Wednesday, October 31, 2012

စေတီ (သို့မဟုတ်) ထူပ တည်ထားကိုးကွယ်ခြင်း





တောတောင်သစ်ပင်အာရာမ်တို့ကို ကိုးကွယ်နေသည့်
အဂ္ဂိဒတ္တရသေ့ကြီးနှင့် တပည့် တစ်သောင်းကျော်အား ဘုရားရှင်ဟောတော်မူခဲ့သော တရားမှာ ကိုးကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်အဖြစ် လူတိုင်း မှတ်သားလိုက်နာသင့်သော တရားတစ်ပုဒ်ဖြစ်သည်။ ဘုရားရှင်က
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
လူတို့သည် ကြောက်ရွံ့ထိတ်လန့်မှုများစွာကြောင့် တောင်များ တောများ အာရာမ်ခြံများ သစ်ပင်များ စေတီနတ်ကွန်းများကို ကိုးကွယ်နေကြသည်။
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤသို့သစ်ပင်တောတောင်စသည်ကို ကိုးကွယ်ခြင်းသည် ဘေးကင်းကြောင်းမဟုတ်။ မြတ်သောကိုးကွယ်ခြင်းမဟုတ်။ ဤကိုးကွယ်ခြင်းကို အကြောင်းပြု၍ ဒုက္ခအားလုံးမှ မလွတ်မြောက်နိုင်။
ယော စ ဗုဒဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ
အရိယံ စဋ္ဌင်္ဂိကံ ဂ္ဂ၊ ဒုက္ခူပသမဂါမိနံ။
အကြင်သူသည် ဘုရားတရားသံဃာ ရတနာသုံးပါးကို ကိုးကွယ်၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ ဒုက္ခငြိမ်းရာ
နိဗ္ဗူတာသို့ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးတည်းဟူသော မဂ္ဂသစ္စာ ဤသစ္စာလေးပါးကို မဂ်ဥာဏ်ဖြင့် ကောင်းစွာ သိမြင်၏။
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤရတနာသုံးပါးကိုးကွယ်ခြင်း သစ္စာလေးပါးသိမြင်ခြင်းဟူသော ကိုးကွယ်ခြင်းသည် ဘေးကင်းကြောင်းတည်း။ အမြတ်ဆုံးတည်း။ ဤကိုးကွယ်ခြင်းကြောင့် ဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။
ဒေသနာတော်အဆုံး၌ ရသေ့ကြီးနှင့် တပည့်တစ်သောင်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်အတူ အရဟတ္တဖိုလ်ပေါက်ကာ ရဟန္တာဖြစ်သွားကြလေကုန်၏။
ဤဒေသနာတော်အရ အကြောက်တရားမှ လွတ်မြောက်လိုသောစိတ်ကြောင့် ကိုးကွယ်ရာအမျိုးမျိုးဖြစ်ပွားလာခြင်းကို တွေ့ရ၏။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေဘာယန္တိ မစ္စုနော ဒေသနာတော်အရ သတ္တ၀ါတိုင်း ဘေးဒဏ်များကို ကြောက်ကြသည်။ သေရမှာ ကြောက်လန့်ကြသည်ချည်းဖြစ်၏။ ထို့အတူ သတ္တ၀ါတိုင်း ချမ်းသာသုခကို လိုလားကြသည်ချည်းဖြစ်၏။ ထို့ကြောင့်ပင် ဘုရားရှင်က သုခကာမာနိ ဘူတာနိ= သတ္တ၀ါတိုင်း ချမ်းသာချင်ကြပေသည်ဟု ဟောကြားခဲ့ခြင်းဖြစ်၏။ ကြောက်ရွံ့သောအခါ အားကိုးရာရှာကြလေသည်။ ချမ်းသာချင်သောကြောင့် အကူအညီပေးမည့်သူ ကယ်တင်မည့်သူများကို ရှာဖွေကြရလေသည်။ ထိုအခါ ကိုးကွယ်ရာအမျိုးမျိုး အားထားရာအဖုံဖုံ ပေါ်ပေါက်၍ လာလေသည်။ တောတောင်များ သစ်ပင်အာရာမ်များ နတ်ကွန်းများကို ကိုးကွယ်လေ့ရှိကြောင်းကို အထက်ပါ ဓမ္မပဒဂါထာအရ သိရှိနိုင်ပါသည်။ သက်ရှိ သက်မဲ့ တန်ခိုးရှင်များစွာကို စိတ်ဖြင့်ဖန်တီးကာ ကိုးကွယ်မိကြလေသည်။ ဒေါသအကြောက်တရား၊ လောဘအမိုက်အမှားများ၏ ကျေးကျွန်ဘ၀မှ စိတ်ဖြင့်ဖန်တီးထားသော သက်ရှိသက်မဲ့ကိုးကွယ်ရာများ၏ ကျေးကျွန်ဘ၀သို့ ရောက်ကြရပေသည်။
ဘုရားရှင်အလိုတော်အားဖြင့် အတ္တဒီပ=မိမိသီလသမာဓိပညာတရားများကို အားကိုးရန်၊ ဓမ္မဒီပ=မိမိအသိ အကျင့်ဓမ္မများကို ကိုးကွယ်ရန် သုတ်တော်ပေါင်းများစွာဖြင့် ဟောကြားတော်မူသည်ကို များပြားစွာတွေ့မြင်နိုင်ပါသည်။
ဤနေရာ၌ ပြောလိုသည်မှာ စေတီဟူသောစကားဖြစ်၏။ စေတီဟူသည် စေတိတဗ္ဗံ ပူဇေတဗ္ဗံ ဟူသော ၀စနတ္ထအရ လေးစားထိုက် ပူဇော်ထိုက်သော အရာဝတ္ထုကို ဆိုလိုသည်။ ဘုရားရှင်လက်ထက်တော်အခါက လူအများသည် နတ်ကွန်းများတည်ဆောက်ကာ စာပါလစေတီ ဥဒေနစေတီ ဂေါတမကစေတီ စသည်ဖြင့် နတ်ကွန်းများစွာကို စေတီအမည်ပေးကာ ကိုးကွယ်ခဲ့ကြကြောင်းကို မဟာပရိနိဗ္ဗာနသုတ်အရ သိရသည်။ သာမညဖလသုတ်အဋ္ဌကထာစသည်၌လည်း ဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာစေတီများကို စေတီဟုသုံးနှုန်းထားသည်ကို တွေ့ရသည်။ ပိဋကတ်တော်များ၌ကား စေတီဟူသော စကားနည်းတူ ထူပဟူသော စကားကိုလည်း သုံးနှုန်းထားကြောင်း တွေ့ရှိနိုင်ပေသည်။
နိဓိကဏ္ဍသုတ်တော်မှာကား
စေတိယမှိ စ သံဃေ ၀ါ၊ ပုဂ္ဂလေ အတိထီသု ၀ါ
မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ
စေတီတော်၊ သံဃာတော်၊ ပုဂ္ဂိုလ် တစ်ယောက်ယောက်၊ ဧည့်သည်၊ မိဘ အကိုကြီးအမကြီး စသည်တို့အား ပူဇော်လှူဒါန်းလျှင် ရွှေအိုးမြုပ်နှံသည်နှင့် တူကြောင်း ဟောမိန့်ထားသည်။ ဤအဋ္ဌကထာအဖွင့်မှာကား ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုကစေတီဟု စေတီသုံးမျိုးဖော်ပြထားသည်။ သရီရစေတီကိုပင် ဓာတုကစေတီဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။
ကဿပဒသဗလစေတိယ၀တ္ထုမှာကား စေတီဟူသောစကားကို သုံးထားသည်ကို တွေ့ရပြီး မဟာပရိနိဗ္ဗာနသုတ်တော်မှာတော့ ထူပဟူသော စကားကို တွေ့ရှိနိုင်ပေသည်။ ထိုအကြောင်းအရာများကို ဖတ်ရှုနိုင်ရန် လိုရင်းတိုရှင်းရေးသားပေမည်။
