Saturday, February 18, 2012

ယက္ကန်းသည်မဟောင်းပြိတ္တာမ

သူမဟာ ကျင်ကြီး ကျင်ငယ် သွေး ပြည်တွေကို စားနေရတယ်။ အမြဲတမ်း သွေးပြည်တွေကို စားနေရတဲ့ ဘဝကို ရနေရှာတယ်။ သစ်လွင်တဲ့ ကောင်းမွန်တဲ့ နုညံ့တဲ့ အမြိတ်အဆာပါတဲ့ အဝတ်အစားတွေ ပေးလာရင် သူမလက်ထဲမှာ အားလုံးက ရောထွေးယှက်လိမ် မတင့်မတယ် ရွံစဖွယ်ဖြစ်လာပြန်တယ်။ သူမဟာ အရင်ဘဝက လင်ယောက်ျားက သမဏ ဗြာဟ္မဏသူတော်ကောင်းတွေကို ပေးကမ်းလှူဒါန်းရင် ဆဲဆိုခဲ့တယ်။ ကြိမ်းမောင်းခဲ့တယ်။ “ ဒါတွေစားမဲ့အစား သွေးပြည်တွေစားကြပါတော့လား...ဒါတွေဝတ်မဲ့အစား ရွံစရာအဝတ်တွေ ဝတ်ပါတော့လားတဲ့“။ ဒီအတွေး ဒီအပြော ဒီသဘော ဒီမနောတွေကြောင့် သူမဟာ ဒီလို အဖြစ်ဆိုးထဲရောက်ခဲ့ရရှာတယ်။ ကိုယ်စိုက်တဲ့ မျိုးစေ့အားလျော်တဲ့ အသီးကို ကိုယ်ပြန်ရိတ်သိမ်းရတာကိုက သံသရာရဲ့ သဘာဝတရားမို့လားဗျာ။ စဉ်းစားဆင်ခြင် ပြင်ဆင်ထားကြပါလေ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Thursday, February 16, 2012

ကိုယ့်သားသမီးကို ပြန်စားသော ပြိတ္တာမ

သူမဟာ အဝတ်မဝတ်ဘူး။ အရုပ်သိပ်ဆိုးတယ်။ အနံ့ဆိုးတွေ ထွက်နေတယ်။ ခန္ဓာကိုယ်ဟာ ယင်ကောင်တလှောင်းလှောင်းထနေတယ်။ သူမဟာ ယမလောကသူတစ်ယောက်ဖြစ်တယ်။ သူမဟာ မနက်ခင်းမှာ သားသမီးခုနှစ်ယောက်မွေးပြီး ပြန်သတ်စားတယ်။ ညနေမှာ သားသမီး ခုနှစ်ယောက်မွေးပြီး ပြန်စားတယ်။ ဒါပေမဲ့ သူမဟာ ပူလောင်နေတယ်။ အခိုးထွက်နေတယ်။ အဆာမပြေဘူး။ ငြိမ်းအေးမှုကို မရရှာဘူး။ နေပူထဲမှာ မီးလောင်ခံရသလိုပဲ။ သူမဟာ အရင်ဘဝက သားနှစ်ယောက်ရတယ်။ သားအားကိုးနဲ့ သူ့လင်ယောက်ျားကို မထေမဲ့မြင်လုပ်တယ်။ ဒါနဲ့ သူမယောက်ျား နောက်မိန်းမယူတယ်။ သူမဟာ အဲ့ဒီမယားငယ် ကိုယ်ဝန်ရှိလာတော့ မနာလိုပြီး ကိုယ်ဝန်ဖျက်ဖို့ လုပ်ခဲ့တယ်။ ကိုယ်ဝန်က ၃ လဆိုတော့ သွေးသံရဲရဲဖြစ်တယ်။ ဆွေမျိုးတွေက ဝိုင်းဝန်းတိုင်ကြား စစ်ဆေးမေးမြန်းတော့ သူမဟာ ကြောက်စရာကျိန်စာဆိုခဲ့တယ်။ ယုတ်ညံ့တဲ့ လိမ်ညာစကားပြောခဲ့တယ်။ ” သူလုပ်တာ မဟုတ်ပါ..ကျူးလွန်မိခဲ့ရင် နောက်ဘဝ ကိုယ့်သားသမီးကို ပြန်သတ်စားတဲ့ မိန်းမဖြစ်ပါစေသား”လို့ ကျိန်ဆို မုသားပြောခဲ့တယ်။ သူမရဲ့ မုသား..သူမရဲ့ ကျိန်စာကြောင့် သွေးသံရဲရဲနဲ့ ကိုယ့်သားသမီးကို ပြန်သတ်စားနေမိတဲ့ဘဝကို ရောက်နေရတယ်။ သူမရဲ့ သဝန်တိုတဲ့အချစ်၊ မှားယွင်းတဲ့ မုသား၊ ကြောက်စရာကောင်းတဲ့ ကျိန်စာဟာ သူမဘဝကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ဖတ်ရှု သတိပြု ဆင်ခြင်နိုင်ဖို့ကောင်းလှပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Friday, February 3, 2012

