Monday, October 31, 2011

ဖေ့စ်ဘွက်ခ်မှ အပြန်


ပြည့်ရှင်မင်းတို့ ကျင့်သုံး ဆောက်တည်အပ်သော ရာဇဂုဏ် (၈) ပါး
၁) သိကြားမင်းကဲ့သို့ကျင့်ခြင်း။
သိကြားမင်းသည် နတ်အပေါင်းတို့တွင် နှိပ်ကွပ်တန်သောသူအား နှိပ်ကွပ်၍ ချီးမြှောက်တန်သူအား ချီးမြှောက်သကဲ့သို့ … မင်းတို့သည်လည်း လူအပေါင်းတို့ တွင် မကောင်းသောသူတို့အား နှိပ်ကွပ်၍ ကောင်းသောသူတို့အား ချီးမြှောက် ရာသည်။

၂) နေကဲ့သို့ကျင့်ခြင်း။
နေမင်းသည် ရောင်ခြည်တထောင်ဖြင့် ဖြည်းညှင်းစွာ မိုးရေကို ခန်းခြောက်စေ သကဲ့သို့ မင်းတို့သည်လည်း အခွန်အတုတ်ကို ဖြည်းညှင်း သာယာစွာ ကောက်ခံ သိမ်းယူရာသည်။

၃) လေကဲ့သို့ကျင့်ခြင်း။
လေသည် သတ္တ၀ါအပေါင်း၏ ကိုယ်တွင်းသို့ဝင်၍ သွားသကဲ့သို့ မင်းတို့သည် လည်း မှူးမတ် ပြည်သူခပ်သိမ်းတို့၏ အပြုအမူ ဆင်းရဲချမ်းသာကို လျှို့ဝှက် သူလျှိုထား၍ ကိုယ်တွင်းသို့ဝင်သကဲ့သို့ သိအောင်ပြုရာသည်။

၎) ယမမင်းကဲ့သို့ကျင့်ခြင်း။
ယမမင်းသည် ချစ်သူ မုန်းသူဟူ၍ အထူးအခြား ကွဲပြားမရှိ၊ ကံအားလျော်စွာ ရောက်လာလျှင် စီရင်သကဲ့သို့ မင်းတို့သည်လည်း ချစ်သူ မုန်းသူဟူ၍ မျက်နှာ မငဲ့၊ အမှုနှင့်လျော်ညီစွာ စီရင်ရာသည်။

၅) သမုဒ္ဒရာကဲ့သို့ကျင့်ခြင်း။
သမုဒ္ဒရာသည် ရေကို မတောင့်တ၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့ အလို အလျောက်ဝင်လာသမျှကိုသာ ခံသကဲ့သို့ မင်းတို့သည်လည်း ဥစ္စာကို မလိုချင် မတောင့်တ၊ ထုံးစံရှိသည့်အတိုင်း ရသင့်သမျှကိုသာ ခံယူရာသည်။

၆) လကဲ့သို့ကျင့်ခြင်း။
လပြည့်ဝန်းသည် မြင်မြင်သမျှ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေသကဲ့သို့ မင်းတို့သည်လည်း မျက်နှာရွှင်လန်းလျက် စကားချိုသာ နာပျော်ဖွယ်ပြောဆို၍ မှူးမတ် ပြည်သူ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေရာသည်။

၇) မြေကြီးကဲ့သို့ကျင့်ခြင်း။
မြေကြီးသည် သတ္တ၀ါအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ်သကဲ့သို့ မင်းတို့သည် လည်း သင်္ဂဟတရား လေးပါးဖြင့် ပြည်သူလူထုအပေါင်း၏ ကိုးကွယ်ရာဖြစ် အောင် ရွက်ဆောင်ရာသည်။

၈) မိုးကဲ့သို့ကျင့်ခြင်း။
မိုးသည် မိုးတွင်းလေးလပတ်လုံး လူအပေါင်းတို့ကို ရေဖြင့် ရောင့်ရဲစေသကဲ့သို့ မင်းတို့သည်လည်း အမှုထမ်း အရာထမ်းတို့အား မျိုးရိက္ခာ၊ အ၀တ်အစား၊ ဆုလာဘ်တို့ဖြင့် နှစ်သက်ရောင့်ရဲစေရာသည်။
***
ဖော်ပြခဲ့ပြီးဖြစ်တဲ့ သင်္ဂဟတရားလေးပါးတို့ မင်းကျင့်တရား ၁၀-ပါး တို့နဲ့ ပြည့်စုံ စွာ ကျင့်ကြံတဲ့ ပုဂ္ဂိုလ်ကိုသာ မင်း၊ အစိုးရလို့ ခေါ်တွင်ကြောင်း ယောမင်းကြီး ဦးဖိုးလှိုင်ကရေးသားထားပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေသူဖြစ်ပေမဲ့လည်း အထက်ပါအချက်တွေက ချို့ယွင်းခဲ့ရင် မင်းလို့ မမည်ပါဘူးတဲ့။
ဒါဆို … ကျမတို့ အခု နေနေရတာဟာ မင်းမရှိတဲ့ တိုင်းပြည် (မင်းမဲ့တိုင်းပြည်) မှာ နေနေရတာများလား … လို့ တွေးနေမိပါရဲ့။
။(ဖေ့စ်ဘွတ်ခ်က အမတစ်ယောက်ရေးတာကို ကြိုက်လို့ ကူးယူဖော်ပြပါတယ်) ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အမြင်တု


အသက်ကြီးလာလေလေ ပိုပြီးကြောက်လာလေတဲ့။
တောက်ပမှုတွေ တစ်စစေ၀၀ါး
ဆာတာတွေ စားတာတွေ နဲပါး
အသံတွေက မကြားတကြား
အာတာတွေ ညာတာတွေ များပြား
ဒါပေမဲ့ မတော်တရော်တွေ
ဒုစရိတ်မှုတွေ
နာဂစ်ဆိုးတွေ
ထပ်လိုချင်သေးတဲ့မြေဧက ငါးဆယ်တွေ
ရေကြီးမှုတွေ
ဖုန်းလိုင်းကြပ်မှုတွေ
ဖုန်ထူထူလမ်းမတွေ
ဖုန်ထနေတဲ့ ဖုန်းဆိုးမြေက ထမင်းအိုးတွေ
ချွေးနံ့ သွေးနံ့  နံနေတဲ့ မျက်နှာတွေ
လူကြားထဲမှာ ငိုပြတာတွေ
တရုတ်က ရနေတဲ့ လျှစ်စစ်သန်း သုံးထရီလီယံတွေ
ဒါတွေဟာ
ခွေးအိုကြီးရေးတဲ့ ကျိန်စာတွေတဲ့။
အမြင်ခြင်းမတူဘူး ။
အသွင်ခြင်းမတူဘူး ။
ငါက ဖယောင်းတိုင် မျက်လုံး
ငါက ဖြိုချခံရတဲ့ တောင်ကုန်း
ဆင်းရဲမှုကိုပဲ ဘုန်းတန်ခိုးလို့ ထင်ခဲ့ရသူ…။
ဒါနဲ့ တခြားသူတွေကို စောင်းငဲ့ကြည့်တော့…
သူတို့လဲ မြေပေါ်မှာ
မြေအောက်မှာ
ရေပေါ်မှာ
ရေအောက်မှာ
notebookလေးတွေက ၁၁ သိန်းတန်နဲ့ ။
ငါလဲ ကျောက်သင်ပုန်းအပဲ့တစ်ခုနဲ့
ငါမသောက်တဲ့ စည်ဘီယာအကြောင်း
ရမ်အရက်အတုအကြောင်း
ကဗျာအတုအကြောင်း
အစိုးရအတုအကြောင်း
by the people, for the people ဆိုတဲ့ စာအကြောင်း
မျက်ရည်စို့စို့တို့အကြောင်း
ထောင်သားအတုတွေအကြောင်း
မျက်ကန်းတွေက မျက်မြင်တွေကို လမ်းပြနေတဲ့အကြောင်း
ငါ့အမြင်တွေက အတုဖြစ်နေတဲ့အကြောင်း
ငါ ဆက်မမြင်ချင်ပဲ ဆက်မြင်နေရတဲ့ ငြီးတွားသံတို့အကြောင်း
ရေးခြစ်မိခဲ့… တေးသစ်မိခဲ့ပေါ့ ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ကိုယ်ရေးရာဇ၀င်


ဆူးကြားမှာ သီးတဲ့ ဘူးသီးလေးလို
တိမ်တောင်ကြားမှာ ပျံသန်းချင်သလို
ဘာမှ မသင်ဘူးသလို ဘာမှ မသိခဲ့သူတွေ
ဘာမှ မတတ်သလို ဘာမှ မဖတ်ခဲ့သူတွေ
ဧရာဝတီပေါ်မှာ မင်းမူ
သွေးစိမ်းပူပူတွေ ပစ်ချ
မြန်မာပြည်ဟာ မျက်ရည်ကျနေတယ်။
မမြန်တဲ့ မမာတဲ့လူတွေဟာ
မြန်မာဆိုတဲ့နာမည်နဲ့
မြူးကြွ အရူးထ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးစက်ခခဲ့တဲ့မြေ။
တရားတွေဟောသလောက်
တရားသဘောမပေါက်တဲ့မြေ ။
မှိုလိုပေါက်နေတဲ့ တရားစခန်းကြားက
အရက်ဘားခန်းတွေက တစ်ခုပြီးတစ်ခု
လုယက်စိတ်တွေ ခိုးလိုးခုလု
မင်း သိပ်တော်တယ်ပြောကြည့်
နွားကျောင်းသားကစပြီး ပျော်တဲ့မြေ ။
အရမ်းအပြောကောင်းတယ်
အမတ်ရွေးပွဲဝင်ပါ့လားဆို
ဆိုက္ကားသမားလဲ မာန်တွေတက်
ခြံစောင့်ဖို့ထက် ဈေးခွေးလုပ်ချင်သူတွေများတဲ့မြေ ။
ကိုလိုနီခေတ်က သူများတွေ လာပြီး ကျွန်ပြု
အခုတော့ သွားပြီး ကျွန်ခံ
ကျွန်သံသရာလည်နေတဲ့မြေ ။
လေယာဉ်မလုပ်တတ်ဘူး ။
လေယာဉ်မစီးတတ်ဘူး ။
ဂဏန်းတွက်စက်မထုတ်ဘူး ။
ဗိန္ဓောဆေးတွေ တီဗီထဲကြော်ငြာ
ကိုးရီးယားအနုပညာကို လိုက်တု
ဘယ်လိုမှ ကုစားလို့မရတော့တဲ့ မြေ ။
တောက်တဲ့ ဖမ်းရောင်း
မြွေပွေးဖမ်းရောင်း
သူများအသက်တွေနဲ့ စီးပွားရေးကောင်းနေတဲ့ မြေ ။
ဗေဒင်ဆရာနဲ့ နတ်ကတော်တို့
ကောင်းကောင်းကြီးပျော်နေတဲ့ မြေ ။
ဝါကြွားမောက်မော်
တကယ်ပဲ မတော်တရော်တဲ့ မြေ ။
ဒီမြေမှာ ငါ့ကိုမွေးခဲ့တယ်။
ငါမွေးတဲ့ သက္ကရာဇ်မှတ်တမ်းက
သွေးဇာတ်လမ်းထဲက ရှစ်ဆယ့်ရှစ်တဲ့ ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Saturday, October 29, 2011

(မောင်ယုပိုင်) လှသန်း (စ - ဆုံး)




နာရီလက်တံဟာ
ကျွန်တော့်ကို ရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့။
(မိမိကိုယ်ကို အဓွန့်ရှည်ရေးမှ)

ပြန်ဖို့ရာ အိမ်အဆင်သင့်
သွားဖို့ရာ သံသရာ အဆင်သင့်
နားဖို့ရာ ခနာကိုယ် အဆင်သင့်။
နာခြင်းပင်လယ်ကို ရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်ခြင်းကမ်းခြေမှာ အပန်းဖြေရမှာလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုမှာ ဆိုက်ကပ်မှာလား
(နာမကျန်းသောနေ့ရက်များ မှ)

ဒီဘ၀အတွက် မလေးရှားမှာ ကားရေဆေးတယ်
နောက်ဘ၀အတွက် ကဗျာရေးတယ်
ဒါဟာ ကျွန်တော်နဲ့လောကကြီး ဆက်ဆံရေးပါပဲ။
(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၁) မှ)

ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကို သစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့
မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။
(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၂) မှ)

သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
(ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ)

လက်တစ်ကမ်းမှာ
အောင်မြင်မှု၊ သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစု အသစ်တစခုရှိနေရဲ့
(လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း ၁ မှ)

ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့ အသံကို ထွင်းထုလိုက်မယ်
တစ်ချိန်မှာ မတန်တဆ အနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာ ရှင်ပြန်ထမြောက်လာမယ်။

မွေးမြူရေးငါးတစ်ကောင် မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။
((လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၃) မှ)

မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ်
အနာဂတ်ကတော့ အသက်ငင်နေဆဲ
မကြာခင် ရှင်ပြန်ထမြောက်လေမလား။
(လူသားဆန်ချင်တာ တရားတယ် မှ)
အပူတပြင်းရေးလိုက်တဲ့ကဗျာ
နာရေးကြော်ငြာတစ်ခုလည်း ဖြစ်နိုင်ရဲ့။
(ကဗျာတစ်ပုဒ်ရဲ့ နာရေး)

လက်မရွံ့ကဗျာ UG စာအုပ်ထဲမှ စာသားများ မောင်ယုပိုင်မှ ဆက်စပ်ဖေါ်ပြသည်။
Like · · Share · October 23 at 8:26pm ·
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Friday, October 28, 2011

တောင်ကိုရီးယား ကျောင်းသုံးစာအုပ်တွေ ဒစ်ဂျစ်တယ်စနစ် ပြောင်းမည်



Htet Aungက မေးလ်ထဲ ပို့ပေးပါတယ်။ 2:03pm Oct 28


ကမ္ဘာ့ပညာရေးစနစ် အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ဖြစ်တဲ့ တောင်ကိုရီးယားက သင်ရိုးညွှန်းတမ်း အားလုံးကို ဒစ်ဂျစ်တယ်စနစ် ပြုလုပ်တော့မည့်အကြောင်း ကြေငြာလိုက်သည်။ ၂၀၁၅ ခုနှစ်မှာ ပြဌာန်းစာအုပ်အားလုံး ကွန်ပျူတာ စခရင်ပေါ်မှာပဲ ရှိတော့မယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။

တောင်ကိုရီးယား ပညာရေး၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဂျူဟိုလီ က သင်ကြားရေးစနစ်အားလုံးကို ကွန်ပျူတာစနစ် အပေါ် အခြေခံမယ့် Smart Education အဆင့် မြှင့်တင်ဖို့ မဟာဗျူဟာတွေ ချနေကြောင်း ဘီဘီစီကို ပြောဆိုခဲ့သည်။

ဒီစီမံကိန်းကို အခု နွေရာသီမှာ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပြီး၊ ကျောင်းသားတွေအားလုံး 'ဘယ်အချိန် ဘယ်နေရာက ဖြစ်ဖြစ်' သင်ယူလေ့လာနိုင်မယ့် ၀ါယာလက် ကွန်ယက်ဖွဲ့စနစ်အပေါ် အခြေခံသွားမည့်အကြောင်း ပြောခဲ့သည်။ အင်ဖော်မေးရှင်း အခြေခံတဲ့ ပညာရေးစနစ်မှာ ပီစီ၊ လက်ပ်တော့ပ်၊ တက်ဘလက်၊ အင်တာနက် ချိတ်ထားတဲ့ တီဗီ စတဲ့ ပစ္စည်းတွေ ကျောင်းသားတိုင်း အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

စမတ်ပညာရေးစနစ်မှာ ကျောင်းသားအတွက် လိုအပ်မယ့် အရည်အသွေးမှီ ကွန်ပျူတာပစ္စည်းများကို အစိုးရက ပြဌာန်းစာအုပ် ရောင်းဈေးလောက်နဲ့ ချပြီး ရောင်းပေးသွားမယ့်အကြောင်းလည်း ပြောဆိုခဲ့သည်။

"စမတ် ပညာရေးစနစ်က စက္ကူပြဌာန်းစာအုပ်တွေကို ဖယ်ရှားပစ်တော့မယ်။ အစဉ်အလာ အသုံးပြုခဲ့တဲ့ စာအုပ်တွေကို ဒစ်ဂျစ်တယ် ပြဌာန်းစာအုပ်အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ကျောင်းသားတွေ စာအုပ်သယ်ရတာ ကျောပိုးအိပ်ထမ်းရတာ သက်သာသွားမယ်။ စာသင်ခန်းကနေကျော်လွန်ပြီး ကမ္ဘာကြီးကို ရှာဖွေကြည့်နိုင်ကြလိမ့်မယ်" လို့ ၀န်ကြီး မစ္စတာလီက ပြောခဲ့ပါတယ်။

နည်းပညာ ကျွမ်းဝင်နေတဲ့ ဆယ်ကျော်သက်များ

တောင်ကိုရီးယား စမတ်ပညာရေးရဲ့ ရည်ရွယ်ချက်တစ်ခုက ကျေးလက်ဒေသ ကျောင်းသားတွေ အကျိုးအမြတ် ရရှိစေဖို့ ဖြစ်သည်။ ဘာသာရပ်ဆိုင်ရာ အထူးပြုသင်ကြားပေးမယ့် ဆရာ ရှားပါးတဲ့ ကျေးလက်ဒေသမှ ကျောင်းသားတွေ သူတို့ စိတ်ကြိုက်ဘာသာရပ်တွေ ရွေးချယ်လာနိုင်မည်။ အိမ်ကနေ သင်ယူဖို့ ပိုမိုလွယ်ကူသွားမည်။ ပညာရေးဌာနတွေကလည်း လူငယ်တွေအတွက် အခမဲ့ အဆင့်မြင့် နည်းပညာသင်တန်းတွေ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OECD) ရဲ့ စစ်တမ်းအရ၊ ကမ္ဘာ့အဖွံ့ဖြိုးဆုံး ၁၆ နိုင်ငံထဲမှာ တောင်ကိုရီးယားမှ အသက် ၁၅ နှစ် လူငယ်တွေက ဒစ်ဂျစ်တယ်နည်းပညာ အကျွမ်းကျင်ဆုံး ဖြစ်နေကြောင်း ဖော်ပြထားသည်။ အဆင့်မြင့် ပညာရေးဝဘ်ဆိုဒ်စာမျက်နှာတွေကို အကြည့်များမှု၊ အင်တာနက် အင်ဖော်မေးရှင်းတွေကို အကျိုးရှိရှိ အသုံးချနိုင်မှုမှာ တောင်ကိုရီးယား ဆယ်ကျော်သက်တွေက သာလွန်ကြောင်း ဖော်ပြထားသည်။

UNESCO အဖွဲ့ကလည်း တောင်ကိုရီးယား အစိုးရက ICT နည်းပညာကို ပညာရေးမှာ စနစ်တကျ အသုံးချနိုင်ကြောင်း ချီးကျုးထားသည်။

အမေရိကန် ထိတ်လန့်

ယခု တောင်ကိုရီးယားရဲ့ ဒစ်ဂျစ်တယ် စမတ်ပညာရေးစနစ် ပြောင်းလဲဖို့ ကြေငြာချက်ကို အမေရိကန် အစိုးရပိုင်းက အံဩခဲ့ရသည်။ အကြောင်းမှာ ပြီးခဲ့တဲ့လကမှ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံ အနာဂတ်ပညာရေးမှာ ဒီဂျစ်တယ်ရဲ့ အခန်းကဏ္ဍ အရေးပါလာမယ့်အကြောင်း ပြောပြီးရုံ ရှိသေး၊ ယခု တောင်ကိုရီးယားက ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးက ကျောင်းတွေမှာ စမတ်ပညာရေး စတင်မယ်လို့ ကြေငြာလိုက်ခြင်း ကြောင့်ပင်။

ဝင့်ထန်း

Source: BBC
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ရောက်ဖို့ အာစီယံဒေသမှာ စာဖတ်တဲ့ ယဉ်ကျေးမှု ရှိဖို့လို


Htet Aung created the doc: " "ဖေ့စ်ဘွတ်က ကူးယူဖော်ပြပါတယ်။ ကိုထက်အောင်က ကျနော့်မေးလ်ထဲ ပို့ပေးပါတယ်။

ဖင်လန်နိုင်ငံက ကျောင်းသူတစ်ယောက်နဲ့ ကားအတူစီးပြီး ကျမ ခရီးသွားဖူးပါတယ်။ ဘတ်စကားပေါ်မှာ တစ်နေ့လုံး စာကို သဲကြီးမဲကြီး ဖတ်နေတာ တွေ့ခဲ့ရတယ်။ စပ်စုတတ်တဲ့ ကျမက မေးကြည့်တယ်။

"ညီမလေး.. အဲဒီ စာမျက်နှာ ၅၀၀ ကျော်တဲ့ စာအုပ်ကို ဘယ်လောက်ကြာအောင် ဖတ်ရသလဲ"

"နှစ်ရက် သုံးရက်ပါပဲ.. အစ်မ"

စာအုပ်ချစ်တဲ့ ကျမ အဖို့တော့ အဲဒီလို စာအုပ်မျိုးပြီးဖို့ဆို တစ်ပတ် နှစ်ပတ်တော့ အချိန်ပေးရပါမယ်။

အင်ဒိုနီးရှားက ကျွန်းတွေကို ခရီးထွက်ဖြစ်တိုင်း ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ နိုင်ငံခြား ဧည့်သည်တွေ စာဖတ်နေကြတာ ကျမ အမြဲတမ်း တွေ့နေရပါတယ်။ စာအုပ်တွေကသာ သူတို့အတွက် အကောင်းဆုံး အဖော် ဖြစ်ပုံရပါတယ်။

ဖေ့စ်ဘွတ်ပေါ်မှာလည်း အနောက်က မိတ်ဆွေအချို့နဲ့ ကျမ ဆုံတတ်ပါတယ်။ စာဖတ်ဝါသနာ ပါသူတွေပီပီ၊ သူတို့ ကိုယ်ရေးဖိုင်ထဲမှာ အကြိုက်ဆုံး စာအုပ်စာရင်းတွေ ကိုယ်စီ တင်ထားကြပါတယ်။

ဒီလူတွေအဖို့တော့ ၀ါသနာပါလို့၊ အပျင်းဖြေဖို့ စာဖတ်တာ မဟုတ်ပါ။ စာဖတ်ခြင်းဟာ ယဉ်ကျေးမှု တစ်ခုကို ဖြစ်နေတာပါ။ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်နဲ့ တောင်ကိုရီးယား လို ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ စာဖတ်ခြင်းဟာ စွဲစွဲမြဲမြဲလုပ်ရမယ့် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေကြတာပါ။

စာဖတ်တဲ့ အလေ့အကျင့်ဆိုတာ ကလေးဘ၀လို ငယ်ငယ်ရွယ်ရွယ်မှာကတည်းက ပျိုးထောင်ရတာပါ။ မိခင်က စာမဖတ်တတ်သေးတဲ့ ကလေးငယ်ကို အသံထွက်ပြီး ဖတ်ပြရပါတယ်။ ကလေးကိုယ်တိုင် သူ့ဟာသူ စာဖတ်လာနိုင်တဲ့အထိ မိခင်က ဖတ်ပြနေဖို့ လိုပါတယ်။ အဲဒီ အလေ့အကျင့်က ကလေးကို ဘာသာစကား ကျွမ်းကျင်မှုရအောင် စပျိုးထောင်ရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက မြို့တိုင်း၊ ရပ်ကွက်တွေတိုင်းမှာ လူတွေ စာအုပ် အလွယ်တကူ လက်လှမ်းမှီနိုင်အောင် စာကြည့်တိုက်တွေ ထားပေးကြပါတယ်။ အဲဒီ နိုင်ငံတွေကလူတွေ စာသဲကြီးမဲကြီး ဖတ်တဲ့အကျင့်ဟာ နေရာတိုင်းမှာ စာကြည့်တိုက်တွေ ရှိနေတာကြောင့်မို့ ဖြစ်ပါတယ်။

သူတို့ကို စာဖတ်ကျင့် ဖြစ်စေတဲ့ နောက်အကြောင်းတစ်ခုကတော့ ကျောင်းမှာကတည်းက စာအုပ်တွေကို မဖတ်မနေရ ဖတ်ရတာပါ။ အနောက်နိုင်ငံတွေက မူလတန်းကျောင်း စာသင်ခန်းတိုင်းရဲ့ ထောင့်တွေမှာ စာကြည့်တိုက်လေးတွေ ရှိပါတယ်။ ဗဟုသုတဖြစ်စရာ စာအုပ်အမျိုးမျိုးတွေ ရှိနေပါတယ်။

ကျောင်းတွေက ကျောင်းသားတွေကို စာဖတ်စွမ်းရည် စစ်ဆေးမှု ပုံမှန်လုပ်ပါတယ်။ စစ်ဆေးမှုပြီးတိုင်း ဆရာက ကျောင်းသားရဲ့ စာဖတ်စွမ်းရည်အဆင့်ကို အကဲဖြတ်ပြီး သင့်လျော်မှန်ကန်တဲ့ စာအုပ် ရွေးချယ်တတ်အောင် လမ်းညွှန်ပေးပါတယ်။

စာဖတ်ခြင်းကို စိတ်ဝင်စားလာအောင်၊ စာဖတ်စွမ်းရည်မြင့်အောင် ပျိုးထောင်ရာမှာ ဖင်လန်နိုင်ငံကို နမူနာ ယူသင့်ပါတယ်။ ဖင်လန်ကျောင်းသားတွေရဲ့ စာဖတ်စွမ်းရည်ဟာ ကမ္ဘာမှာ တတိယအဆင့် ရှိပါတယ်။ စာဖတ်ကျင့်ကို လူထုတွေကြား ယဉ်ကျေးမှုဖြစ်လာအောင် ဆောင်ရွက်နေတဲ့ ထူးခြားတဲ့ တိုင်းပြည် ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ အဓိကအချက်က စာအုပ်၊ သတင်းစာနဲ့ မဂ္ဂဇင်းတွေကို အားလုံး လက်လှမ်းမှီအောင် အများပြည်သူ့ စာကြည့်တိုက်တွေမှာ ထားပေးခြင်း ဖြစ်ပါတယ်။ နောက်ပြီး စာဖတ်ခြင်းရဲ့ အရေးပါမှုကို ကျောင်းတွေ၊ ဆရာတွေနဲ့ မိဘတွေက ကမ်ပိန်းတစ်ခုအဖြစ် အဆက်မပြတ် လှုံဆော်နေခြင်း ဖြစ်ပါတယ်။

ဒီလို ကြိုးစားရာမှာ ဖင်လန် သတင်းစာတိုက်တွေ၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေ၊ ကျောင်းဆရာ သမဂ္ဂတွေ၊ ကျောင်းစာကြည့်တိုက်နဲ့ ကိုယ်ပိုင်စာကြည့်တိုက်တွေ စတဲ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

စာဖတ်ခြင်းဟာ ဘာသာစကား စွမ်းရည်တိုးတက်ဖို့အတွက် အရေးပါပါတယ်။ လူထုရဲ့ ဘာသာစကား စွမ်းရည် မြင့်မားမှုနဲ့ ဗဟုသုတကြွယ်ဝမှုက တစ်ဦးချင်းကိုရော လူ့အဖွဲ့အစည်းကိုပါ အများကြီး အကျိုးဖြစ်စေပါတယ်။

ပထမအချက်က ကျောင်းမှာ စာဖတ်စွမ်းရည် လေ့ကျင့်ပေးခြင်းဟာ ကျောင်းသားတွေကို အောင်မြင်တဲ့ သင်ယူလေ့လာသူတွေ ဖြစ်လာစေပါတယ်။ စနစ်တကျ စာဖတ်နိုင်မှုက တက္ကသိုလ် ပညာရေးမှာရော တသက်တာ သင်ယူဆည်းပူးသူ အဖြစ်နဲ့ပါ အောင်မြင်မှုတွေ ရရှိစေပါတယ်။

ဒုတိယအချက်က စာဖတ်ခြင်းဟာ တစ်စုံတစ်ဦးကို ဆန်းသစ်တီထွင်သူဖြစ်အောင် လှုံဆော်ပေးနိုင်ပါတယ်။ ဆန်းသစ်တီထွင်မှု ရလဒ်တွေဆိုတာ အိုင်ဒီယာတွေနဲ့ အယူအဆတွေ ပေါင်းစပ်ပြီးမှ ရလာတာပါ။ စာတွေ ပိုများများဖတ်လေ၊ အယူအဆနဲ့ စိတ်ကူးစိတ်သန်းတွေ ပိုများများ ၀င်လာလေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တီထွင်ဖန်တီးမှု အများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ လာနေတာ အံ့ဩစရာ မရှိပါဘူး။