ဘုရားရှင် သံဃာများစွာ ခြံရံတော်မူလျက် သာဝတ္ထိမြို့တော်မှ အစဉ်အတိုင်း ဗာရာဏသီမြို့ဆီသို့ ဒေသစာရီကြွတော်မူရာ လမ်းခရီးအကြား၌ တောဒေယျရွာအနီးရှိ တစ်ခုသောနတ်ကွန်းသို့ ရောက်တော်မူ၏။ ဘုရားရှင်သည် လယ်ထွန်နေသော ပုဏ္ဏားတစ်ယောကို အရှင်အာနန္ဒာအား အခေါ်ခိုင်း၏။ ရောက်လာသော ပုဏ္ဏားသည် ဘုရားရှင်အားရှိမခိုးဘဲ နတ်ကွန်းကိုသာ ရှိခိုးလေ၏။ ဘုရားရှင်က မေးမြန်းတော်မူသောအခါ ရိုးရာစဉ်ဆက် စေတီတည်ရာဖြစ်သောကြောင့် ရှိခိုးရကြောင်းလျောက်ထားလေ၏။ ဘုရားရှင်က ဤနေရာသည် ကဿပဘုရားရှင်၏ ဓာတ်တော်မွေတော်ထားကိန်းဝပ်တော်မူရာ စေတီနေရာဟောင်းဖြစ်ကြောင်း ရှိခိုးပူဇော်မှုပြုသင့်ကြောင့် မိန့်ကြားတော်မူကာ ဃဋိကာရသုတ်တော်ကို ဟောကြားတော်မူသည်။ တန်ခိုးဖြင့်လည်း တစ်ယူဇနာအမြင့်ရှိသော ရွှေစေတီဖန်ဆင်းတော်မူကာ စေတီတည်ကာ ပူဇော်ထိုက်သော ပုဂိုလ် လေးမျိုးကို ဟောကြားတော်မူသည်။ သရီရစေတီ(ဓာတ်တော်မွေတော်များကို ဌပနာထားသောစေတီ) ဥဒ္ဒိဿစေတီ(ဘုရားရှင်အားရည်စူးမှန်းထားကာ တည်ထားကိုးကွယ်သောစေတီ) ပရိဘောဂစေတီ(ဘုရားရှင်၏ အသုံးအဆောင်တော်များကို ဌပနာထားကာ တည်ထားကိုးကွယ်ပူဇော်ထားသော စေတီ)ဟူသော စေတီ သုံးမျိုးကိုလည်းဟောကြားတော်မူသည်။ ဒေသနာတော်တရားအနေဖြင့် အောက်ပါဂါထာဒေသနာတော်ကိုလည်း ဆက်လက်ဟောကြားတော်မူခဲ့လေသည်။
ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေ ယဒိဝ သာဝကေ
ပပဉ္စသမတိက္ကန္တေ၊ တိဏ္ဏသောကပရိဒ္ဒဝေ။
တဏှာမာနဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရား ပပဉ္စတရားများကို လွန်မြောက်တော်မူပြီးသော သောကမျက်ရည်ကို ကျော်လွှားတော်မူပြီးသော ဘုရားရှင်နှင့်သာဝကများကို ပူဇော်ကြရမည်။
တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ
န သက္ကာ ပုညံ သင်္ခါတုံ၊ က္ကမေတ္တမပိ ကေနစိ
ကိလေသာမီးတောက်မီးလျှံများ ငြိမ်းတော်မူပြီးသော ဘ၀ကြောင့်ဖြစ်သောဘေး အာရုံကြောင့်ဖြစ်သောဘေးအားလုံး ကင်းဝေးတော်မူပြီးသော ဘုရားရဟန္တာများအား ပူဇော်ရသောကောင်းမှုကို ဤ၍ဤမျှဟု မည်သူမှ မရေတွက်နိုင်ပေ။ ထိုကောင်းမှု၏ အကျိုးတရားကိုလည်း မည်သူမျှ မရေတွက်နိုင်ပေ။
ဤဒေသနာတော်အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပန်အရိယာဖြစ်သွားသည်။ တစ်ယူဇနာရှိသော ရွှေစေတီတော်သည် ၇ ရက်တိုင်တိုင် ကောင်းကင်မှာ တည်ရှိကာ လူအများတို့က အမျိုးမျိုးသော ပူဇော်မှုတို့ဖြင့် ပူဇော်ကြလေသည်။ ရွှေစေတီကွယ်ပျောက်သောအခါ ထိုနေရာ၌ ကျောက်သားစေတီတော် ပေါ်ထွန်းလာလေသည်။ ထိုအစည်းအဝေး၌ ရှစ်သောင်းလေးထောင်သော သတ္တ၀ါတို့ တရားထူးရ ကျွတ်တမ်းဝင်ကြလေသည်။
