Friday, November 2, 2012

ငှက်တေလေ



                                                      

(၁)

နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ရောက်လာ
ပြီးတော့
ပျံထွက်သွားကြတယ်။

သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ကနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။


(၂)
အို.....
လောကရဲ့ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်...
မင်းတို့ရဲ့ ခြေရာကို
ငါ့စကားလုံးလေးတွေအဖြစ်
ထားရစ်ခဲ့ပါ့ကွယ်။


(၃)
လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။


(၄)
ကမ္ဘာမြေ
သူ့အပြံး တဝေေ၀
လုပ်ပေးတာက
သူ့မျက်ရည်စ တွေ။


(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ကနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္ထာရဟာ
တဟုန်းဟုန်း တောက်လောင်နေရတယ်။


(၆)နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့လည်း
မင်းလွဲရပေဦးမယ်။


(ရ)
က´နေတဲ့ ရေပြင်ရယ်....
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကို မေတ္တာရပ်ကြတယ်။
သူတို့ရဲ့ မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။


(၈)
သူ့ရဲ့
 တမ်းတမ်းတတမျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါ ရောက်လာစိုးမိုးနေ။


(၉)
တခါက
အိပ်မက်မက်ခဲ့ရာ
ကိုယ်တို့နှစ်ဦးသား
သူစိမ်းများ။
နိုးလာသောအခါ
ဖက်လှဲတကင်း ဆွေရင်းဘဝ
တွေ့ကြရ။


(၁၀)
ဝမ်းနည်းခြင်းသည်
နှုတ်ဆိတ် သစ်ပင်များကြားရှိ
ညနေခင်းသဖွယ်
ငါ့နှလုံးသား အတွင်း
ငြိမ်းချမ်းခြင်းအဖြစ်
တိတ်ဆိတ်စွာတည်လာ၏။


(၁၁)
မမြင်ရတဲ့ လက်ချောင်းလေးတွေက
ညှင်းသွဲ့သွဲ့ လေပြေလို
ကိုယ့်နှလုံးသားပေါ်မှာ
လှိုင်းပုတ်သံ ဂီတကို တီးခတ်နေကြတယ်။


(၁၂)
``အို... ပင်လယ်
သင့်ဘာသာစကားက ဘာပါလဲ´´
``ထာဝရ ပုစ္ဆာဆိုတဲ့ ဘာသာစကားပါ။´´

``အို...ကောင်းကင်
သင့်အဖြေကရော...
ဘာ  ဘာသာစကားပါလဲ´´
``ထာဝရ  ဆိတ်ငြိမ်ရာဆိုတဲ့ ဘာသာစကားပါ။´´


(၁၃)
ငါ့..နှလုံးသား
နားစွင့်လော့
လောက၏ တီးတိုးစကား။
ယင်းတို့က
သင့်အတွက်ဖန်တီးအံ့
အချစ်တရား။


(၁၄)
ဖန်ဆင်းမှု၏
နက်နဲဆန်းကျယ်ခြင်းကား
ညဥ့်အမှောင်နှင့် ထပ်တူထား
ကြီးကျယ်ခမ်းနားစွ။
အသိဥာဏ်၏လှည့်စားမှုမှာမူ
ဆိုပါစို့ နံနက်ခင်း နှင်းမြူ။


(၁၅)
မြင့်မားသည်ဟု
သင့်အချစ်၏ ထိုင်စရာနေရာ။
မထားလေနှင့်
မတ်စောက်တောင်စွန်းမှာ။


(၁၆)
ယနေ့ နံနက်
ငါ့အိမ် ပြတင်း၌ ထိုင်နေစဉ်
လောကသည်
လမ်းသွားလမ်းလာ တစ်ဦးပမာ
ခဏတဖြုတ်ရပ်
ငါ့အား ခေါင်းငြိမ့်ပြ
ထို့နောက်
ထွက်ခွာသွားလေသည်။

(၁၇)
ဤအတွေးတို့ကား
သစ်ရွက်ခတ်သံများ။
ယင်းတို့သည်
ငါ့စိတ်ထဲတွင်
ယင်းတို့၏ပျော်ရွှင်မှုတီးတိုးစကားကို