ဂျပန်ကိုပဲ ကြည့်ပါ။ ဂျပန်တွေရဲ့ စာဖတ်စွမ်းရည် မြင့်မားမှုကြောင့် ကမ္ဘာမှာ တီထွင်ဆန်းသစ်မှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့ပါတယ်။ အခြားအာရှနိုင်ငံတွေ ဂျပန်ကို အမြဲ အတုယူ အားကျသင့်ပါတယ်။

တတိယအချက်။ စာဖတ်ခြင်းဟာ အမြင်မတူမှုအပေါ် သည်းခံမှုနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးပါတယ်။ စာများများ ဖတ်တာနဲ့အမျှ၊ အခြားလူတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ယုံကြည်ချက်၊ ဘာသာရေး၊ လူမျိုးရေးတွေကို ပိုပြီးနားလည် ခံစားတတ်လာပါတယ်။

ဥပမာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ မူဆလင်တွေဟာ တစ်ဦးယုံကြည်ချက်အကြောင်း တစ်ဦး ဖတ်ကြတယ်ဆိုရင် ဘာသာတရားတွေရဲ့ အဓိက အနှစ်သာရက ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ကိုယ်ချင်းစာတရားတွေ ဖြစ်တာကို သိနားလည်ကြပါမယ်။ ဒီလို နားလည်လာရင် ဒေသပဋိပက္ခတွေကို လျှော့ချနိုင်ကြပါလိမ့်မယ်။

စာဖတ်ခြင်းကနေ အနာဂတ်မှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကို တားမြစ်ပေးနိုင်မယ်လို့ ကျမ အလေးအနက် ယုံကြည်နေပါတယ်။ ကျမတို့ အင်ဒိုနီးရှား တင်မကဘဲ အာစီယံ ဒေသတွင်းနိုင်ငံအားလုံးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကို စနစ်တကျ ဖတ်တဲ့ အလေ့အကျင့်တွေ ပျိုးထောင်ဖို့ အမြန် လိုအပ်နေပါတယ်။

ဒါကြောင့် အာစီယံနိုင်ငံတိုင်းမှာ စာဖတ်ခြင်းကို ယဉ်ကျေးမှုဖြစ်လာအောင်အထိ လုပ်ကြဖို့ ပေါ်လစီမိတ်ကာ တွေကို ကျမ အကြံပေးချင်ပါတယ်။ လူထုအားလုံး စာဖတ်လာအောင် တယ်လီဗေးရှင်းတွေ၊ ပိုစတာတွေ၊ ဆောင်ပုဒ်တွေ၊ လက်ကမ်းစာစောင်တွေနဲ့ လှုံ့ဆော်မှုအထိ လုပ်ရမယ်။

ဒါပေမဲ့ အပေါ်ယံ ဟန်ပြတွေမဟုတ်ဘဲ၊ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

စာဖတ်စွမ်းရည်ကို မြှင့်မားစေမယ့် ပညာရေးသင်ရိုးညွှန်းတမ်းတွေကို နိုင်ငံတကာကျောင်းတွေ၊ ပညာရှင်တွေနဲ့ ညှိနှိုင်းဆွဲဖို့ ပညာရေးဌာနတွေက အကောင်အထည် ဖော်ရပါမယ်။

ရည်ရွယ်ချက်က စာသင်ခန်းမှာ ကလေးတွေ မဖတ်မနေရ စာဖတ်စေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် ကျောင်းတွေမှာ ပြဌာန်းစာအုပ်တင်မကဘဲ၊ ဖတ်စရာ စာအုပ်မျိုးစုံနဲ့ စာကြည့်တိုက်အတွက် လိုအပ်သမျှ အထောက်အကူ ပစ္စည်းတွေ ဖြည်းဆည်းပေးထားရပါမယ်။ ကျောင်းသားတွေရဲ့ အရွယ်ဖွံ့ဖြိုးမှုနဲ့အတူ စာဖတ်စွမ်းရည် မြင့်လာအောင်၊ သုတ ရသ စာအုပ်အားလုံး ဖတ်ခွင့် ပြုရပါမယ်။

နောက် ဒေသစာကြည့်တိုက်တွေနဲ့ ပုဂ္ဂလိကစာကြည့်တိုက်တွေ ထူထောင်ဖို့ လိုအပ်တဲ့ စာအုပ်စာတမ်းတွေကို အစိုးရက ပံ့ပိုးပေးရပါမယ်။ စာကြည့်တိုက်တွေကြားမှာ ကွန်ယက်ဖွဲ့ပေးထားရပါမယ်။ ရည်ရွယ်ချက်က လူထုကို ဗဟုသုတဖြစ်စေမယ့် စာအုပ်တွေ များများ ငှားပေးနိုင်ဖို့ ဖြစ်ပါတယ်။

အာစီယံနိုင်ငံတွေမှာ စာဖတ်အားနည်းတဲ့ အဓိက အကြောင်းက စာအုပ်စာပေကို လူထုနဲ့ လက်လှမ်းမှီမှီ ထားမပေးနိုင်တဲ့ အချက်ဖြစ်တာ ကျမတို့ မြင်တွေ့နေရပါတယ်။ အစိုးရတွေအနေနဲ့ လူထု စာဖတ်ရေး လုပ်ငန်းအတွက် ငွေကြေးအလုံအလောက် သုံးစွဲသင့်ပါတယ်။

စာဖတ်တဲ့ ယဉ်ကျေးမှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့အတွက် အလွန်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ စိန်ခေါ်မှုတွေ ရှိပေမဲ့၊ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ အိပ်မက် မက်ထားရင် မဖြစ်မနေ ကျားကုတ်ကျားခဲ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။

အနာဂတ်မှာ ကျမတို့ အာစီယံ ဒေသနိုင်ငံအားလုံးက ကားပေါ်၊ ရထားပေါ်၊ လေယာဉ်နဲ့ သင်္ဘောပေါ်၊ ကော်ဖီဆိုင်၊ လက်ဘက်ရည်ဆိုင် တွေမှာ လူတွေ စာဖတ်နေတာကို မြင်ရဖို့ လိုပါတယ်။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် လူတွေ စာဖတ်နေပြီဆိုရင်တော့ အာစီယံဒေသလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေ ဖြစ်နေပြီပေါ့။

ရည်ညွှန်း။ The Jakarta Post

(စာရေးသူ Betsy Sahetapy မှာ Jakarta International School မှ ကျောင်းဆရာမ ဖြစ်သည်။)

ဝင့်ထန်း
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Tuesday, October 25, 2011

ဗုဒ္ဓဘာသာနှင့် စီးပွားရေး


လူတစ်ချို့က ဗုဒ္ဓဘာသာကို လောကီနယ်မှာ အသုံးမ၀င်တဲ့သံသရာထွက်မြောက်ရေးတရားသက်သက်လို့ ပြောဆိုလာတာတွေ တွေ့ရပါတယ်။
တစ်ကိုယ်ရေ လွတ်မြောက်မှုကို ဦးစားပေးတယ်။ တမလွန်အတွက် အရေးထားတယ်လို့လဲ ရေးသားလာကြပါတယ်။ တစ်နေရာထဲကြည့်ပြီး တရားတစ်ပုဒ် စာတစ်ပုဒ်ကို နာကြားလေ့လာပြီး တစ်ယူသန် ကောက်ချက်ဆွဲတာ မှန်ကန်ဖို့ မလွယ်ပါဘူး။ ဘုရားရှင်ဟာ သတ္တ၀ါတွေရဲ့ လိုအပ်ချက်၊ ရောဂါအလိုက်ဆေးဝါးဓာတ်စာ၊ ပညာအဆင့်အတန်းအလိုက် အတိအကျ ဟောကြားသင်ကြားတော်မူပါတယ်။ ဘုရားရှင်ဟာ တိုက်ရိုက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရေးတရားများကို ဟောကြားသလို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊အိမ်ထောင်ရေး၊အလုပ်သမားအခွင့်အရေး၊ ကိုယ်ရောဂါ စိတ်ရောဂါများ ကုသရေးအပါအ၀င် လူ့ပြည်က လိုအပ်ချက်တိုင်းကို နည်းပေးလမ်းပြ ဟောကြားတော်မူပါတယ်။ အခုတင်ပြဆွေးနွေးမည့်အကြောင်းက စီးပွားရေးနဲ့ပတ်သက်တဲ့ လူတိုင်းသိနေတဲ့ ဘုရားဟောတရားတစ်ပုဒ်ဖြစ်ပါတယ်။ သေချာဖတ်ရှု စဉ်းစားဝေဖန်ဖို့ လိုပါတယ်။
တစ်ခါက ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောလိယတိုင်းက ကက္ကရပတ္တနိဂုံးကို ရောက်သွားပါတယ်။
ဒီဃဇာဏုအမည်ရှိတဲ့ ကောလိယမင်းသားက ဘုရားရှင်ကို ပွင့်ပွင့်လင်းလင်း လျှောက်ထားတောင်းပန်တယ်။
”မြတ်စွာဘုရား တပည့်တော်တို့ဟာ လူဝတ်ကြောင် ကာမဂုဏ်ခံစားသူတွေဖြစ်ပါတယ်။ သားမယားတွေနဲ့ ကျဉ်းကြပ်တဲ့ အိပ်ရာထဲမှာ အိပ်ကြသူတွေဖြစ်ပါတယ်။ ကာသိတိုင်းဖြစ် အကောင်းဆုံး စန္ဒကူးနံ့သာကို လိမ်းကျံထားကြပါတယ်။ ပန်းပန်သနပ်ခါးလိမ်းထားကြပါတယ်။ ရွှေလည်ဆွဲဝတ်ဆင် ငွေကြေးသုံးစွဲနေကြပါတယ်။ တပည့်တော်တို့အတွက် လက်ရှိဘ၀မှာကော တမလွန်ဘ၀မှာပါ အကျိုးရှိမည့် ချမ်းသာကြောင်းတရားများ ဟောကြားတော်မူပါဘုရား”တဲ့။ မြန်မာနိုင်ငံမှာ တရားမဟောခင် တရားတောင်းတာတွေရှိတယ်။ ဘယ်လို တရားတွေ ဘယ်လိုတောင်းနေကြတယ်ဆိုတာ သိဖို့လိုမယ်။ စဉ်းစားဖို့ လိုမယ်။

အဲ့ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က အခုလက်ရှိဘ၀မှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ လိုက်နာရမည့် စည်းကမ်းလေးမျိုးကို ရှင်းလင်းဟောကြားတော်မူပါတယ်။ အဲ့ဒီတရားလေးပါးက
(၁)ကြိုးစားရမယ်။
(၂) စောင့်ရှောက်နိုင်စွမ်းရှိရမယ်။
(၃)မိတ်ကောင်းဆွေကောင်းရှိရမယ်။
(၄) ၀င်ငွေ ထွက်ငွေမျှတအောင် သုံးစွဲတတ်ရမယ်။
နံပါတ်တစ်=ကြိုးစားမှုဆိုတာ အချက် ငါးချက်ပါတယ်။ လူတစ်ယောက်ယောက်ဟာ နည်းမျိုးစုံနဲ့ စီးပွားရှာနေတယ်။ စိုက်ပျိုးရေးသမားဖြစ်ချင်ဖြစ်မယ်။ ကုန်သည်ပွဲစားဖြစ်ချင်ဖြစ်မယ်။
နွားဆိတ်အစရှိတဲ့ မွေးမြူရေးသမားဖြစ်ချင်ဖြစ်မယ်။ လေးသည်တော်ဖြစ်ချင်ဖြစ်မယ်။ အစိုးရ၀န်ထမ်းဖြစ်ချင်ဖြစ်မယ်။ ပညာရပ်တစ်မျိုးမျိုးနဲ့ တစ်ခြားအလုပ်ကို လုပ်ချင်လုပ်နေမယ်။
ဘယ်အလုပ်ကိုပဲလုပ်လုပ် ဘယ်နည်းနဲ့ပဲ စီးပွားရှာရှာ လုပ်ငန်းကျွမ်းကျင်ရတယ်။ ပျင်းရိမေ့လျော့မှုမရှိရဘူး။
လုပ်ငန်းအလိုက် အခြေအနေအရ စဉ်းစားဝေဖန် ဆုံးဖြတ်နိုင်တဲ့ ဥာဏ်ပညာရှိရမယ်။
ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ်တိုင်လဲ လုပ်တတ်ရတယ်။ သူများကိုလဲ ခေါင်းဆောင်နိုင်ရတယ်။ စေခိုင်းတတ်ရတယ်တဲ့။
ဒီလိုဆိုတော့ လူတိုင်း အလုပ်လုပ်ရမယ်။ စီးပွားရှာနည်းသိရမယ်။ စီးပွားရှာတတ်ရမယ်။ စီးပွားရှာနိုင်ရမယ်။ စီးပွားရှာနေရမယ်။
စီးပွားရေးပညာတတ်ထားရမယ်ဆိုတာ သိသာ ထင်ရှားလှပါတယ်။ လူတိုင်းအသက်မွေးဝမ်းကျောင်းပညာ၊ စီးပွားရေးပညာ၊
စီးပွားရေးသီဝရီတွေ သင်တန်းကျောင်းတွေ တက္ကသိုလ်ကောလိပ်ဂ်ျတွေ သုတေသနဟောပြောပွဲတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတာ သိသင့်ပါတယ်။ လိုက်နာကျင့်သုံးသင့်ပါတယ်။ သူများနိုင်ငံတွေမှာ BBA.MBA.DBA.B.COM.M.COM.D.COM တွေ ပေါများသလောက် မြန်မာနိုင်ငံဟာ ပေါများနေပလားဆိုတာ လေ့လာဆန်းစစ်ဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လိုအပ်ပါတယ်။ သူများနည်းတူ လကမ္ဘာပေါ်မတက်နိုင်သေးသော်လည်း မြေလျောက်ဝိဇ္ဇာကောင်းတစ်ယောက်ဖြစ်အောင်တော့ ကြိုးစားကြရပါမယ်။