ကြောက်စရာကောင်းတဲ့ ကျိန်စာ


သူမဟာ အဝတ်မဝတ်ဘူး။ အရုပ်သိပ်ဆိုးတယ်။ ပါးစပ်က အနံ့ သိပ်နံတယ်။ တစ်ကိုယ်လုံးမှာ ယင်ကောင်တွေ ဝိုင်းအုံနေတယ်။ သူမဟာ မနက်ခင်းမှာ သားငါးယောက်မွေးပြီး ပြန်လည်သတ်စားတယ်။ ညနေခင်းမှာ သားငါးယောက်မွေးပြီး ပြန်သတ်စားပြန်တယ်။ ဒါပေမဲ့ သူမရင်ဘက်တစ်ခုလုံး ပူလောင်ပြီး အဆာမပြေဘူး။ အတိတ်ကံ မိုက်မဲမှုတွေကြောင့် သူမဟာ အဲ့ဒီလို ခံစားနေရတယ်။ သူမရဲ့ အတိတ်ဆိုးကတော့ အရင်ဘဝက သူမဟာ လင်တူမိန်းမတစ်ယောက်ကို မနာလို ဝန်တိုပြီး ကိုယ်ဝန်ကျအောင်လုပ်ခဲ့တယ်။ ကိုယ်ဝန်က ၂လဆိုတော့ သွေးတွေသွန်တယ်။ ဆွေမျိုးတွေက စစ်ဆေးတော့ သူမဟာ လိမ်ညာ ကျိန်ဆိုခဲ့တယ်...“..သူမ မလုပ်ခဲ့ဘူး။ ကိုယ်ဝန်ကျအောင်မလုပ်ခဲ့ဘူး။ လုပ်ခဲ့မိရင် ကိုယ်သားသမီးကို ပြန်သတ်စားတဲ့ ပြိတ္တာမဖြစ်စေသားတဲ့..“ သူမရဲ့ မုသား..သူမရဲ့ ကျိန်စာကြောင့် သွေးသံရဲရဲနဲ့ ကိုယ့်သားသမီးကို ပြန်သတ်စားနေမိတဲ့ဘဝကို ရောက်နေရတယ်။ သူမရဲ့ သဝန်တိုတဲ့အချစ်၊ မှားယွင်းတဲ့ မုသား၊ ကြောက်စရာကောင်းတဲ့ ကျိန်စာဟာ သူမဘဝကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ဖတ်ရှု သတိပြု ဆင်ခြင်နိုင်ကြစေခလို။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အိမ်တံခါးဝမှာ


ပြိတ္တာတွေဟာ တံတိုင်းကြားမှာ၊ လမ်းလေးခွတွေမှာ၊ လမ်းဆုံတွေမှာ၊ တံခါးဝမှာ မိမိအိမ်ဆီလာရောက်ကြတယ်။ စားစရာ သောက်စရာ ဘယ်လောက်များများ အိမ်သူအိမ်သားတွေက သူတို့ကို သတိမရမိကြဘူး။ ဒါလဲ သတ္တဝါတို့ရဲ့ ကံပေါ့လေ။ အသိဥာဏ်ရှိသော ကြင်နာတတ်သော ဆွေမျိုးတွေကတော့ စားဖွယ်သောက်ဖွယ်တွေ ပေးလှူကြပြီး “ဒီကုသိုလ်သည် ဆွေမျိုးတို့အတွက်ဖြစ်ပါစေ၊ ဆွေဟောင်း မျိုးဟောင်းတွေ ချမ်းသာကြပါစေ“ဆိုပြီး အမျှပေးဝေကြပါတယ်။ ပြိတ္တာတွေဟာ အဲ့ဒီအချိန်မှာ လာရောက် သာဓုခေါ်ဆိုကြပြီး “ငါ့ဆွေမျိုးတွေ အသက်ရှည်ပါစေ၊ ချမ်းသာပါစေ၊ သူတို့အမျှပေးဝေကြလို့ ငါတို့ ချမ်းသာသုခ ရရှိကြပေတယ်။ ငါတို့ကိုလဲ အမျှပေးဝေ ပူဇော်ရာရောက်ပေတယ်။ သူတို့လဲ ကုသိုလ်ရကြပေတယ်။ ပြိတ္တာဘုံဘဝတွေမှာ လယ်ထွန် နွားကျောင်း ကုန်ရောင်း ကုန်ဝယ်မရှိဘူး။ ရွှေငွေရောင်းဝယ်မှုမရှိဘူး။ လူတွေ အမျှပေးဝေမှ သာဓုခေါ်ဆို အမျှရရှိကြပေတယ်။ ကုသိုလ်ရပြီး ချမ်းသာကြရတယ်။ ကုန်းမြင့်ဒေသပေါ်မိုးရွာရင် နိမ့်ရာအရပ်သို့ ရေစီးဆင်းသလို လူတွေအမျှပေးမှ သူတို့ခမျာ ကုသိုလ်ရရှိကြပေတယ်။ မြစ်ချောင်း အင်းအိုင်တွေ ရေပြည့်လျှံရင် ပင်လယ်ထဲ ဆက်လက်စီးဆင်းသလို ဒီဘဝက ဆွေမျိုးတွေက အမျှပေးမှ ပြိတ္တာတွေ အမျှ ကုသိုလ်ရရှိရတယ်။ အရင်က ကိုယ့်အပေါ် ပေးခဲ့ဖူး ကျွေးခဲ့ဖူးတာတွေကို ပြန်လည်အမှတ်ရပြီး ကျေးဇူးဆပ်သော အနေနဲ့ ကုသိုလ်လုပ်ပြီး အမျှဝေကြရမယ်။ မျက်ရည်တွေ သောကတွေ ငိုကျွေးမှုတွေက ပြိတ္တာတွေ အတွက် အလကားပါပဲ။ သံဃဂုဏ်အာရုံပြုပြီး လှူဒါန်းခဲ့ရင် မိမိလဲ ကုသိုလ်ရတယ်။ သံဃာတော်တွေလဲ အာဟာရဖြစ်မယ်။ အမျှပေးတော့ ပြိတ္တာတွေလဲ ချမ်းသာကြမယ်။ သူသူကိုယ်ကိုယ် ဘဝဟောင်းက ဆွေဟောင်း မျိုးဟောင်းတို့အတွက် ကျေးဇူးဆပ်သော ကုသိုလ်ပြုအမျှဝေခြင်းများ ပြုလုပ်ကြဖို့ သင့်မည်ထင်ပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Thursday, February 2, 2012