ဆိုကြ၏။


(၁၈)
မင်းဘယ်သူဆိုတာ
မင်း မမြင်သာ
မင်းမြင်ရတာ
မင်း အရိပ်ပါ။


(၁၉)
အရှင်
အကျွန်၏ လိုအင်ဆန္ဒတို့ကား
သူရူးများ။
အရှင့်တေးသီချင်းများကို
သူတို့ာကားဖေါက်ဟစ်အော်ကြ၏။
သို့သော်
အကျွန့်အားနားထောင်ခွင့်ပြုစေချ
င်သည်။


(၂၀)
အကောင်းဆုံးကို
ငါကမရွေးချယ်နိုင်။
အကောင်းဆုံးကသာ
ငါ့ကို ရွေးချယ်၏။


(၂၁)
မီးအိမ်ကို
ကျောပေါ်တင်သွားတဲ့သူတွေဟာ
ကိုယ့်အရိပ်ကို
ကိုယ့်ရှေ့ရောက်အောင်  ပို့ကြတယ်။


(၂၂)
ငါဟုတည်ရှိနေသည်ကား
ဘ၀ဆိုသည့်
အတောမသတ် အံ့ဖွယ်တပါး။


(၂၃)
“ငါတို့ဟာ
တသဲသဲလှုပ်နေတဲ့ သစ်ရွက်တွေပဲ
တို့မှာမုန်တိုင်းကို အဖြေပေးဖို့
အသံရှိတယ်
နေပါဦး
တိတ်ချက်သားကောင်းတဲ့မင်းက ဘယ်သူလဲ”

“ကျွန်တော်လား...
ပန်းတစ်ပွင့်ပါဗျာ”


(၂၄)
နားနေမှုသည်
အလုပ်ပေါ်တည်၏။
မျက်ခွံသည်
မျက်လုံးပေါ် တည်သကဲ့သို့တည်း။


(၂၅)
လူသည်
မွေးခါစ ကလေးငယ်ဖြစ်၏။
သူ့ အစွမ်းအစသည်
ကြီးပျင်းမှု၏  အစွမ်းအစသာ။


(၂၆)
ဘုရားသခင်
မျှော်လင့်သည့် အဖြေစကားတို့ကား
အကျွန်ုပ်တို့ထံ ပို့သလိုက်သည့်
ပန်းပွင့်များအကြောင်းသာ။
နေမင်းကြီးအကြောင်း
ကမ္ဘာမြေကြီးအကြောင်း မဟုတ်ပါ။


(၂၇)
စိမ်းစိုစို သစ်ရွက်တွေကြားမှာ
ကိုယ်လုံးတီးကလေးတစ်ယောက်လို
ပျော်ပျော်ပါးပါး ကစားနေတဲ့
အလင်းရောင်ဟာ
လူဆိုတာ
မုသားပြောတတ်မှန်း မသိရှာဘူး။


(၂၈)အို...အလှတရား
သင့်ကိုယ်သင် အချစ်၌ တွေ့အောင်ရှာ။
သင့်မှန်ပြင်၏
အချယ်အမှုန်း၌  မရှာလေနှင့်။


(၂၉)
ငါ့နှလုံးသားသည်
လောကကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခတ်ကာ
“မင်းကို ကိုယ်ချစ်တယ်”
ဆိုသည့်စကားကိုရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏။


(၃၀)
“လမင်း...သင်ဘာလုပ်ဖို့စောင့်
နေတာလဲ”
“အကျွန် လမ်းဖယ်ပေးရမယ့်
နေမင်းကို ဂါရ၀ပြုဖို့ပါ.....”

-----------------            -----------------

(၃၁)
ဆွံ့အကမ္ဘာမြေ၏
ရော်ရမ်းတမ်းတသံအလား
သစ်ပင်များ
ငါ့ပြတင်းဆီ
ထိုးတက်လာကြပြီ။


(၃၂)
ဘုရားသခင်၏
ကိုယ်ပိုင်နံနက်ခင်းတို့ကား
ကိုယ်တော်အရှင်အတွက်
အံ့ချီးဖွယ် အသစ်အသစ်
ဖြစ်ကုန်၏။


(၃၃)
ဘ၀သည်
မိမိ၏ စည်းစိမ်ဥစ္စာကို
လောက၏တောင်းဆိုချက်များကြောင့်
ရရှိပြီး
မိမိ၏ တန်ဘိုးရှိမှုကိုမူ
အချစ်၏တောင်းဆိုချက်များကြောင့်
ရရှိလေသည်။


(၃၄)
ခြောက်ခမ်းသွားသော
မြစ်ကြမ်းပြင်သည်
ယင်း၏ အတိတ်နှင့် ပတ်သက်၍
ကျေးဇူးတရားရှာတွေ့ချေ။