နံပါတ်နှစ်=ကာကွယ် စောင့်ရှောက်နိုင်စွမ်းရှိရမယ်ဆိုတာ အထက်ပါအတိုင်း ဇွဲလုံ့လ ၀ီရိယ ခံယူချက် ခံစားချက်တဲ့ ရှာဖွေလို့ ရရှိထားတဲ့၊ လက်ရုံးအားနှင့် စုဆောင်းထားတဲ့၊ ချွေးသွေးရင်းနှီးပေးဆပ်ထားတဲ့၊ တရားသဖြင့်ရှာဖွေ ရရှိထားတဲ့ စီးပွားဥစ္စာတွေကို ရန်သူမျိုးငါးပါး
မဖျက်ဆီးအောင် စောင့်ရှောက်နိုင်ရမယ်။ အစိုးရက မသိမ်းနိုင်အောင်၊ သူခိုး မခိုးနိုင်အောင်၊ မီးမလောင် ရေမမျှောနိုင်အောင်၊ သားသမီးဆိုးတွေ မဖျက်ဆီးနိုင်အောင် စောင့်ရှောက်နိုင်ရမယ်။ ထိမ်းသိမ်းနည်းပညာ၊ စုဆောင်းနည်းပညာ၊ မိမိဘ၀ မိမိပစ္စည်း ဥစ္စာများကို စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက်နိုင်ဖို့ ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာကော စိတ်ချယုံကြည်ရမည့် ဘဏ်လုပ်ငန်းများ အာမခံလုပ်ငန်းများ သင်တန်းများ ပညာပေးဟောပြောပွဲများ ခိုးဆိုးလုယက်မှုစသည့် ဒုစရိတ်ကင်းသော
လူကောင်းသူကောင်းများ စာရိတ္တပညာသင်တန်းများရှိဖို့ ပေါများဖို့ လိုအပ်သည်ဟု ထင်မိပါတယ်။ ကာကွယ်စောင့်ရှောက်ရေးမှာ
နိုင်ငံပိုင် ရွှေငွေကျောက်သံပတ္တမြား ရေနံ ရွှေဓာတ်ငွေ့များ မြေယာ မြစ်ချောင်းများကို စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
သီပေါမင်းခေတ်က ထိုသို့ မကာကွယ်နိုင်ခဲ့လို့ အင်္ဂလိပ်ကျွန် ဂျပန်ကျွန်ဖြစ်ပြီး ငတ်တွင်းနက်ခဲ့ကြပြီ။ အခုလို စစ်အေးတိုက်ပွဲမှာကော
မြန်မာနိုင်ငံဟာ နိုင်ငံသားများနဲ့ နိုင်ငံပိုင် သယံဇာတရတနာများကို ကာကွယ်စောင့်ရှောက်နိုင်သလား။ တရုတ်ကျွန် ကုလားကျွန်ဖြစ်ပြီး ငတ်တွင်းနက်နေကြသလားဆိုတာ စဉ်းစားသင့်ကြပါပြီ။ ကာကွယ်ရေးတပ်ဆိုသည်ကကော အရင်ကလို အင်္ဂလိပ်နဲ့ ဂျပန်ကို တိုက်ရမယ်ဆိုရင် နိုင်မလား။ တရုတ်ကို ချမယ်ဆိုရင်ကော နိုင်မလား။ ယဉ်ကျေးမှုတိုက်ပွဲ၊ ဘာသာရေးတိုက်ပွဲ၊ပညာရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ၊စီးပွားရေးတိုက်ပွဲများကို ရင်ဆိုင်ယှဉ်ပြိုင်တိုက်နိုင်မလား၊ မြန်မာ့ယဉ်ကျေးမှု၊ဗုဒ္ဓဘာသာ၊ အဆင့်မြင့်နည်းပညာစသည်ဖြင့် ကာကွယ်စောင့်ရှောက်ရမည့် အရာများမှာ ပေါများလှရှိပါတယ်။
ကာကွယ်ကြဖို့ ကာကွယ်နိုင်ဖို့ လူမျိုးမတုန်းဖို့၊ ဗုဒ္ဓဘာသာ မပျောက်ကွယ်ဖို့ ကျန်ရှိနေသေးသည့် သယံဇာတ အနည်းအကျဉ်းကို ထိမ်းသိမ်းဖို့ လိုအပ်ပါတယ်။

နံပါတ်သုံး=မိတ်ကောင်းဆွေကောင်းရှိရမယ်ဆိုတာ မိမိနေတဲ့ မြို့ရွာနိုင်ငံမှာ ပညာတတ် နှလုံးလှသော လူများရှိတတ်ကြတယ်။ သဒ္ဓါတရားရှိသော ကိုယ်ကျင့်တရားကောင်းမွန်သော ကူညီတတ် စွန့်ကြဲတတ်သော စွယ်စုံပညာရှင်များရှိတတ်ကြတယ်။
အဲ့ဒီလို ပညာတတ်နှလုံးလှသော မိတ်ကောင်းဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်း မေးမြန်းစုံစမ်းခြင်း သူတို့ရဲ့ ကောင်းသော အကျင့်များကို အတုယူကျင့်သုံးခြင်း လေ့လာသင်ယူခြင်း ပြုရမယ်လို့ ဆိုလိုတာပါ။ သူတို့လို သဒ္ဓါတရားရှိအောင် သီလကိုယ်ကျင့်ကောင်းအောင် စွန့်လွှတ်တဲ့စိတ်ထား အနစ်နာခံတတ်တဲ့ နှလုံးသားရှိအောင် နက်ရှိုင်းသော ဥာဏ်ပညာရှိအောင် ကြိုးစားဖြည့်ကျင့်၇မယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ထိုသို့သော ပညာရှိသူတော်ကောင်းများ မြန်မာနိုင်ငံမှာ ရှိသလား။
ရှိရင် နည်းသလား များသလား။ ပညာရှိသူတော်ကောင်းများကို ဆည်းကပ်သူ အတုယူလိုက်နာကျင့်သုံးနေသူတွေ
ပေါများသလားဆိုတာ လေ့လာသင့်ကြပါတယ်။ ပညာတတ်လူကောင်းများပေါများဖို့ အချိန်တန်ပြီဟုထင်မြင်မိပါတယ်။
အရင်က ကမ္ဘာ့ပြဿနာများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က ဖြေရှင်းပေးခဲ့ဖူးပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ပြဿနာများကို
ဖြေရှင်းဖို့ ကမ္ဘာအရပ်ရပ်ကို လိုက်လံတောင်းခံနေကြရတယ်။ အသနားခံနေကြရတယ်။ အားကိုးနေကြရတယ်။
ဒါတွေကို စဉ်းစားဝေဖန်ကြဖို့ အကြံဥာဏ်များပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။ ပညာတတ်လူကောင်းများ ပေါများဖို့ ပညာတတ်လူကောင်းများဖြစ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။
ပညာမဲ့ လူမိုက်တစ်ယောက်ပေါ်လာရင် ပတ်ဝန်းကျင် မြို့ရွာ သွေးစွန်း ဒုက္ခရောက်ရတတ်တယ်ဆိုတော့ ပညာတတ်လူကောင်းပေါများရေးဟာ လက်ငင်းဆောင်ရွက်ရမဲ့ ကိစ္စဖြစ်ပါတယ်။ နယ်စပ်နေရာတော်တော်များများမှာ သွေးစွန်းနေတာ၊
လူတစ်ချို့ သွေးဆာနေတာ မြင်နေရ ကြားနေရပါတယ်။ ကယ်နိုင်သူ ကယ်ကြပါ။ ကယ်တင်ချိန်တန်ပါပြီခင်များ။

နံပါတ်လေး=၀င်ငွေ ထွက်ငွေ မျှတရမယ်ဆိုတာ လူတိုင်းကြားဖူးတဲ့ အရာဖြစ်ပေမဲ့ လူတိုင်းနီးပါး မလိုက်နာဖြစ်တဲ့ စည်းကမ်းတစ်မျိုးဖြစ်ပါတယ်။ ဘယ်လောက်ရရင် ဘယ်လောက်သုံးရမယ်ဆိုတာ ဘုရားရှင်က မိန့်ကြားတော်မူထားခဲ့ပါတယ်။
ရလာတဲ့ ငွေကို လေးပုံပုံရမယ်။ တစ်ပုံကို လိုအပ်တာသုံးစွဲပြီး နှစ်ပုံကို လုပ်ငန်းထဲဆက်သုံးရမယ်။ တစ်ပုံကိုတော့ စုဆောင်းသိမ်းဆည်းထားရမယ်။ ဥပမာ တစ်ထောင်ရလာတယ်ဆိုရင် ၂၅၀စီ လေးပုံပုံပြီး ၂၅၀ကို သုံးမယ်။ ၅၀၀ ကို လုပ်ငန်းထဲ ထပ်ထဲ့မယ်။ ကျန်တဲ့ ၂၅၀ ကိုတော့ စုဆောင်းသိမ်းဆည်းထားမယ်ပေါ့။ ဒါဆို ဘယ်အပုံထဲက လှူမလဲဆိုတော့ ကိုယ်သုံးတဲ့ ၂၅၀ ထဲက လှူရမယ်၊ ပေးကမ်းစွန့်ကြဲရမယ်တဲ့။ ဘုရားရှင်ဟောတော်မူတဲ့ ငွေကြေးသုံးစွဲနည်း စနစ်ဟာ တကယ်ပဲ မှန်ကန်ကောင်းမွန်လှပါတယ်။
ရရှိလာတဲ့ ပစ္စည်း ဥစ္စာ ငွေကြေးတွေဟာ ရန်သူမျိုးငါးပါး ဖျက်ဆီးတာ မဟုတ်ဘဲ ကိုယ်တိုင်ဖျက်ဆီးနေတာတွေလဲ ရှိတတ်ပါတယ်။
ကိုယ့်သေတွင်းကိုယ်တူးမိတာက လေးမျိုးရှိတယ်လို့ ဘုရားရှင်က ဆက်လက်မိန့်ကြားပါတယ်။ အဲ့ဒီလေးမျိုးက မိန်းမပွေတာ၊ ဘီယာအရက်သောက်စားမူးရူးတာ၊ လောင်းကစားကြူးတာ၊ လူယုတ်မာ သူခိုးကြမ်းပိုးတွေနဲ့ ပေါင်းသင်းတာဖြစ်ပါတယ်။
ဒီလေးမျိုးဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ပြီး မိမိဘ၀ မိမိမိသားစု ပတ်ဝန်းကျင်ကို သေတွင်းပို့နေတာဖြစ်ပါတယ်။
အထက်ပါ လေးမျိုးကို ရှောင်ကြဉ်ရင်တော့ မိမိဘ၀ကော မိမိမိသားစု ပတ်ဝန်းကျင်ပါ ချမ်းသာခြင်းလက်ဆောင်တွေ ပေးနေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘုရားရှင်က သေတွင်းလေးမျိုးကို ရှောင်ကြည်ကြလို့ ကောလိယမင်းသားတွေကို ပစ္စုပ္ပန်ဘ၀အောင်မြင်ရေးအဖြစ် ဟောကြားတော်မူခဲ့ပါတယ်။ ဒီသေတွင်းလေးမျိုးက မြန်မာနိုင်ငံမှာ ရှိသလား။ ဘယ်လောက်ရှိသလဲ။ မြန်မာလူမျိုးတွေဟာ မိန်းမပွေသလား။ အရက်သောက်သလား။ လောင်းကစားလုပ်သလား။ လူယုတ်မာတွေနဲ့ ပေါင်းသင်းနေကြသလားဆိုတာ စဉ်းစားဝေဖန်၇ပါမယ်။ ဒီသေတွင်းလေးမျိုးရှိနေတယ်၊ များနေတယ်ဆိုရင်တော့
မြန်မာပြည်ဟာ သေတွင်းထဲဆင်းပြီး ငတ်တွင်းနက်ကြမှာ အမှန်ပင်ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ဘီယာအရက်များထုတ်လုပ်ဖြန့်ဖြူးတာ တပ်မတော်ရမ်အရက်စက်ရုံထောင်ထားတာတွေ မြင်ရတော့ အစိုးရဟာ တိုင်းပြည်ကို ဖျက်ဆီးနေတာပဲလို့ ပြောဖူးပါတယ်။ သူ့စကားမှန်သလား မှားသလားဆိုတာလဲ တွေးတောစရာတစ်ခုပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ဒီသေတွင်းလေးမျိုးမှ ရှောင်ကြဉ်ဖို့ ဟောခဲ့ပါတယ်။ မရှောင်ကြဉ်ပဲ တဲ့တဲ့တိုးနေရင်တော့
ဘယ်သူမှ ကယ်လို့ရမှာ မဟုတ်ပါဘူး။ လက်ရှိပစ္စုပ္ပန်ဘ၀အောင်မြင်ရေးအတွက် တရားတောင်းလို့ ဘုရားရှင်က ဟောကြားခဲ့တာကို ဖော်ပြအပ်ပါတယ်။အထက်ပါ ကြိုးစားခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပညာရှိသူတော်ကောင်းတို့နှင့်ပေါင်းသင်းခြင်း၊ ၀င်ငွေ ထွက်ငွေ မျှတအောင် စီမံခန့်ခွဲသုံးစွဲခြင်းဆိုတဲ့အတိုင်းလိုက်နာမယ်ဆိုရင် မြန်မာပြည်မှာ လူမွဲဆိုတာတောင် ရှိတော့မယ် မထင်ပါဘူး။ ပညာမဲ့ လူမိုက်တွေများလာရင်၊ ဘုရားပွဲ ကျောင်းပွဲ နတ်ပွဲ ပျော်ပွဲရွှင်ပွဲတွေများမယ်ဆိုရင်၊ ဘီယာအရက်ဖိုးက ထမင်းဖိုးထက်များနေမယ်ဆိုရင်၊ မတော်လောဘ အမြတ်ကြီးစား ဂုတ်သွေးစုပ်နေကြမယ်ဆိုရင်၊ လူကော ဘုန်းကြီးတွေကော စားသောက် ပျော်ပါး ၀ါကြွားလိမ်ညာနေကြမယ်ဆိုရင်တော့ ငတ်တွင်းက နက်မြဲနက်နေမှာ ဖြစ်ပါတယ်။ ဆင်းရဲခြင်း နာဂစ်မုန်တိုင်းက တိုက်မြဲတိုက်နေမှာ ဖြစ်ပါတယ်။ အသက်ရှင်နေသော်လဲ လူသေတွေလို
ရည်ရွယ်ချက်မဲ့ မျှော်လင့်ချက်မဲ့ ဖြစ်နေပါလိမ့်မယ်။ ”အာဏာရဟော ဒယာဥာဏော...ဥာဏ်ကောင်းပြီး ပညာတတ်သော မေတ္တာ ကရုဏာရှိသောသူကို ပြည်သူများက ပြည်သူ့အတွက် အာဏာအပ်နှင်းရမယ်၊ ခေါင်းဆောင်ခန့်အပ်ရမယ်ဆိုတဲ့ ဘုရားတရားတော်ကို ဆန့်ကျင်ပြီး ပညာမဲ့ လူမိုက်များကို ခေါင်းဆောင်ခန့်အပ်ခဲ့လျှင် သေတာထက်ပင် ပိုဆိုးသော ဘ၀များဖြစ်လာပါလိမ့်မယ်။ ပညာမဲ့ရင် အကောင်း အဆိုး အကြောင်း အကျိုး သိဖို့ မလွယ်ပါ၊ မသိဘဲ လုပ်ရင် အများအကျိုးအတွက်ဆိုပြီးလုပ်သော်လဲ အကျိုးမရဘဲ အပြစ်သာ ဖြစ်လာတတ်ပါတယ်။ အဂတိလေးပါးတွင် မောဟာဂတိ-မသိလို့မှားခြင်းဆိုတာ ဖြစ်လာတတ်ပါတယ်။ မေတ္တာ ကရုဏာမရှိသော ခေါင်းဆောင်ဆိုရင်လဲ သူ့ကိုယ်ကျိုးအတွက် အများကို ရက်စက် သတ်ဖြတ်ခြင်း အနိုင်ကျင့်စော်ကားခြင်း အပါအ၀င်
သွေးစွန်းသော နေ့ရက်များကို ဖန်တီးနေမှာ ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်က ကောလိယမင်းသားတွေကို သံသရာချမ်းသာရေးအတွက် ဆက်လက်ဟောကြားတော်မူပါတယ်။ ထိုတရားများကိုတော့ နောက်များမှ အဆင်သင့်ရင် ဖော်ပြပါ့မယ်။ သံသရာနဲ့ ချီပြီး ချမ်းသာဖို့ အောင်မြင်ဖို့ ဟောထားတာ ဖြစ်တော့ စာရေးသူအနေနဲ့ နားလည်ဖို့ ရေးပြဖို့ မလွယ်ကူဘူးလို့ ထင်လို့ပါ။ သိပ်နားမလည်သေးဘူး မရေးတတ်သေးဘူးလို့ ခံစားရပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