မဟာကဿပထေရာပဒါန်မှာလည်း ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံသောအခါ စေတီတည်ထားကိုးကွယ်ခဲ့ကြကြောင်းကို သကံ စိတ္တံ ပသာဒေတွာ၊ စေတိယံ ပူဇယုတ္တမံ စသည်ဖြင့် တွေ့ရှိရသေးသည်။
လကုဏ္ဍကဘဒ္ဒိယထေရာပဒါန်မှာကား ကဿပဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံသောအခါ တစ်ယူဇနာအမြင့်ရှိသော ရတနာ ၇ပါးအတိပြီးသော စေတီတော်တည်ထားကိုးကွယ်ခဲ့ကြောင်း ပါရှိပြန်သည်။
အာယုသင်္ခါရောဿဇနသုတ်အဋ္ဌကထာစကားအရ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်တို့ ပရိနိဗ္ဗာန်စံသောအခါ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို စေတီတည်ထားပူဇော်ကြရန် ဘုရားရှင် မိန့်တော်မူကြောင်း သိရှိရပေသည်။
ပူတိဂတ္တတိဿမထေရ် ပရိနိဗ္ဗာန်စံသောအခါ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို စေတီတည်ထားပူဇော်ရန် ဘုရားရှင်မိန့်ကြားတော်မူကြောင်းကို ဓမ္မပဒအဋ္ဌကထာ၌ တွေ့ရသည်။
မိလိန္ဒပဥှာပါဠိတော်မှာလည်း ယောဂီသူတော်စင်သည် စေတီတော်ကို ရှိခိုးပူဇော်ကာ ကိုယ့်ကမ္မဌာန်းတရားကို အားထုတ်ရမည်ဟု လာရှိသည်။
တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ
သက်တော်ထင်ရှားမြတ်ဘုရားနှင့် ပရိနိဗ္ဗာန်စံတော်မူပြီးသောဘုရားရှင်တို့အား သဒ္ဓါပညာတူမျှ စိတ်ထားစေတနာကြီးမားစွာ ထားကာ ပူဇော်လျှင် အကျိုးတူညီစွာရရှိနိုင်သည်။ စိတ်ထားဖြူစင် စေတနာကြီးမားလျှင် နတ်ရွာနိဗ္ဗာန်ရကြောင်းဖြစ်သည်ဟု ခုဒ္ဒကနိကာယ်၊၀ိမာန၀တ္ထု၌ လာရှိသည်။ အထက်ပါ အချက်အလက်တို့အရ ဘုရားရှင်အား ရည်စူးမှန်းထားကိုးကွယ်စရာအဖြစ် တည်ထားသော စေတီများကို စေတီဟုသုံးနှုန်းဖော်ပြလေ့ရှိကြောင်း သိရှိရသည်။
ဟေမ၀တသုတ်အဋ္ဌကထာ၌ကား သက်တော်ရှည်လျားသော ဘုရားရှင်တို့၏ ဓာတ်တော်များမှာ တစ်ပေါင်းတည်း တည်ရှိ၍ သက်တော်တိုလျသော ဘုရားရှင်တို့၏ ဓာတ်တော်များမှာ အစိတ်အစိတ်အမွှာအမွှာကွဲကာ တည်ရှိကြကြောင်းပါရှိသည်။ ထိုသို့ အစိတ်အမွှာများစွာဖြစ်ပါမှလည်း နေရာများစွာ၌ တည်ရှိနိုင်မည်ဖြစ်ကာ လူနတ်များစွာ ပူဇော်နိုင်မည်ဖြစ်သည်။
ဝိမာန၀တ္ထု၌ ဗုဒ္ဓစေတီတော်မြတ်များအား ပူဇော်ကာ ကမ္ဘာပေါင်းများစွာ အပါယ်မကျဘဲ လူနတ်စည်းစိမ်ခံစားကာ ဤဂေါတမဘုရားလက်ထက်တော်မှာ အရိယာသူတော်စင်များဖြစ်သွားကြသည်ကို ၀တ္ထုပေါင်းများစွာဖြင့် ဖွင့်ဆိုထားပါသည်။
မဟာပရိနိဗ္ဗာနသုတ်တော်မှာကား ဘုရားရှင်သည် အရှင်အာနန္ဒာအား ကိုယ်တော်မြတ်ပရိနိဗ္ဗာန်စံတော်မူလေလျှင် ကြွင်းကျန်ရစ်သော ဓာတ်တော်များကို လမ်းဆုံလမ်းမတို့၌ ထူပ=စေတီတော်တည်ထားကိုးကွယ်ရန် အမိန့်ရှိသည်ကို အောက်ပါအတိုင်း တွေ့ရသည်။
