Saturday, October 6, 2012

ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်

အရှင်နာဂသိန်ကို မိလိန္ဒမင်းက မေးဖူးတယ်။ ရဟန်းပြုရခြင်းရဲ့ အကျိုးရလဒ်က ဘာလဲ။ နောက်ဆုံးပန်းတိုင်က ဘာလဲပေါ့။ အရှင်နာဂသိန်က ပြန်ဖြေတယ်။ မင်းကြီး၊ ဖြစ်နေတဲ့ ဒုက္ခချုပ်ငြိမ်းဖို့နဲ့ နောက်ထပ် ဒုက္ခအသစ်မဖြစ်ဖို့ဟာ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ရုပ်နာမ်အားလုံးထာဝရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဝင်စံရခြင်းဟာ အမြတ်ဆုံးပန်းတိုင်ဖြစ်တယ်။ ရဟန်းအားလုံးဟာ ဒီရည်ရွယ်ချက်နဲ့ပဲ ရဟန်းပြုလာကြတာလားဘုရား..။ 
မဟုတ်ဘူး မင်းကြီး၊ တစ်ချို့သော ရဟန်းတွေဟာ မင်းဘေးကြောက်လို့၊ တစ်ချို့က သူခိုးဘေးကြောင့်၊ တစ်ချို့က ကြွေးမဆပ်နိုင်လို့၊ တစ်ချို့ကတော့ စားဝတ်နေရေးချောင်လည်လို့ ပြုလာကြတာဖြစ်တယ်။ တစ်ချို့သော ရဟန်းကောင်းများသာလျှင် ဒီဒုက္ခငြိမ်းဖို့ နိဗ္ဗာန်ရောက်ဖို့ ရဟန်းပြုလာရခြင်းဖြစ်တယ်။ 

ဒါဆို အရှင်ဘုရားကကော ဒီဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုလာတာလားဘုရားလို့ မေးပြန်တော့...မင်းကြီး၊ ငါဟာ ငယ်ရွယ်စဉ်ကတည်းက ရဟန်းပြုခဲ့ခြင်းဖြစ်တယ်။ ဒီအကြောင်းကို ငါမသိဘူး။ ငါသိတာက ဒီသကျနွယ်ဖွား ဘုရားသားကျော် ရဟန်းတော်တွေဟာ ပညာရှင်တွေဖြစ်ကြတယ်။ ငါ့ကို သင်ပေးကြလိမ့်မယ်ဆိုပြီး ငါဟာ ရဟန်းပြုလာခြင်းဖြစ်တယ်။ အခု ပညာကောင်းကောင်းသင်ပေးခံရတဲ့ငါဟာ ရဟန်းပြုရခြင်းရဲ့ အမြင့်ဆုံးအကျိုးတရားကို သိပြီ။ မြင်ပြီလို့ ဖြေကြားခဲ့ပါတယ်။ 

ဒီတော့ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်အမျိုးအမျိုးဟာ အကြောက်တရားမျိုးစုံကို ကာကွယ်ဖို့ဆိုတာရှိသလို တကယ်ပဲ ဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုသူတွေလဲ ရှိနိုင်တယ်ဆိုတာ သိခွင့်ရပါတယ်။ ရဟန်းသာမဏေတိုင်းဟာ ဒီမေးခွန်းနဲ့အဖြေကို ဖတ်ထား စဉ်းစားထားဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ ဒီပို့စ်တ်ကိုရေးရင်း ဒီနေရာကနေ သူတော်ကောင်း ရဟန်းတော်များအား ဦးခိုက်ပူဇော်လိုက်ရပါတယ်။

No comments:

Post a Comment