ပါးစပ်ပုပ်


နတ်အဆင်းရှိတယ်။ ကောင်းကင်ပျံနိုင်တယ်။ ပါးစပ်ကတော့ ပုပ်ဆွေးနေတယ်။ ပုပ်ဆွေးနေတဲ့ပါးစပ်ကို ပိုးလောက်တွေက စားနေကြတယ်။ သူဟာ အရင်က ရဟန်းတစ်ပါးဖြစ်ပြီး အကျင့်ကောင်းကျင့်ခဲ့တယ်။ ပါးစပ်က ဂုန်းချောစကား ပြောခဲ့တယ်။ အကျင့်ကောင်းတွေကြောင့် လှပခန့်ငြားပေမဲ့ ပါးစပ်ကတော့ ပုပ်ဆွေး ပိုးလောက်တွေ တစ်ထွေးကြီးနဲ့ပေါ့။ သူက ဆက်ပြောတယ်..မာ ပေသုဏံ၊ မာ စ မုသာ အဘာဏိ..ဂုန်းမတိုက်ကြပါနဲ့၊ လိမ်ညာမုသား မပြောကြပါနဲ့တဲ့။ ကမ္ဘာသူ ကမ္ဘာသားတွေ မှန်တာပြောဖို့ သင့်တာပြောဖို့ လိုအပ်ပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဝက်ပါးစပ်


ခန္ဓာကိုယ်က တင့်တယ်တောက်ပတယ်။ ထွန်းလင်းလှပတယ်။ ပါးစပ်ကတော့ ဝက်ပါးစပ်နဲ့တဲ့။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ သူဟာ အရင်ဘဝက ခန္ဓာကိုယ်နဲ့ အကုသိုလ်မဖြစ်အောင် စောင့်စည်းခဲ့ပေမဲ့ ပါးစပ်သရမ်း အတော်ကြမ်းတမ်းခဲ့ပါသတဲ့။ ပါးစပ်နဲ့ မပြောသင့်တာပြော မပြစ်မှားသင့်သူကို ပြစ်မှားခဲ့တယ်။ ဒါကြောင့် ဝက်ပါးစပ်နဲ့ နတ်ခန္ဓာကိုယ်ဖြစ်နေတာပေါ့။ ပါးစပ် စည်းစောင့်ဖို့ လိုအပ်လာပါပြီ။ မြန်မာတွေအားလုံးကို ဆိုခဲစေ မြဲစေဖြစ်စေချင်ပါတယ်။ ဝက်ပါးစပ်ပြိတ္တာက ဆက်ပြောပါတယ်...မာ ကာသိ မုခသာ ပါပံ၊ မာခေါ သူကရမုခေါ အဟု..ပါးစပ်နဲ့ မကောင်းမှုမကျူးလွန်ကြနဲ့ဗျာ၊ ဝက်ပါးစပ်ပြိတ္တာလဲ မဖြစ်ကြစေနဲ့တဲ့။
>>>ဆက်လက်ဖတ်ရှုရန်>>> >>