်ရဲ့သီးတတ်တဲ့သဘောလိုပဲ ဘယ်မှာတည်ရှိတယ်ဆိုတာ အတိအကျမပြောနိုင်ဘူးတဲ့။
ကံအကျိုးပေးတာကတော့ ၀ိပတ္တိလေးပါး သမ္ပတ္တိလေးပါးလိုက်ပြီး အကျိုးပေးတာပါတဲ့။
ကံရှိနေသရွေ့ ဘ၀တွေရနေမှာဖြစ်တယ်။ အိုနာသေမလွတ်နိုင်သေးဘူး။
ကံကုန်ရင် ဘ၀ကုန်မယ်။ ကံကုန်ချင်ရင် ၀ိပဿနာဥာဏ်နဲ့ ကံအသစ်မဖြစ်အောင်လုပ်ပြီးတော့ မဂ်ဥာဏ်နဲ့ ကံကိုသတ်မယ်။ ဒါဆိုရင် နိဗ္ဗာန်ကို ရမယ်။

Tuesday, November 5, 2013
မနက်ခင်း
မနက်ခင်းပဲဖြစ်ဖြစ် နေ့ခင်းညနေခင်းပဲဖြစ်ဖြစ် ကောင်းတာတွေလုပ်ဖို့ ကောင်းတာတွေပြောဖို့ အကြံကောင်းတွေကြံစည်ဖို့လိုအပ်တယ်။ စိတ်ပါလက်ပါအပြုအမှုတိုင်းဟာ သက်ရောက်မှုရှိတာဆိုတော့ ကံသုံးပါးကောင်းမွန်နေဖို့လိုတယ်။ ကံဆိုးလိုက်တာ ကံကောင်းလိုက်တာဆိုတာ ကိုယ်တိုင်စိုက်ပျိုးစားသုံးရတဲ့သစ်သီးမျိုးစုံပဲ။ အချိုအမွှေး အလှအပတွေစားချင်ရင် မျိုးကောင်းသစ်ကောင်းကို စိုက်ထားကြဖို့လိုပါတယ်။
သီလ
သီလကို မြေနှင့်ဥပမာပြုထားတာဖတ်ဖူးတယ်။ မြေပေါ်မှာ အရာအားလုံးရပ်တည်ရှင်သန်ရသလို သီလပေါ်မှာ ကောင်းမြတ်တဲ့ဂုဏ်တွေအားလုံး ဖြစ်တည်ပေါက်ရောက်ရတာပါတဲ့။ ကိုယ်ကျင့်နှုတ်ကျင့်သီလမကောင်းဘဲ ဘယ်လိုရွှေငွေရတနာ ရာထူးဂုဏ်ထူးတွေကမှ လူတစ်ယောက်ကို အဆင့်မှီလူသူတော်ကောင်း လူကြီးလူကောင်းအဖြစ်မလုပ်ပေးနိုင်ပါဘူး။ သီလမြေမရှိဘဲ ဘယ်လိုကောင်းမြတ်မှုတွေ ဘယ်လိုအဆင့်မြင့်မှုတွေကမှ ပေါက်ဖွားကြီးထွားနိုင်မှာမဟုတ်တော့ လူတိုင်းသီလမြေကောင်းမြေသန့်တွေ ပိုင်ဆိုင်မွေးမြူထားကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
ဒါန
လူတွေက အဆင့်မြင့်တရားတွေကို ပါးစပ်က မချတမ်းပြောနေကြတာ။ တကယ်တော့ လူရောနတ်ရော တိရိစ္ဆာန်ကော လုပ်နိုင်တဲ့ဒါနပြုဖို့ကျတော့ လက်တုန်ခြေတုန် အကြောဆွဲငှက်ဖျားတက်နေပြန်ရော။
မျက်ကန်းမထေရ်
ဘုရားလက်ထက်တော်အခါတုန်းက ရဟန်းတစ်ပါးဟာ ရဟန္တာဖြစ်တဲ့ညမှာပဲ မျက်စိကန်းသွားခဲ့တယ်။ သူ့ရဲ့ အတိတ်ဘ၀က မိန်းမတစ်ယောက်ကို မျက်စိကန်းအောင်လုပ်ခဲ့လို့တဲ့။ မျက်စိအကြွေးဆပ်သွားတာပေါ့။ လောကမှာ ငွေအကြွေးယူရင် ငွေပြန်ဆပ်ရသလို ကံကြွေးတွေယူထားရင်လဲ ကံကြွေးတွေ ပြန်ဆပ်ရမှာပါပဲ။ ကံအဆိုးအကြွေးတွေ များများယူထားသူမဖြစ်အောင် ကံကောင်းတွေလုပ်ရင်းနဲ့ ကံအဟောင်းတွေကို အကောင်းဖြစ်အောင်လုပ်နေကြဖို့ လိုအပ်ပြန်ပါသကောလား။ ကိုယ့်ကံနဲ့ကိုယ် ကိုယ့်ဘ၀နဲ့ကိုယ်ဗျနော်။
ဆင်နဲ့မျောက်
တောရဆောက်တည်နေတဲ့မြတ်စွာဘုရားကို ပါလိလေယျကဆင်နဲ့ မျောက်တစ်ကောင်က တတ်နိုင်သမျှ ပြုစုလှူဒါန်းကြတဲ့အကြောင်းကို စာထဲမှာ ဖတ်ဖူးတယ်။ တိရိစ္ဆာန်တွေတောင် ဘုရားကို ဘုရားမှန်းသိပြီး ပူဇော်နိုင်သေးရင် လူတွေက ဘာလို့ မပူဇော်နိုင်ဘဲ ရန်ပြုနေရမှာပဲ။ ဘုရားတရားသံဃာဆိုတဲ့ရတနာသုံးပါးကို ရတနာမှန်းသိပြီး ကုသိုလ်ရတနာများစွာအတွက် ပူဇော်နိုင်ဖို့ ပူဇော်နေဖို့ လိုအပ်ပါတယ်။
ပုတ်သင်ညိုများ
ဝိဒေဟရာဇ်မင်းရဲ့ပုတ်သင်ညိုက ငွေတစ်ပဲရလို့ မာနတက်သတဲ့။ သခင်ကို အာခံသတဲ့။ အလေးမပြုဘူးတဲ့။ လူတွေလဲ တစ်ခုခုရရင် တစ်ခုခုဖြစ်လာရင် ဒီလိုပဲ ဘ၀မေ့အသိပျောက်သွားကြတာပဲလား။ ဘ၀င်မြင့်ရူးသွားတာပဲလား။ ဒါဆိုရင် လူတွေလဲ ပုတ်သင်ညိုဖြစ်သွားတာပဲပေါ့
Subscribe to:
Posts (Atom)