တူရာ တန်ရာ


ဗုဒ္ဓဆိုတဲ့စကားလုံးကို ဘုရားလို့ မြန်မာပြန်ထားကြပါတယ်။ စကားလုံးတွေက အရေးကြီးသလို အနက်သဘောတွေက ပိုလို့ အရေးကြီးပါတယ်။ အဖိုးတန်ပါတယ်။ တကယ်တော့ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဆိုတဲ့ စကားသံကို ငယ်ငယ်ထဲက ကြားခဲ့ရပါတယ်။
ဒီလိုကြားခွင့်ရတာဟာ တကယ့်ကုသိုလ်ကံထူးလို့ပါ။ ဒါပေမဲ့ ဗုဒ္ဓဆိုတဲ့ စကားသံကို မိမိနှလုံးသားထဲမှာ ဓာတ်ခိုက် ကြည်နူးတဲ့အဆင့်အထိတော့ လူတွေ ရောက်တာ နည်းပါးမယ်လို့ ထင်ပါတယ်။ အနက်သဘောကို နားလည်လက်ခံဖို့ ကြည်နူးသိမ်းထားဖို့ကတော့ တော်တော်မလွယ်တဲ့ ကိစ္စလို့ထင်ပါတယ်။
သူတော်ကောင်းတို့ရဲ့ သူတော်ကောင်းဖြစ်တော်မူတဲ့ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို သူတော်ကောင်းတို့သာ
ဓာတ်ခိုက်ကြည်နူးခွင့်ရကြမှာပါ။ ဥာဏ်ပညာပြိုင်ဘက်ကင်းဖြစ်တော်မူတဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားကို
ဥာဏ်ပညာကြီးမြတ်သူတို့သာ နားလည်သိမ်းထားနိုင်ကြမှာပါ။ သူတော်ကောင်းဓာတ်ဆိုတာဟာ တကယ့်အဖိုးတန်ရတနာတစ်ပါးဖြစ်ပါတယ်။ တူရာတန်ရာဆိုတဲ့စကား၊ တူတူတန်တန်ဆိုတဲ့စကား၊ တူသလား တန်သလားဆိုတဲ့ စကားဟာ ဒီနေရာမှာ ထပ်ဆင့်တွေးတောစရာ ဖြစ်လာပါတယ်။
အားလုံးသိကြတဲ့ အနာထပိဏ်သူဌေးဟာ ဗုဒ္ဓဆိုတဲ့ စကားသံကြားတဲ့အခါမှာ ကြားကြားချင်း ပီတီဇောနဲ့ သုံးကြိမ်တိုင်တိုင်
မေ့မျောသွားခဲ့ပါတယ်။ သူတော်ကောင်းတစ်ယောက်ဖြစ်တဲ့ အနာထပိဏ်သူဌေးဟာ ပြိုင်ဘက်ကင်းသူတော်ကောင်းဖြစ်တော်မူတဲ့
ဗုဒ္ဓရှင်တော်ဘုရားကို နှလုံးသားထဲမှာ ဓာတ်ခိုက်ကြည်နူးခဲ့ပါတယ်။ တစ်သံသရာလုံး လိုက်ရှာနေခဲ့ရတဲ့ ဗုဒ္ဓရှင်တော်ဘုရားဆိုတဲ့
အသံကိုကြားရတော့ အနာထပိဏ်သူဌေးဟာ ၀မ်းသာလုံးဆို့သွားတာ မဆန်းပါဘူး။ ဒါကြောင့်မို့လဲ မိုးလင်းအောင် မစောင့်နိုင်ဘဲ
ညတွင်းချင်းပဲ အလောင်းကောင်တွေကိုကျော်၊ သုသာန်ပြင်ကိုဖြတ်သန်းပြီး ဘုရားရှင်ထံတော်ပါးကို အရောက်သွားခဲ့ပါတယ်။
ဘုရားရှင်ထံရောက်တော့ ဘုရားရှင်ကို သူက ”ချမ်းချမ်းသာသာ ကျိန်းစက်တော်မူရပါရဲ့လား မြတ်စွာဘုရား”လို့ မေးလျောက်တယ်။
ဘုရားရှင်က ”ကိလေသာမီးတောက် မီးလျှံတွေ ငြိမ်းသတ်ပြီးတဲ့၊ ကာမဂုဏ်တွေမှာတပ်မက်ငြိကပ်မှုကင်းပြီးတဲ့၊ အေးမြတဲ့တရားပိုင်ရှင်ဖြစ်တဲ့၊
ဝန်ထုတ်ဝန်ပိုးမရှိတော့တဲ့၊ ဘုရားရဟန္တာများဟာ ချမ်းချမ်းသာသာ အိပ်စက်နိုင်ကြတယ်။
မျှော်လင့်ချက် တပ်မက်စိတ်တွေအားလုံးကို ဖြတ်တောက်ပြီးဖြစ်တဲ့၊ နှလုံးသားက ကိလေသာမီးပူတွေကို ငြိမ်းသတ်ပြီးဖြစ်တဲ့၊
တည်ငြိမ်အေးချမ်းသူဖြစ်နေတဲ့၊ အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံပြုနေတဲ့ ဘုရားရဟန္တာများဟာ ထာဝရ ချမ်းချမ်းသာသာ အိပ်စက်နိုင်ကြတယ်”လို့ ဖြေကြားတော်မူခဲပါတယ်။
အဲ့ဒီနောက်မှာတော့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ အနာထပိဏ်သူဌေးကို ကိုယ်တော်မြတ်ရဲ့ ဟောစဉ်အတိုင်း တရားဟောတော်မူပါတယ်။ စ စ ချင်း သစ္စားလေးပါး မြတ်တရားကို ဟောတော်မူတာ မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ဟာ
ဒါနနဲ့ ပတ်သက်တဲ့တရား
သီလနဲ့ပတ်သက်တဲ့တရား
နတ်ပြည်နဲ့ပက်သက်တဲ့တရား
ကာမဂုဏ်တို့ရဲ့ အပြစ်၊ယုတ်ညံ့မှု၊ ညစ်နွမ်းမှုနဲ့ ပတ်သက်တဲ့တရား
ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်းရဲ့ အကျိုးအာနိသင်နဲ့ ပတ်သက်တဲ့တရားများကို အစဉ်အတိုင်းဟောကြားတော်မူပါတယ်။
ဒီတရားတော်တွေကို နာကြားပြီးတော့ တရားနာသူ အနာထပိဏ်သူဌေးရဲ့ စိတ်အဆင့်အတန်းဟာ
ကြမ်းတမ်းတဲ့ရာဂတွေ ကင်းလို့ အဆင့်မြင့်တရားတော်နာယူဖို့ ကြံ့ခိုင်လာတယ်။
ဒေါသကင်းလို့ နုညံ့သိမ်မွေ့လာတယ်။
ပျံ့လွင့်မှု ပူပန်မှုမရှိလို့ ပိတ်ဆို့မှုကင်း ပွင့်လင်းလာတယ်။
ပျင်းရိထုံထိုင်းခြင်းတွေမရှိလို့ တက်ကြွလာတယ်။
ယုံမှားသံသယကင်းလို့ ကြည်လင်တောက်ပလာတယ်။
ရွှေပန်းတိမ်သည်ဟာ ရွှေကို အရင်ဆုံး အပူပေးကြေးချွတ်ပြီးမှ လိုအပ်တဲ့ လက်ကောက် လည်ဆွဲ ထုဆစ်သလို
အဲ့ဒီအဆင့်အတန်းရောက်တော့မှ ဘုရားရှင်ကိုယ်တော်မြတ်ဟာလဲ သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူပါတယ်။
သန့်စင်တဲ့အ၀တ်ကို ဆေးဆိုးရင် အလွယ်တကူ ဆိုးလို့ရသလို အနာထပိဏ်သူဌေးဟာ ”ဖြစ်လာသမျှ တရားအားလုံးဟာ ချုပ်ဆုံးခြင်းသဘောရှိတယ်”လို့ နားလည်လာတယ်။ သောတာပတ္တိမဂ်ဥာဏ်ဖိုလ်ဥာဏ်ရပြီး ယမမင်းရဲ့ ငရဲ တစ်ခါးကို အပြီးသတ် ပိတ်နိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ အနာထပိဏ်သူဌေးရဲ့ သူတော်ကောင်းဓာတ်၊ စိတ်ခွန်အားသတ္တိများ၊ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အဆင့်မြင့်ကျွမ်းကျင်လွန်းတဲ့ တရားဟောနည်းစနစ်များ၊ ဝေနေယျတို့အပေါ် အံ့မခန်းစိတ်ရှည်သည်းခံနိုင်မှုများ၊ သစ္စားလေးပါးတရားကို မနာကြားခင် အရင်နာကြားရမည့် တရားများ၊ လိုအပ်သည့် စိတ်ဓာတ်အဆင့်အတန်းများ၊ သစ္စာလေးပါးတရားနာကြားပြီး ထိုးထွင်းသိရမည့် ဓမ္မသဘောတရားများ စသည်စသည်ဖြင့် စဉ်းစားစရာတွေ သင်ခန်းစာတွေ အများကြီးရှိပါတယ်။ ယူတတ်ရင် ရနိုင်ပြီး သင်တတ်ရင် သိစရာတွေလဲ တပုံတပင်ပါပဲ။ ဘုရားရှင်ကိုယ်တော်တိုင် စနစ်တကျ သစ္စာလေးပါးတရားကိုဟောကြား၍ ဧတဒဂ်ဘွဲ့ထူးရှင် အနာထပိဏ်သူဌေးက တရားနာကြားသော်လည်း
သောတာပန်အရိယာအဆင့်သာ ဖြစ်ခဲ့သည်ကိုလဲ တွေ့မြင်နိုင်ပါတယ်။
အကယ်၍ တရားဟောသူဘက်က လိုအပ်ချက်ရှိလျှင် တရားနာသူဘက်က ဥာဏ်အဆင့်နဲ အသိမွဲနေခဲ့လျှင် အရိယာစခန်းနှင့်
အလှမ်းဝေးနိုင်ပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

လွယ်လွယ်နဲ့ စပါယ်မပွင့်


ဘုရားဟော ပိဋကတ်တရားတော်များဟာ သိပ်နက်နဲတယ်။ သိပ်ခက်ခဲတယ်လို့ကျမ်းစာတွေမှာ ဖော်ပြထားပါတယ်။
နက်နဲ့ခြင်းက လေးမျိုးရှိတယ်။
ဓမ္မ-ပါဠိအနေအထား ဘာသာစကားအနေအထား အကြောင်းတရားအနေနဲ့ သိနိုင်ဖို့နက်နဲတယ်။ခက်ခဲတယ်။
အတ္ထ-အနက်အဓိပ္ပါယ်သဘောတရား အကျိုးအားဖြင့်လဲ သိနိုင်ဖို့နက်နဲတယ်။ ခက်ခဲတယ်။
ဒေသနာ-ဟောကြားပုံအခြင်းအရာ အတိမ်အနက် ဘုရားရှင်ရဲ့ အလိုတော်အားဖြင့်လည်း သိဖို့ နက်နဲတယ်။ ခက်ခဲတယ်။
ပဋိဝေဓ- နက်ရှိုင်းစွာထိုးထွင်းနားလည်နိုင်ဖို့ သိမြင်တတ်ကျွမ်းဖို့ နက်နဲတယ်။ခက်ခဲတယ်။
နက်ရှိုင်းတဲ့ တရားတော်များကို နက်ရှိုင်းတဲ့ဥာဏ်ပညာရှိမှ သိနိုင်မယ်။ နားလည်နိုင်မယ်။
ဥပမာဘာနဲ့ တူသလဲဆိုရင်
ပင်လယ်နက်ထဲကို ယုန်သူငယ်တွေ ခုန်ဆင်းမိ၇င် ထောက်တည်ရာမရနိုင်သလိုပဲတဲ့။ ဥာဏ်ပညာနုံ့နဲ အသိဥာဏ်မွဲတဲ့သူတွေဟာလဲ ဘုရားဟော ပိဋကတ်တော်များကို မသိနိုင်ဘူး။ နားမလည်နိုင်ဘူးတဲ့။ ပရိယတ်ကျမ်းစာတွေမှာတောင် နားမလည်နိုင်ရင် ပဋိပတ်အကျင့်မှန်ကျင့်ဖို့ ပိုလို့ မလွယ်ပါဘူး။ အကျင့်မှန်မှ အသိဥာဏ်ထူးရရိုးဖြစ်တော့ မဂ်ဖိုလ်နဲ့လဲ ဝေးပြန်ရောပေါ့။
ဒါနဲ့ ပတ်သက်ပြီးတွေးမိတာက..
လာကီပညာရပ်တွေမှာတောင် သင်တိုင်းတတ်တာမဟုတ်။ သင်သူတိုင်း ထိုးထွင်းနားလည်တတ်ကြတာမဟုတ်။ ပညာသင်ခွင့်လဲ လူတိုင်း ရရှိကြတာမဟုတ်။ နွားကျောင်းသားက ကွန်ပျူတာ ဆော့ဖ်ဝဲပညာရှင် ဖြစ်ဖို့ ခဲယဉ်းသလို
လှည်းသမားဟာလဲ လေယာဉ်ပျံတည်ထွင်နိုင်ဖို့ အခွင့်အရေးမရှိတတ်ပါဘူး။
တစ်ချို့ ချမ်းသာသော မိဘများရဲ့ သားသမီးများဟာ ကျောင်းကောင်းကောင်းမှာ ဆရာကောင်းကောင်းနဲ့ ပညာသင်ခွင့်ရကြပေမဲ့ လိုအပ်တာထက် ပိုမို နိမ့်ကျ ညံ့ဖျင်းနေကြတာကို တွေ့မြင့်နိုင်ပါတယ်။
ဆိုလိုရင်းက ပိဋကတ်ကျမ်းစာများကို လွယ်တယ်။ တိမ်တယ်။ နားလည်တယ် ဟု မထီလေးစား သေးနုပ်သော စိတ်ထားများ မဖြစ်သင့်ပါကြောင်း၊ သိမြင်နားလည်ရန်၊ နက်နဲစွာ ထိုးထွင်းသိမြင်ကြရန်၊ ရိုးသားသော ဖြူစင်သော တည်ကြည်သော
လေ့လာသင်ယူသူများဖြစ်ရန် ကြိုးစားသင့်ပါကြောင်း အတွေးမြစ်စီးဆင်းမိပါတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Monday, October 24, 2011