(၃၅)
ငှက်က တိမ်လွှာ ဖြစ်လိုက်ချင်တယ်။
တိမ်လွှာကလည်း ငှက်ဖြစ်လိုက်ချင်တယ်။


(၃၆)
ရေတံခွန်က တေးဆိုသည်။
“ငါ့လွတ်လပ်မှုကို တွေ့သောအခါ
ငါ့သီချင်းကိုတွေ့သည်သာ။”


(၃၇)
ဤနှလုံးသား
တိတ်ဆိတ်မှုဖြင့် ညှိုးဖျော့နေသည်မှာ
အဘယ်ကြောင့်ဟု ငါမပြောတတ်။
စင်စစ်
သူ မတောင်း၊ မသိ၊
မှတ်လည်း မမှတ်မိသည့်
အသေးအဖွဲ လိုအပ်ချက်များကြောင့်သာ။


(၃၈)
အမျိုးသမီး...
အိမ်အလုပ်တို့ဖြင့်
သင် လုပ်ကိုင် လှုပ်ရှားစဉ်
တောင်ကျစမ်းက
တေးဆိုသကဲ့သို့
သင့်ကိုယ်လက် အင်္ဂါတို့လည်း
တေးဆိုကြ၏။


(၃၉)
နေသည်
အနောက်ပင်လယ်ကို
ကျော်ဖြတ်ရန်အသွား
အရှေ့အရပ်ဆီ
သူ၏နောက်ဆုံး ဂါရ၀တရား
ထားရစ်ခဲ့လေသည်။


(၄၀)
ကိုယ့်ဟာကိုယ်
ခံတွင်းပျက်တာ
အစားအစာကို အပြစ်မဆိုရာ



(၄၁)
ကမ္ဘာမြေ၏
တမ်းတမှုနှင့်တူသော
သစ်ပင်များသည်
ကောင်းကင်ဘုံကို ချောင်းကြည့်ရန်
ခြေဖျားထောက်ကြ၏။


(၄၂)
မင်းကပြုံးပြပြီး
ကိုယ့်ကို
ဘာတစ်ခွန်းမှ မပြောခဲ့။
အဲသည်အပြုံးကြောင့်ပဲ
ကိုယ့်မှာအကြာကြီး
စောင့်စားခဲ့ရတယ်လို့
ခံစားမိပါရဲ့။


(၄၃)
ရေထဲကငါးက တိတ်ဆိတ်တယ်။
မြေပေါ်က တိရိစ္ဆာန်က ဆူညံတယ်။
လေထဲက ငှက်က တေးဆိုတယ်။
ဒါပေမဲ့ လူကတော့
ပင်လယ်ရဲ့ တိတ်ဆိတ်မှု
ကမ္ဘာမြေရဲ့ ဆူညံမှုနဲ့
လေထုရဲက ဂီတကို ပိုင်ဆိုင်ထားပါတယ်။


(၄၄)
မခွဲနိုင် မခွာရက်သည့်
နှလုံးသား၏ စောင်းကြိုးများအပေါ်
လောကသည်
အတင်းတိုးဝှေ့ကာ
ပူဆွေးမှုဂီတကို
ဖန်တီးသွားလေသည်။


(၄၅)
အကြင်ပုဂ္ဂိုလ်သည်
မိမိ လက်နက်များကို
နတ်ဘုရားအဖြစ် အားထား၏။
လက်နက်တို့က
အနိုင်ယူသွားသောအခါ
ထိုပုဂ္ဂိုလ်သည်
ကိုယ့်လက်ချက်နှင့်ကိုယ်
ချေမှုန်းခံရ၏။


(၄၆)
ဘုရားသခင်သည်
ဖန်ဆင်းခြင်းဖြင့်သာ
မိမိ ကိုယ်မိမိ
တွေ့ရှိတော်မူ၏။



(၄၇)
အရိပ်ဟာ
သူ့ဇာမျက်နှာဖုံးကိုလှပ်၊
သူ့ အချစ်ရဲ့ နှုတ်ဆိတ်ခြေလှမ်းတွေနဲ့
တိတ်တိတ်ကလေး
အကွယ်အကာ မပါပဲ
အလင်းနောက်ကို
တကောက်ကောက် လိုက်ရှာတယ်။


(၄ဂ)
ကြယ်တို့သည်
ပိုးစုန်းကြူများပမာ
ပေါ်ပေါက်လာရသော်ငြား
စိုးရိမ်ကြောင့်ကြ မဖြစ်ကြချေ။