စာတုမဟာပထေ တထာဂတဿ ထူပေါ ကာတဗ္ဗော။ တတ္ထ ယေ မာလံ ၀ါ ဂနံ္ဓ ၀ါ စုဏ္ဏကံ ၀ါ အာရောပေဿန္တိ ၀ါ အဘိဝါဒေဿန္တိ ၀ါ စိတ္တံ ၀ါ ပသာဒေဿန္တိ၊  တေသံ တံ ဘ၀ိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယ။
အာနန္ဒာ…လမ်းဆုံးလမ်းမတွေမှာ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို စေတီတည်ထားပေးပါ။ ထိုစေတီတော်မှာ ပန်းတွေ တင်လှူပူဇော်သော နံ့သာတုံးများတင်လှူပူဇော်သော နံ့သာမှုန့်များ ကြဲဖျန်းပူဇော်သော သူတွေရှိမည်။ စေတီတော်ကို ရှိခိုးသူများရှိမည်။ ဘုရားဂုဏ်တော် ထုံမွှန်းကာ ကြည်ညိုသူများရှိမည်။ ထိုသူများသည် ရှည်စွာသော နေ့ညပတ်လုံး ကောင်းကျိုးစီးပွားဖြစ်မည်။ ချမ်းသာသုခရကြလိမ့်မည်။
ဤတရားတော်အရ ဘုရားရှင်သည် ကိုယ်တော်မြတ်၏ ဓာတ်တော်များကို စေတီတည်ထားပူဇော်ရန် ပစ္စပ္ပန် သံသရာချမ်းသာသုခရရှိရန်အတွက် သတ္တ၀ါတိုင်းက စေတီတော်မြတ်အား တတ်စွမ်းသမျှ ပူဇော်ပသရန် ဘုရားဂုဏ်တော်ပွားများရန် တိုက်တွန်းတော်မူထားသည်ကို တွေ့မြင်နိုင်ပါသည်။
ဆက်လက်ပြီး ဘုရားရှင်သည်
သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓ ဘုရားရှင်၊ ဗုဒ္ဓ သာဝကပုဂ္ဂိုလ်ထူးနှင့် စကြာမင်းတည်းဟူသော စေတီတည်ထားပူဇော်ထိုက်သော ပုဂ္ဂိုလ် လေးမျိုးကို ဟောကြားတော်မူပါသည်။ စေတီတည်ထားပူဇော်ကာ သူတော်ကောင်းကြီးများ၏ ဂုဏ်တော်ကျေးဇူးတော်များကိုအောက်မေ့ခြင်း သူတော်ကောင်းတရားများကို လိုက်နာကျင့်သုံးခြင်းများပြုကြရန် တိုက်တွန်းတော်မူပါသည်။ ထိုသို့လိုက်နာကျင့်သုံးလျှင် လူနတ်နိဗာန်ချမ်းသာစံရမည်ဖြစ်ကြောင်း လေ့လာဖတ်ရှုရပေသည်။


>>>ဆက်လက်ဖတ်ရှုရန်>>> >>

Saturday, October 6, 2012

ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်

အရှင်နာဂသိန်ကို မိလိန္ဒမင်းက မေးဖူးတယ်။ ရဟန်းပြုရခြင်းရဲ့ အကျိုးရလဒ်က ဘာလဲ။ နောက်ဆုံးပန်းတိုင်က ဘာလဲပေါ့။ အရှင်နာဂသိန်က ပြန်ဖြေတယ်။ မင်းကြီး၊ ဖြစ်နေတဲ့ ဒုက္ခချုပ်ငြိမ်းဖို့နဲ့ နောက်ထပ် ဒုက္ခအသစ်မဖြစ်ဖို့ဟာ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ရုပ်နာမ်အားလုံးထာဝရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဝင်စံရခြင်းဟာ အမြတ်ဆုံးပန်းတိုင်ဖြစ်တယ်။ ရဟန်းအားလုံးဟာ ဒီရည်ရွယ်ချက်နဲ့ပဲ ရဟန်းပြုလာကြတာလားဘုရား..။ 