ခွဲခွါခြင်း


မင်းအကြည့်ထဲမှာ
ငြိတွယ်နေတဲ့ သနားခြင်းမပါဘဲ
ကိုယ့်ကို စောင့်နေဖော်ရတဲ့အတွက်
ဝမ်းသာပါတယ်ကွယ်။
တကယ်တော့ ကိုယ့်ကို
မျက်ရည်ကျစေခဲ့တဲ့အရာဟာ
ကိုယ့်ကိုယ်တိုင်ရဲ့
စိတ်ပျက်အားငယ်ခြင်း တေးသွားကို
လန့်ဖျပ်နေကြတဲ့ ညရဲ့ တန်ခိုးသြဇာနဲ့
ကိုယ့်ရဲ့ နှုတ်ဆက်စကားများရယ်သာပါ။
ဒါပေမဲ့ နေ့က အရုဏ်လင်းတော့မယ်။
ကိုယ့် မျက်လုံးတွေဟာလဲ
မျက်ရည်ခြောက်ခန်းတော့မှာပါ။
ငိုဖို့ အချိန်မရှိတော့ပါဘူး။

မေ့ပျောက်ရတာ ခက်လှချည့်လို့
ဘယ်သူကများ ပြောခဲ့သလဲ။
သေခြင်းဆိုတဲ့ကရုဏာတရားဟာ
ဘ၀ရဲ့ အမြုတေထဲမှာ လှုပ်ရှားနေပြီး
သူ့ရဲ့ မိုက်မဲတဲ့ မနားမနေကြိုးပမ်းမှုအတွက်
နားနေခြင်းကို ယူလာတာပါ။

နောက်ဆုံးကျတော့
မုန်ုတိုင်းထန်နေတဲ့ ပင်လယ်ကြီးလဲ
လှုပ်ယမ်းနေတဲ့ ပုခက်ထဲမှာ
ငြိမ်သက်သွားခဲ့ပြီ။
တောမီးဟာ သူ့ရဲ့ ပြာအိမ်ထဲမှာ
လဲလျောင်းလို့နေပေါ့။

မင်းနဲ့ ကိုယ်တို့လဲ ခွဲကြရတော့မယ်လေ။
ဒီကွဲကွာမှုဟာ
ရှင်သန်နေတဲ့ မြက်ပင်တွေရဲ့ အောက်မှာ
နေရောင်ထဲမှာ ရယ်နေတဲ့
ပန်းပွင့်တွေရဲ့ အောက်မှာ
ပုန်းကွယ်နေတော့မှာပါ။
(မြသန်းတင့်ဘာသာပြန်သော တိမ်းရှောင်သူကဗျာမှ ကူးယူဖော်ပြထားပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အိပ်မက်


အိပ်မက်မမက်ပဲ
အိပ်ပျော်နေတဲ့အချိန်ဟာ
အချမ်းသာဆုံး အချိန်။
(ကြည်အေး)

ဘာ အိပ်မက်မှ မမက်ခဲ့ပါ
ဒေါ်ကြည်အေး
ကျွန်တော်မှေးကနဲ အိပ်ပျော်သွားချိန်
အခန်းထဲမှာ ပုလင်းကွဲသံ၊ ခုံများလဲသံ
လွယ်အိပ်လွယ်သံ၊ ဦးထုပ်ဆောင်းသံ
တံခါးဖွင့်သံ၊ အင်္ကျီဝတ်သံ
ဖိနပ်စီးသံ၊ ရှပ်တိုက်သံ
ထို့ထက်မက ထိုအသံများရဲ့ အသံကိုပင်
ကင်းလွတ်ခွင့်ရခဲ့ပါတယ် ဒေါ်ကြည်အေး။

သို့သော် ကျွန်တော်နိုးလာခိုက်
ကျွန်တော့် အခန်းတစ်ခုလုံး
ရွေ့ပြောင်းတောင်ယာတစ်ခုလို
နံရံ ပုလင်း ပြတင်း တံခါး
ကြမ်းခင်း ဖိနပ် ဦးထုပ် အင်္ကျီ
ဘာဆိုဘာမှ ရစရာမရှိတော့သလို
အခန်းကိုယ်တိုင် အခန်းထဲတွင်
အခန်းမရှိတော့သဖြင့်
ကျွန်တော်ကိုယ်တိုင် ကျွန်တော်ကိုယ်၌က
ကျွန်တော့်ကိုယ်ထဲတွင် ကျွန်တော်မရှိခဲ့၍
ဘာအိပ်မက်မှ မမက်ခဲ့တာလား
သိပါရစေ ဒေါ်ကြည်အေး။ ။
ဝင်းမြင့်
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မိုးစိမ့်စိမ့် တနင်္ဂနွေထဲက ပြကွက်များ


အလင်းတွေတုပ်တုပ်ကျ ရွှဲနစ်နေတာတောင်
လွတ်လွတ်ကျွတ်ကျွတ် ပွင့်ပြလို့မရတဲ့ တနင်္ဂနွေပေါ့။

အပျင်းသန်လွန်းတဲ့အခါ
သူများအိပ်မက်ကို ခြေနဲ့ကန်ထုတ်လိုက်
အပျော်လွန်တဲ့အခါ
သူများခံစားမှုကို ညှော်တိုက်လိုက်ပေါ့။

စိတ်အလိုလိုက်မိတဲ့အခါမျိုး
အလင်းကို အမှောင်နဲ့ ရှို့မိ
အရိပ်ကို အရောင်နဲ့ မြှိုက်မိ
ပစ္စပ္ပုန်ကို အတိတ်နဲ့တို့မိ
နောက်ဆုံး . . . .
ကိုယ့်ခြေလှမ်းတွေကိုတောင်
တံလျပ်နဲ့ စိပ်မိပေါ့။

ဘယ်သူတွေပဲ နားနားနေနေ . . ..
ဘယ်သူတွေပဲ ကျိုးကျိုးကြေကြေ
တနင်္ဂနွေကတော့ . . . .
အချိုးပြေပြေ . . မိုးစွေလို့။

သွေးကြောင်ပြီဆို . . .
ခွေးဟောင်တာတောင်လန့်သတဲ့။
သူများစိတ်၊ သူများအရိပ်ကို တက်ထိုင်ရင်း
သီချင်းတွေကို အော့အန် . . .
တနင်္ဂနွေရဲ့ ဟန်ချက်ဟာ
လေချဉ်လို ဆန်တက်လာပေါ့။

ဘယ်သူတွေ သိသိ မသိသိ
ဘယ်သူတွေ တွေးတွေး မတွေးတွေး
တနင်္ဂနွေကတော့ ရေးတေးတေး . . . ငေးရီ
မထီတရီ ရင်ခုန်သံနဲ့ . . ။

လှေနံဓားထစ်သရုပ်မှန်အတွက်
ခုတ်ရာတစ်လွဲ၊ ပြကွက်များ ကွန့်မြူး
တနင်္ဂနွေရဲ့စိတ်ကူးဟာ
မိုးပေါ်က ချတဲ့ကြိုးလို
တွဲလောင်းခိုကြည့်ချင်စရာ။

တကယ်က
အ၀ိဇာဘ၀ဆိုတာ
အမှောင်ထဲ နှစ်စိမ်ထားတဲ့ညပါ . . .
တနင်္ဂနွေဟာ . . .
ဘယ်သူတွေ ကန့်လန့်တိုက်တိုက်
ဘယ်သူတွေ ဘာပြောပြော
ဗိုက်ထဲမှာ အူဘယ်နှစ်ခွေဆိုတာ သိနေပေါ့။ ။

သျှီသူအောင်
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ရန်ကုန်မိုး


ပင်လယ်တစ်ခုလုံးချပြပေမယ့်
ရေချည်းပဲမြင်ကြတဲ့သူတွေက
များတယ်

ငါတို့ရဲ့ဇွဲတွေက
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုပြီးသတ္တိကောင်းတတ်
ငါတို့ဆုံးဖြတ်ချက်တွေက
အရေးအကြောင်းဆို အပေါင်းအသင်းမှားတတ်
ငါ့တို့အသဲကလည်း
ပပ ထူမှ ထတတ်ရတော့တယ်။

ကမ္ဘာကြီးလုံးနေတော့
အနောက်ကိုသွားလည်း အရှေ့ကိုတစ်နေ့ရောက်ရသလို
ပင်လယ်ထဲမှာ သင်္ဘောချင်း ခေါင်းတိုင်ကိုစမြင်ရစမြဲ
အလံတလူလူလွှင့်ထားပေမယ့်
ဒါးဆိုတာ
ဒဏ်ရာနဲ့အဝေးဆုံးမှာနေရတာ ကောင်းတယ်။

အဖြစ်က
မီးပြတိုက်ကို သင်္ဘောဝင်ဆောင့်မိသွားတာ
ဆာလောင်တဲ့မြွေမို့
ကိုယ့်အမြီးပြန်အစာလုပ်မြိုချလိုက်တယ်

ရန်ကုန်ဆိုတာ
အမြဲတမ်းအိမ်ရှင်နိုင်ငံတွေ ခြေစစ်ပွဲရှုံးတယ်
ချစ်ကြည်ရေးဖိတ်ခေါ်ပွဲဆို တစ်ဘက်အသင်းကမလာဘူး
အဝေးကွင်းမှာ ခြေစွာရတာ
ဘယ်လောက်အသည်းနာဖို့ ကောင်းလိုက်သလဲလို့။ ။
ကျော်ထူး
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ငါရယ် ငါ့မိန်းမရယ် ငါ့သမီးရယ်


ငါ့ဘဝ
င့ါပြဇာတ်မှာ
လက်ခုပ်တီးတိုင်းလှည့်ကြည့်မိခဲ့တဲ့နေ့ရက်များ
ငါအားထက် ရယ်(ရီ)အားသန်
ငါအဖန်ဖန်
သူအဖန်ဖန်
ဘာပါလိမ့်

စကြ၀ဠာတဆုံးကိုမျှော်ကြည့်သလို
ကျောင်းသွားမယ့်သမီးရဲ့ ပျက်နေတဲ့ထီးကို ပြင်ပေးလိုက်တယ်
ပြတ်နေတဲ့ဖိနပ်ကို ဆက်ပေးလိုက်တယ်
ကျနေတဲ့စိတ်ကို မြှင့်ပေးလိုက်တယ်
ငိုမယောင်မျက်နှာလေးကို ရယ်(ရီ)အောင်လုပ်ပေးလိုက်တယ်
သူမဟာ စာရွက်အလွတ်လို ရိုးစင်းတယ်
လောကကြီးက သပွတ်အူလို ရှုပ်ထွေးတယ်
“ခဏနေဦး သမီး
လမ်းမပေါ်မှာ မိုးသက်လေပြင်းကျနေတယ်
(ဒါမှမဟုတ်)
နောက်တစ်နေရာမှာလည်း ဖြစ်နိုင်တယ်”

မိန်းမရယ်
ခေတ်ပေါ်ဝဲဂယက်ထဲမှာ
မျှော်လင့်ချက်တစ်ခုတည်းနဲ့ စောင့်ကြည့်ရမယ့် အံ့သြစရာမျိုးမဟုတ်ပါဘူးကွာ
မရှိမဖြစ်လို့
မထင်လေနဲ့
ဘယ်သူမှ ဒီဘ၀ကြီးမှာ အရမ်းအလိုအပ်ဘူး

အရသာရှိတဲ့အဆိပ်ကို
နည်းနည်းချင်းစားလာခဲ့တာပဲ
ငိုစရာမျက်ရည်မလိုတော့ပါဘူး။ ။

ဝင်းမောင်
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ကင်းစောင့်


ငါဟာ ကင်းစောင့်တစ်ယောက်ပါပဲ၊
တစ်ညလုံးမအိပ်စက်ဖြစ်ဘဲ
အလွမ်းတွေနဲ့ပဲ မိုးစင်စင်လင်းခဲ့တယ် . . .