(၄၉)
အရှင့်အား
အကျွန် ကျေးဇူးဆို၏။
အကျွန်သည်
တန်ခိုးအာဏာ၏
ယန္တရားဘီးမဖြစ်ပဲ
ထိုဘီးဖြင့်
အကြိတ်ခံရသော
သက်ရှိ သတ္တ၀ါတို့အနက်
တစ်ဦးအပါအ၀င် ဖြစ်သောကြောင့်တည်း။


(၅၀)
စိတ်ဆိုတာ
သဘော မပြည့်ရင်သာနေမယ်
ထက်ရှတတ်တယ်။
မလှုပ်ရင်သာနေမယ်
နေရာတကာ ကပ်ညိတတ်တယ်။

(၅၁)
သင့်ဆင်းတုတော်
မြေမှုန့်ထဲတွင်
အပိုင်းပိုင်း ကျိုးကြေနေခြင်းသည်
ဘုရားသခင်၏မြေမှုန့်က
သင့်ဆင်းတုတော်ထက်
ပို၍ မြင့်မြတ်ကြောင်း
သက်သေပြ၏။

(၅၂)
လူဆိုတာ
သူ့သမိုင်းထဲမှာ
သူ့ကိုယ်သူ ပွဲထုတ်ပြလို့မရဘူး။
အဲသည်အထဲကနေ
ရုန်းကန်ပြီးသာ တက်လာရတယ်။


(၅၃)
မှန်မီးအိမ်က မြေမီးခွက်ကို
သူနဲ့ အမျိုးစပ်ရကောင်းလားလို့
ခါးခါးသီးသီး ပြောဆိုနေတုန်း
လ ထွက်လာတာမြင်တော့
မှန်မီးအိမ်က...
``သိပ်ချစ်တယ် မမရယ်´´လို့
ရိုသေကျိုးနွံတဲ့ အပြုံးနဲ့
လမင်းကို လှမ်းခေါ်သတဲ့။


(၅၄)
စင်ရော်နဲ့ လှိုင်းတွေရဲ့
တွေ့ဆုံခြင်းလို
တို့တွေ တွေ့ဆုံကြ
နီးစပ်ခဲ့ကြတယ်။
စင်ရော်တွေထပျံ
လှိုင်းတွေလိမ့်သွားတော့
တို့လည်း ခွဲခွာကြရပေါ့။


(၅၅)
ငါ့ တစ်နေ့တာကုန်ပြီ။
ငါလည်း
ကမ်းစပ်ပေါ်တင်ထားတဲ့လှေလို
ညနေချမ်းမှာ
ဒီရေရဲ့ အကဂီတကို
နားဆင်နေပါပြီ။


(၅၆)
ဘ၀ကို ငါတို့က
ရရှိ ပိုင်ဆိုင်ထားတယ်။
ငါတို့ကဘ၀ကို
ပေးဆပ်ခြင်းနဲ့
အလုပ်အကျွေးပြုရတယ်။


(၅၇)
တို့မှာ
နှိမ့်ချ သီးခံခြင်းတရား
ကြီးကျယ်မြင့်မြတ်လာတာနဲ့ အမျှ
ကြီးကျယ်မြင့်မြတ်ခြင်းတရားနဲ့
အနီးဆုံးကို
တို့ေ၇ာက်တာပဲ။


(၅၈)
စာကလေးက
ဥဒေါင်းငှက်ခမျာ
အမြီးကြောင့် လေးရှာမယ်ဆိုပြီး
စိတ်မကောင်းဖြစ်သတဲ့။


(၅၉)
အခိုက်အတန့်တွေကို
စိုးရိမ်နေစရာ မလိုပါ။
ဒါကြောင့်
ထာဝစဉ်တည်တံ့မယ့် အသံနဲ့သာ
တေးဆိုပါ။


(၆၀)
မုန်တိုင်းသည်
လမ်းမရှိမှုဖြင့်
အတိုဆုံးလမ်းကိုရှာ၏။
ထို့နောက်
နေရာဟု မရှိရာတွင်
ရုတ်တရက် အဆုံးသတ်လိုက်၏။


(၆၁)
သူငယ်ချင်း...
ငါ့ဝိုင်အရက်ကို
ငါ့ခွက်နဲ့ပဲသောက်ပါ။
တစ်ခွက်က တစ်ခွက်ပြောင်းရင်
အရစ်ရစ်ထနေတဲ့ သူ့ အမြုပ်လေးတွေ
ပျောက်ပျက်သွားတတ်လို့ပါ။