မဟုတ်ဘူး မင်းကြီး၊ တစ်ချို့သော ရဟန်းတွေဟာ မင်းဘေးကြောက်လို့၊ တစ်ချို့က သူခိုးဘေးကြောင့်၊ တစ်ချို့က ကြွေးမဆပ်နိုင်လို့၊ တစ်ချို့ကတော့ စားဝတ်နေရေးချောင်လည်လို့ ပြုလာကြတာဖြစ်တယ်။ တစ်ချို့သော ရဟန်းကောင်းများသာလျှင် ဒီဒုက္ခငြိမ်းဖို့ နိဗ္ဗာန်ရောက်ဖို့ ရဟန်းပြုလာရခြင်းဖြစ်တယ်။ 

ဒါဆို အရှင်ဘုရားကကော ဒီဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုလာတာလားဘုရားလို့ မေးပြန်တော့...မင်းကြီး၊ ငါဟာ ငယ်ရွယ်စဉ်ကတည်းက ရဟန်းပြုခဲ့ခြင်းဖြစ်တယ်။ ဒီအကြောင်းကို ငါမသိဘူး။ ငါသိတာက ဒီသကျနွယ်ဖွား ဘုရားသားကျော် ရဟန်းတော်တွေဟာ ပညာရှင်တွေဖြစ်ကြတယ်။ ငါ့ကို သင်ပေးကြလိမ့်မယ်ဆိုပြီး ငါဟာ ရဟန်းပြုလာခြင်းဖြစ်တယ်။ အခု ပညာကောင်းကောင်းသင်ပေးခံရတဲ့ငါဟာ ရဟန်းပြုရခြင်းရဲ့ အမြင့်ဆုံးအကျိုးတရားကို သိပြီ။ မြင်ပြီလို့ ဖြေကြားခဲ့ပါတယ်။ 

ဒီတော့ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်အမျိုးအမျိုးဟာ အကြောက်တရားမျိုးစုံကို ကာကွယ်ဖို့ဆိုတာရှိသလို တကယ်ပဲ ဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုသူတွေလဲ ရှိနိုင်တယ်ဆိုတာ သိခွင့်ရပါတယ်။ ရဟန်းသာမဏေတိုင်းဟာ ဒီမေးခွန်းနဲ့အဖြေကို ဖတ်ထား စဉ်းစားထားဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ ဒီပို့စ်တ်ကိုရေးရင်း ဒီနေရာကနေ သူတော်ကောင်း ရဟန်းတော်များအား ဦးခိုက်ပူဇော်လိုက်ရပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Friday, October 5, 2012

လုပ်ငန်းမစမှီ

ကျမ်းစာများရေးသားရင်၊ လုပ်ငန်းတစ်ခုခုလုပ်ရင် မလုပ်မှီရှေးဦးစွာ ရတနာသုံးပါးကို ပူဇော်ကန်တော့ရတယ်။ ဒါဟာ ကုသိုလ်ထူးတစ်ခုပြုခြင်းဖြစ်ပြီး အန္တရာယ်ကင်းကင်းနဲ့အလုပ်ပြီးစီးဖို့ အကြောင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဓမ္မပဒမှာတော့ ပူဇော်ထိုက်သူရဟန္တာများကို ပူဇော်ရင် အကျိုးမရေတွက်နိုင်လောက်အောင်ကုသိုလ်ရတယ်လို့ ဟောထားတာရှိတယ်။ နိဓိကဏ္ဍသုတ်မှာတော့ လူနတ်တွေအားလုံးကို လိုချင်ရာအားလုံးပေးနိုင်တဲ့ရွှေအိုးဆိုတာ ကုသိုလ်ပါပဲလို့ ဟောကြားထာတာလဲ တွေ့ရပြန်ပါတယ်။ ဒါကြောင့် လုပ်ငန်းကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကိုရွတ်ဆိုပူဇော်ပွားများထားဖို့ လိုအပ်ပါတယ်။ ကျမ်းစာတိုင်းမှာ ကျမ်းပြုဆရာများက ရတနာသုံးပါးကို အန္တရာယ်ကင်းစွာ ကျမ်းပြီးခြင်းအကျိုးရဖို့ ရှိခိုးပူဇော်ထားတာ အမြဲတမ်းတွေ့ရပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>