“ ချစ်တယ်” ဆိုတာ . . .ငါ့ဘ၀ရဲ့
ဘယ်ဝါကျမှာမှ မသုံးဘူးသေးတဲ့
ကြိယာတစ်လုံးပါ။

နှုတ်ခမ်းထူထူတွေနဲ့ လှောင်ပြုံး
မာယာများတဲ့ ငါးခုံးမလေးရေ . . .
မင်းကြောင့်
ငါ့အိပ်မက်တွေ တစ်လှေလုံးပုပ်ခဲ့ပေါ့ . . .။

မင်းခိုက်စိုးစန်

(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ရွေ့ကဗျာ



အိပ်မက်ထဲမှာ ငါပြေးနေ၏ နေရာမရွေ့
နေရာမရွေ့ အိပ်မက်ထဲမှာ ငါပြေးနေ၏။
ငါပြေးနေ၏ နေရာမရွေ့ အိပ်မက်ထဲမှာ

(ကဲ . . .အိပ်မက်ကငါ
အခု ထ ပါပြီ)
မရွေ့တဲ့ကဗျာ ရွေ့အောင်ဖတ်ကြည့်ပါ။

သုခမိန်လှိုင်
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲ


မဒမ်ဇင်နီယာဟာ
ဘုရားသခင်က သူ့ကိုဖန်ဆင်းထားတယ်ဆိုတာယုံတယ်
ဘုရားသခင်ပြောတဲ့အတိုင်းနေထိုင်တယ်
ဘုရားသခင်သတ်မှတ်ထားတဲ့အတိုင်းစားသောက်တယ်
ဘုရားသခင် အလိုအတိုင်းပြုမူဆောင်ရွက်တယ်
ဘုရားသခင် မလိုလားတာဆိုရင်
မဒမ်ဇင်နီယာက သူနဲ့မပတ်သက်သလိုနေလိုက်တာပဲ
မဒမ်ဇင်နီယာ မကြာခဏဖျားနာလေလေ
ဘုရားသခင်ကို ပိုပြီးဆုပ်ကိုင်လေလေ
ဘုရားသခင်သာ မဒမ်ဇင်နီယာဘ၀မှာရှိရင် အရာအားလုံးကိုငြင်းပယ်ရဲတယ်
ဘုရားသခင်ရဲ့ အရိပ်မှာ ဘုရားသခင် အလိုအတိုင်းသာနေရရင် ငြိမ်းချမ်းမယ်လို့ယုံတယ်
မဒမ်ဇင်နီယာ ဘုရားသခင်ကိုအားကိုးပြီးနေလာခဲ့တာ
သုံးဆယ်တစ်နှစ်တောင်ရှိပြီပေါ့
ဘုရားသခင်က မဒမ်ဇင်နီယာကို သမီးလေးတစ်ယောက်ပေးတယ်
စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးတယ်
အသားနည်းနည်းပါတဲ့စွပ်ပြုတ်ပေးတယ်
မဒမ်ဇင်နီယာရဲ့ အသွေးအသားထဲမှာ ရမ္မက်မရှိတော့ဘူး
မဒမ်ဇင်နီယာရဲ့ တစ်ကိုယ်လုံး ဘုရားသခင်နဲ့တည်ဆောက်ထားတယ်
မဒမ်ဇင်နီယာရဲ့ ၀ှက်ဖဲချပ်တိုင်းဟာ ဘုရားသခင်ပဲ
လူတွေက ဘုရားသခင်ကို မထေမဲ့မြင်ပြုနေကြတယ်လို့လည်းယူဆတယ်
မဒမ်ဇင်နီယာရဲ့ဘုရားသခင်ကတော့
သူ့ မိတ်ဆွေတွေကြားမှာ အတော်ကလေးရေပန်းစားပ
ဝိုင်အရက်လို ယဉ်ကျေးသူတွေကနေ
လိင်မှုကိစ္စလို ပွင့်လင်းသူတွေအထိပေါ့
မဒမ်ဇင်နီယာကို လေ့လာသူတွေက
မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ကနေတာကလွဲပြီး ဘာမှမရှိပါဘူးတဲ့
မဒမ်ဇင်နီယာရဲ့ ခြေလက်လှုပ်ရှားဟန်ထဲမှာ
တစ်စုံတစ်ယောက်ရှိနေပုံရပေမယ့် တစ်စုံတစ်ယောက်ကိုမမြင်ရဘူး
အဲဒီတစ်စုံတစ်ယောက်ကလည်း ဘုရားသခင်ပါပဲတဲ့
မဒမ်ဇင်နီယာဟာ တစ်ခါတစ်လေ ပျော်ပျော်ရွှင်ရွှင်သီချင်းညည်းနေတတ်တယ်
တစ်ခါတစ်လေ ရုပ်တုလေးတစ်ခု ချထားသလို ငေးငိုင်တိတ်ဆိတ်နေတတ်တယ်
မဒမ်ဇင်နီယာရဲ့အတွေးထဲမှာ စိတ်ကူးအိပ်မက်တွေထဲမှာ
ဘ၀မျှော်လင့်ချက်တွေထဲမှာ
ဘုရားသခင်နဲ့ကင်းကွာသွားတဲ့အချိန်ဆိုတာမရှိခဲ့ဘူး
မဒမ်ဇင်နီယာရဲ့တည်ရှိမှုမှာ
လူအဖြစ်တည်ရှိမှုဟာ လုံးလုံးပျောက်ကွယ်သွားပြီး
ဘုရားသခင်ရဲ့ တည်ရှိမှုသာကျန်တော့တယ်
မဒမ်ဇင်နီယာဟာ ဘုရားသခင်နဲ့နိုးပြီး ဘုရားသခင်နဲ့အိပ်ရာဝင်တယ်
ဘယ်လိုလူကြီးလူကောင်းတစ်ယောက်အတွက်မှ
မဒမ်ဇင်နီယာဟာ ဦးထုပ်ကလေးဆောင်းပြီး ဂါဝန်ကလေးမပြီး
နှုတ်ခမ်းဆေးထူထူတင်ပြီး ရှိရှိသမျှနူးညံ့မှုတွေနဲ့တွေ့ထိပြီး
ရင်ခုန်ဖို့ကောင်းတဲ့မိန်းမတစ်ယောက်မဖြစ်နိုင်တော့ဘူး
မဒမ်ဇင်နီယာရဲ့လရောင်နဲ့တူတဲ့နို့ရည်ဟာ
သူ့သမီးလေးကြီးပြင်းလာကတည်းက ခမ်းခဲ့ပြီ
မဒမ်ဇင်နီယာရဲ့ မျက်လုံးမှာ မီးနဲ့တူတဲ့ဆွဲဆောင်အားတွေပျောက်ကွယ်သွားပြီး
ထိတ်လန့်ခြောက်ခြားဖွယ် ငြီးငွေ့စိတ်ပျက်မှုသာ ကျန်ရှိတော့တယ်
မဒမ်ဇင်နီယာဟာ သံချေးအထပ်ထပ်တက်နေတဲ့ စက်အပျက်တစ်လုံးကို
ဘာကိုမှ ထက်ထက်သန်သန် မရှိတော့ဘူး
အကယ်၍များ ခင်ဗျားအနေနဲ့
မဒမ်ဇင်နီယာကို ဘုရားသခင်လက်က ကယ်တင်ချင်တယ်ဆိုရင်
ခင်ဗျားမှာ ပိုက်ဆံရှိရုံနဲ့မဖြစ်ဘူး
ဘုရားသခင်အကြောင်းသိမှဖြစ်မယ်
ဘုရားသခင်ကို သိခြင်းဟာ မဒမ်ဇင်နီယာကိုသိတာနဲ့အတူတူပဲ
သူ့ကိုခင်ဗျားမြင်နေတာက ကလပ်မှာတွေ့နေကျ မိန်းမတစ်ယောက်ထက်ဘာမှမပိုဘူး
သူက ခင်ဗျားကို ကဖေးဆိုင်ရဲ့ ထောင့်တစ်ထောင့်မှာ
ဟမ်ဘာဂါမုန့်အကြောင်းပြောမှာမဟုတ်ဘူး
ဘုရားသခင်ရဲ့လေသံအတိုင်း
ခင်ဗျားပြင်းပျနေတဲ့ဦးတည်ချက်ကို တိရစ္ဆာန်တစ်ကောင်လိုရှုံချပစ်လိမ့်မယ်
ဘုရားသခင်ကိုကျော်လွန်ပြီး သူ့ဆီက ဘာဆန္ဒ ဘာနူးညံ့မှုမှ
ခင်ဗျားရယူနိုင်မှာ မဟုတ်ဘူး
မဒမ်ဇင်နီယာဟာ လူ့ဘ၀ဆိုတဲ့ ဒုက္ခသည်စခန်းကြီးမှာ
လိင်မှုဆိုင်ရာကလွဲပြီး အကုန်ဖြည့်ဆည်းပေးနေတဲ့ တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်တယ်
မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲထဲမှာ
မကြာမကြာ ပါဝင်ပတ်သက်နေရသူတစ်ယောက်
အနေနဲ့တော့ တွေးမိနိုင်တာတစ်ခုရှိတယ်
ငန်းတစ်ကောင်လိုသွေးသားဆူဖြိုးနေသေးတဲ့မိန်းမတစ်ယောက်အနေနဲ့
ဘုရားသခင်အပေါ် ဒီလောက်ယုံကြည်သက်ဝင်သွားလောက်အောင်
ဘယ်လိုဒုက္ခတရားတွေက လမ်းပြခေါ်ဆောင်သွားသလဲဆိုတာကိုလေ
ပျော်ရွှင်ဖွယ်ကမ္ဘာကြီးဟာ မဒမ်ဇင်နီယာဆီက နောက်ဆုတ်သွားချေပေါ့
တစ်ယောက်ကိုတစ်ယောက်လက်တွဲတဲ့လူ့အဖွဲ့အစည်းဟာ
မဒမ်ဇင်နီယာကို စွန့်ခွာသွားချေပေါ့
နာရီတွေကို နောက်ပြန်လည်နေတဲ့ဆေးရုံတစ်ရုံမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ဘုရားသခင်နဲ့အတူ
သူ့ရဲ့ကပွဲကို ဆက်လက်ကျင်းပနေပေါ့

ပိုင်
(အိုင်ဒီယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Sunday, October 23, 2011

မြစ်ကော


မြစ်မကောအောင်လို့၊
သစ်တောတို့ စိမ်းရပေမည်။

ရေဝေတောတွေ ဆိုင်းစို့စို့၊
မှိုင်းညို့ညို့မှုန်ရီ။

ချင်းတွင်းနှင့်ဧရာဝတီ၊
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။

တတောလုံးပြောင်၊
တတောင်လုံးလင်း၊
မြစ်ကျဉ်းကာသောင်တွေပေါ်တော့၊
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့၊
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြ၊
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့၊
မြစ်ကောမယ့်နေ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

Tuesday, October 11, 2011

လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး




Chuck Feeney သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။ နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။ ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။



သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်..... Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။ နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး ၄ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။ သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲဖြစ်ပါတယ်။



Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။ ၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။



သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။ သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။ "အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ" လို့ သူကဆိုခဲ့ပါတယ်။ Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။



သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။ Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။ "နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်" လို့ Chuck Feeneyက ပြောခဲ့ပါတယ်။



Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်မဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး "အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်" လို့ ဆိုခဲ့ကြတယ်။ The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ "သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်" လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။



Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး "ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက "ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။ တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး "မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။ Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။ "လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။



လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်" အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။ "ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး" လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။ သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခုက သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။ "ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။ သတင်းထောက်တွေက Chuck Feeneyကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။ "အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ" တဲ့.....



Posted by အိလင်း
>>>ဆက်လက်ဖတ်ရှုရန်>>> >>

တလှည့်စီ စုန်ဆန်မြဲ


မနက်ခင်းဆီက၊ စုန်ဆင်းခဲ့ မဗေဒါ။
မွန်းတည့်ချိန် နေ့လယ်ခင်း
သင်း ပြန်တက်လာ။
ညနေ စောင်းလာတော့
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ်။
စုန်ချိန်မှာ စုန်ပြန်ရပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာ တိတ်။

အို အချင်း မဗေဒါ။
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ။ ။

ဇော်ဂျီ
(ဖျာပုံ စာပေလုပ်သား မဂ္ဂဇင်း၊ ၁၉၈၁)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ချောင်းမအသိ


ချောင်းမကို ၀င်၊ မြင်ပါရဲ့လား။
ဒီဆိုင်မှာ ပေါ်လာမြဲ၊ ၀ဲကြီးပါလား။

ဒီ သရဲ ၀ဲလယ်တွင်။
ဝဲလှည့်ရာ ဗေဒါချောငဲ့၊ မောရလိမ့်ထင်။
ဒီဝဲကြောင့် မယ်ငြိုငြင်၊ နှုတ်ပြစ်တင် စကား။
ချောင်းမကို မယ့်လက်ညှိုး၊ ထိုးလိုက်မယ်လား။

အိုအချင်း ကျူရိုးရှင်။
မောလိမ့်မယ် တကယ်ပဲ၊ ၀ဲလှည့်ခိုက်တွင်။
ချောင်းမထဲ ကြုံမြဲပင်၊ ဆင်ခြင်မိပါရဲ့။
ချောင်းမကို ဒါပေမယ့်၊ ၀င်လိုက်မယ်ကွယ့်။

ဒီဝဲကြောင့် မငြိုငြင်။
ရေအီလျှင် ဒီသရဲ၊ ရှဲရမည်ပင်။
ဒီသရဲ မရှဲခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။

ဒီဝဲကြောင့် မငြိုငြင်။
မမောခင် ထွက်ချင်လဲ၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမအသိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၂၃၊ စက်တင်ဘာ၊ ၁၉၇၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

သီပါ မည်ပါ


ကမ်းစပ်မှာထိုင်
ကျူမကိုင် မှိုင်ငေးလို့၊ အဝေးကို ကြည့်။
ကျူရိုးရှင် ပီပီသေးရယ်၊ တေးဆိတ်လှချည့်။

အိုအချင်း မဗေဒါ။
ငါ မငိုင် ငါ မငေး၊ ဝေးရပ်ကိုသာ။
ဓနိတန်း အထက်မှာ၊ အာကာသ ပြာလဲ့။
ကသိုဏ်းပုံ အာရုံနဲ့၊ ရွှန်းပီတိနဲ့။

အိုအချင်း မင်းပီပီ။
ထက်ကောင်းကင် ပြာလဲ့ဝင်းမှာ
မင်းမွေ့တတ်ပြီ။
ချောင်းလောက သီကရီ၊ မသီတော့ပြီလော။
မင့်ဘာသာ တစ်ကိုယ်ထူး၊ ကြည်နူးအံ့လော။

သီပါတဲ့ မြည်ပါ။
ဒီချောင်းမြေ ဒီရေအရေး၊ တေးဆိုသင့်ပါ။
ဆန်စဉ်လဲ မယ်နားနာ၊ စုန်လာလဲ နာမှာပဲ။
နာရင်းသာ စုန်ဆန်မြဲ၊ ချောင်း ဒီရေထဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၆၊ ဖေဖေါ်ဝါရီ၊ ၁၉၇၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဒီရေသမီး


ဒီချောင်းမှာနေ၊ ဒီရေမှာ သူကြီး။
ပီပေသည် ဒီရေ သမီး၊ ချောင်းကောက်ကွေ့ခရီး။

ဒီတက်ချိန်တန်၊ မဆန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေဦးမှာ၊ မြူးတတ်လေခြင်း။

ဒီတက်ချိန်ကုန်၊ မစုန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေကျမှာ၊ လှတတ်လေခြင်း။

မတွေ့ချင် မမြင်ချင်၊ မ၀င်ချင်သော်လဲ။
ဝင်လိုက်တယ် မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။