(၆၂)
ပြည့်စုံခြင်းက
သူ့ကိုယ်သူ
အလှပြင်လာတာ
မပြည့်စုံခြင်းကို
ချစ်မိလို့ပါ။


(၆၃)
ဘုရားသခင်က
လူကိုမိန့် ဆို၏။
``ငါသည် သင့်အား အနာကျက်စေ၏။
ထို့ကြောင့် သင့်အား အနာတရဖြစ်အောင်ငါပြု၏။
ငါသည် သင့်အား ချစ်မြတ်နိုးပါ၏
ထို့ကြောင့်ပင် သင့်အားအပြစ်ပေးတော်မူ၏။´´


(၆၄)
အလင်းရောင်အတွက်
မီးတောက်ကို ကျေးဇူးတင်ပါ။
ဒါပေမယ့်
မှေင်ရိပ်ထဲမှာ
သည်းခံစိတ်နဲ့
ခိုင်ခိုင်မတ်မတ် ရပ်နေတဲ့
မီးတိုင်က်ုလည်း
မေ့မထားပါနဲ့။


(၆၅)
မြက်ပင်ကလေး
မင်းခြေလှမ်းတွေက သေးကွေး။
ဒါပေမယ့်
ပင်းခြေလှမ်းအောက်မှာ
မင်းပိုင်ဆိုင်ထားပြီလေ
ကမ္ဘာမြေ။


(၆၆)
ပွင့်စ ပန်းကလေးက
အငုံကိုလှပ်ရင်း
မြည်တမ်းတယ်။
``ချစ်တဲ့ ကမ္ဘာလောကရယ်
တဆိတ် ပျေက်ကွယ်မသွားပါနဲ့ကွယ်။´´


(၆၇)
ဘုရားသခင်သည်
ကြီးကျယ်သည့် မင်းနေပြည်တို့ကို
ပင်ပမ်းငြီးငွေ့တော်မူသော်လည်း
ပန်ကလေးများကို
ပင်ပမ်းငြီးငွေ့သည်မရှိ။


(၆၈)
အမှားက
အရှုံးမခံရဲဘူး
အမှန်ကခံရဲတယ်။


(၆၉)
ရေတံခွန်ကတေးဆိုတယ်
``ရေဆာသူအဖို့
အနည်းအကျဉ်းဆို
လုံလောက်မှန်းသိပေမယ့်
ငါကတော့
ငါ့ရှိသမျှရေတွေအကုန်
အားရ၀မ်းသာ ပေးလိုက်ပါတယ်။´´


(၇၀)
သည်ပန်းတွေကို
ရွှင်မြူးအားရနဲ့
မနားတမ်း ပွင့်ဝေလာအောင်
မှုတ်တင်လိုက်တဲ့ရေတိုင်ဟာ
ဘယ်မှာရှိပါလိမ့်။




(၇၁)
သစ်ခုတ်သမားရဲ့ ပုဆိန်က
သူ့လက်ကိုင်ရိုးလုပ်ဖို့
သစ်ပင်ဆီမှာ တောင်းရမ်းတယ်
သစ်ပင်က ပေးလိုက်ပါတယ်။

(၇၂)
ငါ့နှလုံးသား၏
အထီးကျန်မှုတွင်
မိုးနှင့်မြူ ဇာမျက်နှာဖုံးအုပ်
ဤမုဆိုးမ ညနေခင်း၏
သက်ပြင်းချသံကို
ငါခံစားရ၏။


(၇၃)
ကံသုံးပါး စင်ကြယ်မှုဆိုသည်မှာ
မေတ္တာအဆောက်အဦမှ ဖြစ်လာသည့်
စည်းစိမ်ဥစ္စာ။


(၇၄)
မြူငွေ့သည် ချစ်ခြင်းနှင့်တူ၏
တောင်ကုန်းတို့ အချက်အချာ၌
ဆော့ကစားပြီး
အလှတရား၏ အံ့သြစရာများကို
ထုတ်ဖေါ်ပြသ၏။

(၇၅)
ကျုပ်တို့က
လောကကြီးကို မှားဖတ်ပြီး
ကျုပ်တို့ကို
လောကကြီးက လှည့်စားတာပါလို့
ပြောကြတယ်။
(အိန္ဒိယကဗျာဆရာကြီးတဂိုးလ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>