မကွဲချင် မကွာချင်၊ မခွာချင်သော်လဲ။
ခွာလိုက်တယ် မယ်မစွဲ၊ ချောင်းရေဆိပ်တဲ။

ဆန်သူလဲမဗေဒါ။
စုန်လိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အဆန်ရဲ အမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။

ဝင်သူလဲ မဗေဒါ။
ခွာလိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အ၀င်ရဲ အမြဲသာ၊ အစဉ်ခွာ ခွာသည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၂၊ အောက်တိုဘာ၊ ၁၉၆၉)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

လမ်းရိုးပါကွဲ့ 


အနောက်ဖက်ဆီ၊ နေနီနှင့် တိမ်ပန်း။
ရှေ့ဆီမှာ ဓနိတန်း၊ ချောင်းရှေ့ဖက်ကမ်း။

ဓနိတန်း ကမ်းကွေ့မှာ။
ဒီတက်ချိန် တိမ်အစွမ်း၊ ပန်းတောက်တဲ့ခါ။
ကွေ့အောက်က ရေနီလာ၊ ကွေညာက မြသွေး။
မဗေဒါ ဆန်လာလမ်း၊ နန်းဆံပေ့လေး တဲ့။

အို အချင်း ကျူရိုးရှင်။
မင်းတို့ရွာ တစ်ဖက်ကမ်း၊ လမ်းက အမြင်။
မယ့်အနီး မယ့်ဝန်းကျင်၊ ချောင်းရေပြင် ကြည်လဲ့။
စုန်ကာ ဆန်ကာနှင့်၊ မြမပါ နီလာမဲ့၊
လမ်းရိုးပါကွယ့်။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၁၊ စက်တင်ဘာ၊ ၁၉၆၉)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မယ့်အိမ်ပဲ


ဒီ ကျချိန်တန်၊ အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ၊ မျှောတော့မယ်လား။
ချောင်းဖျားက ခါးတမာ၊ ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက်၊ လိုက်တော့မယ်လား။

အိုအချင်း ကျူရိုးရှင်။
ခါတမာ သကာပျား၊ ခြားလို့ဘူ့ရှင်။
မယ့်ဒီချောင်းမှာလ၊ ချောင်းဖျားလဲ မယ့် အိမ်ပင်
ချောင်းဝင်လဲ မယ့် အိမ်ပဲ။
ဒီတက်ချိန်တန်
အိမ်ပြန်တယ် ဆန်မယ်ခဲ၊ ချောင်းဖျားကိုပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၀၃၊ ဇန်န၀ါရီ၊ ၁၉၆၉)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဗေဒါခင်အသိ


တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း။
အောက်တခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ဝိုင်း။

ရေရိုင်းက ထင်တိုင်းသာ။
ဒီတက်ချိန် နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူ မြောက်လာ
သူ မညှာ သူ မသနား။
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ။
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျုရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါပင်အသိ။
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၁၊ ဇန်န၀ါရီ၊ ၁၉၆၈)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မယ့်သဘော


ကမ်းစပ်မှာထိုင်
ကျူမကိုင် လက်မှိုင်ချလို့၊ ငိုင်လှချေတကား။
ကျူရိုးရှင် အခင်သေးရယ်၊ ငေးလှချေတကား။

မငေးလို့ မဖြစ်ပေါင်။
ဒို့ချောင်းမှာ ဖန်လာဆန်း၊ ပန်းရလေအောင်။
မိုးထိအောင် လှေကားထောင်
ထောင်မယ်တဲ့ လတာဘေး။
ပင်ကျရည် တမြူလောက်နဲ့
ချောင်းပေါက်မှာ ငါးပျံမူး၊ မြူးရက်လို့လေး။

အိုအချင်း ကျူရိုးရှင်။
ချောင်းပေါက်မှာ ငါးပျံမြူးပေမယ့်
ကိုယ်မမြူး နေလိုက်လျှင်။
ဆောင်းဦးပေါက်ပြီမို့
ကောက်ပင်နွဲ့ မှည့်ပြီရှင် တံစဉ်ကို ပြင်ပါတော့။
အချိန်တန် စုန်ဆန်မြန်းတဲ့
ပန်းဗေဒါ မယ့်သဘောကို၊ စောလိုက်ပါနော့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၀၊ ဒီဇင်ဘာ၊ ၁၉၆၇)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မင့်စေနာ


အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
အောက်တစ်ခွင် ပင်လယ်ဝမှာ ဒီကျလျှင်တဲ့။

အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
ဒီချောင်းမြေညနေအေး၊ လေသွေးရင်တဲ့။

အိုအချင်း ကျူရိုးရှင်။
ကျရေမှာ ပြေပြေဆင်း မင်းစုန်စေ့ချင်
တောင်လေလဲသွေးစေချင်၊ ချောင်းတစ်ခွင် မြစ်တန်း။
မင့်စေနာ မယ့်မှာပန်း၊ လှိုင်းကြက်ခွပ်လမ်း။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၇၉၊ ဖေဖေါ်ဝါရီ၊ ၁၉၆၇)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ပန်းသိပါရဲ့


လမုပွင့်နီသန္တာ၊ လတာကညိုချော။
လတာပြင် လမုတန်း၊ ကမ်းစပ်ကတော။

ဒီလမ်းကပန်းဗေဒါ။
နေထွက်နေ၀င်နဲ့
လတာပြင် လမုပါး၊ သွားရခါခါ။
လမုနဲ့ လတာသာ၊ ကျွမ်းရှာတဲ့ဗေဒါမ။
လတာပြင် လမုတန်း၊ ပန်းမယ့်လောက။

အိုအချင်းကျူရိုးတံ၊
လမုစဉ်အနောက်နားက၊ ၀ါးခတ်တဲ့ခြံ။
အုန်းခြံနဲ့ ဓနိခြံ၊ ကွမ်းသီးခြံပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက ပန်းသိပါရဲ့။

ခြံနောက်မှာ ရွာရှိလျှင်။
ခြံနောက်ကွယ် လယ်ကိုသန်း၊ လမ်းရွာဝ ၀င်။
ရွာသွားတဲ့ ရွာလမ်းစဉ်၊ ခွင်တစ်ခါခွေတစ်လှည့်။
စုန်ဆန်ရာဗေဒါလမ်းက ပန်းသိပါရဲ့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၆၊ သြဂုတ်၊ ၁၉၆၂)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မင်းပါမှပဲ


စာဗူးတောင်းမှာ၊ စါဝါတို့လင်မယား။
သူတို့လွမ်းကြတော့
မယ်လွမ်းအောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖက်လိပ်အိမ်ဆင်၊ ခါချဉ်က လက်သမား။
လက်ရာဆန်းပါဘိ။
ကမ်းကုန်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

မိုးတက်မယ့်ဟန် ၊ ငဖျံ က ဂျွမ်းသမား။
အကြံကြီးသူမို့
မီးပွင့်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖွဲ့ချင်ရဲ့နော်၊ ဖေါ်ချင်ရဲ့မနဲ။
ဒီလှိုင်းပျံ ထန်ချင်ထန်တဲ့
ဆန်ချိန်တန် ဆန်တက်ရင်းသာပါ့
ဆန်ချိန်ကုန် စုန်လို့ဆင်းပါတဲ့
ဗေဒါငယ် မယ် မငြင်းရယ်၊ မင်းပါမှပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၅၊ ဇူလိုင်၊ ၁၉၆၂)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ပန်းခဲ့သည်ပဲ


နေလုံးရယ်နီ။
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။

သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငဖျံ လတာစွန်းမှာ ၊ သူ့ဂျွမ်းဟန်ချည့်။

သူ့ကိုယ်သူလျင် ၊ ဘာထင်လေမသိ။
ဘုတ်မခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ ၊ သူ့လွမ်းသံချည့်။

အိုအချင်းကျူရိုးရှင်။
သူ့မူယာသူ့အတင်း၊ မင်းဆိုခဲ့စဉ်။
မင်းကိုယ်လဲ မင်းပင်လျင်၊ ဘာထင်လို့လေလဲ။
မဗေဒါစုန်ဆန်လမ်းမှာ ၊ ပန်းခဲ့သည်ပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ကြံဖန်ရ


သက်လာတဲ့ရေ ၊ တောင်လေကဖမ်း။
ရေပြင်မှာ လေ၀င်စိုင်း၊ လှိုင်းကြက်ခွပ်လမ်း။

ဒီလှိုင်းကလေသဟာ၊ ဗေဒါက ရေသမား။
ဗေဒါခင်စုန်ချင်အား၊ ဒီလှိုင်းကတား။

ဒုက္ခဟဲ့ မဗေဒါ။
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ၊ ဆင်းရသူ့မှာ။
ဆုတ်ရင်းလဲ သူဆင်းလာ၊ မြင်ပါပေါ့ပင်လယ်ဝ။
ရေစုန်လေဆန်မို့
ဗေဒါပျံ ကြံဖန်ရ၊ ချောင်းဒီလောက။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ပန်းဝင်နိုင်ပါရဲ့


ကျ ရေနဲ့ကြုံ၊ စုန်ရန်သာတကား။
မဗေဒါပြာလဲ့ဝင်းရယ်၊ ဆင်းချင်ရဲ့လား။

ဟိုကမ်းမှာ ခရာခြုံ၊ သည်မှာတုံ ပုံတံတား။
မဆင်းချင် မင်းဝင်တွဲ၊ ရဲလိုက်ပါလား။

အိုအချင်းကျူရိုးရှင်။
မိရာတွယ် မယ်မတွဲ၊ ရဲစိတ်မထင်။
စုန်ချိန်ကျပြီမို့
စုန်ရလည်းမယ့်လမ်းပင်၊ ပန်းဝင်နိုင်ပါရဲ့။
ပွင့်ဖူးစုံငုံတံနဲ့၊ ဆင်းလိုက်မယ် .. တဲ့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မင်းလိုက်လာစမ်း


လတာမှာ ကြာ။
ဗေဒါအပြာဖူးနဲ့ ဒီဦးကိုလင့်။
တသသ ရယ်နဲ့။
ရေထမှာသူဆန်လို့
သူ့ဖူးတံပန်ချိန်သင့်၊ ချောင်းဖျားမှာပွင့်။

အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
မိုးဦးကျမျိုးချလာ၊ ကိုဟ၀ှာကြောင့်လေလား။
ကိုဟ၀ှာ တစ်ရွာသား၊ မင်းကြိုက်လို့လား။

အပွင့်နဲ့မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
ဆောင်းဦးပေါက် ကောက်ရွှေဝါ၊ မိုးစာကြောင့်လေလား။
မိုးနီလာမိုးစာဘေးမှာ၊ ငေးချင်လို့လား။

အိုအချင်းကျူရိုးဖေ။
မကြင်နာထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက် သက်ရေ၊ ဗေဒါလဲ့ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ မင်းလိုက်လာစမ်း။ ။

ဇော်ဂျီ
(ဆေးသိပ္ပံ နှစ်လည်စာစောင်၊ အတွဲ ၂၊ အမှတ် ၅၊ ၁၉၆၁ - ၁၉၆၂)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ချောင်းကထွေထွေ


ချောင်းဝမှာပွေ၊ တေချင်လို့လေလား။
မတိုးသာဒိုက်သရော၊ မျောဆို့နိုင်အား။

ဒီတက်ချိန်တန် ဆန်နိုင်ပါ့မလား။
မဗေဒါ မယ့်ခရီးမှာ၊ သူဆီးလို့တား။

အိုအချင်းကျူရိုးဖေ။
မယ့်လမ်းမှာ ရာထောင်သောင်း၊ ချောင်းကထွေထွေ။
သည်ချောင်းကတားပါစေ၊ ဟိုချောင်းရေရှိပါသေး။
ဆန်ချိန်တော်ရေကျော်ဆိုက်အောင်၊ မင်းလိုက်ခဲ့လေး။ ။

ဇော်ဂျီ
(ဆေးသိပ္ပံ နှစ်လည်စာစောင်၊ အတွဲ ၂၊ အမှတ် ၅၊ ၁၉၆၁ - ၁၉၆၂)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

စုန်တစ်လှည့် ဆန်တစ်ခါ


မဗေဒါသောင်စပ်က၊ လှောင်တတ်ပေလေး။
ကျူရိုးသီ ပီပီတရားကို၊ ကြားချင်တဲ့လေး။

လှောင်ရက်ပေ့ မဗေဒါ။
ပီပီမှာ မယ့်စကားကြောင့် နားရှက်မိပါ။
ချောင်းတစ်လျှောက် ရောက်လေရာ၊ ဗေဒါလဲ့စိတ်စွဲ။
ချောင်နပန်းရယ်နဲ့
အဟမ်းသံ ကျမ်းသံနှော၊ ဟောလိုက်ချင်လဲ။

ဟောမယ်လို့ ကြံလိုက်လျှင်။
ငါ့ပီပီ မြည်မရ၊ အ ခဲ့ အခင်။
တက်ရေနဲ့ သက်ရေယဉ်၊ တသွင်သွင်အလှ။
ဘုတ်မပြီတီတီနဲ့
တအီအီ ဘယ်ဆီက၊ ငေးမိခါမှ။

မြည်ပြီတဲ့သီပြီ။
ချောင်းသာယာ လတာဘေးက၊ တေးကောက်ခဲ့ပြီ။
ဒီချောင်းက ဗေဒါရီရယ်၊ ဒီရေကိုကြိုကွဲ့။
စုန်တစ်ခါ ဆန်တစ်လှည့်၊ တေးသံချိုနဲ့။ ။

ဇော်ဂျီ
(မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

မယ့်ဖြစ်နဲ


မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီအားနဲ့၊ လူကြွားတဲ့လေး၊

လှောင်ရက်ပေ့ဗေဒါခင်။
ဒီချောင်းရေ ကျွန်းမြေဖွား၊ ၀ါးငယ်မျှပင်။
ကျူရိုးတံရှင်၊ ကြွားချင်လို့ဟုတ်ပဲ။
ရွက်ရိုးဖြူကျူပလွေနဲ့
ကျူရိုးဖေ ငယ်စဉ်ကတဲ၊ ကျွမ်းခဲ့လို့ပဲ။

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီကော့နဲ့၊ လူကြော့တဲ့လေး။

လှောင်ရက်ပေ့ဗေဒါခင်။
ဒီချောင်းမြေ ချောင်းရေလမ်း၊ ပန်းလှပြာစင်။
ကျူရိုးတံရှင်၊ ကြော့ချင်လို့ဟုတ်ပဲ။
ဒီလှိုင်းထံတျာနဲ့
မဗေဒါမယ့်ဟန်ပွဲ၊ လွမ်းခဲ့လို့ပဲ။

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီတေးနဲ့ လူငေးတဲ့လေး။

လှောင်ရက်ပေ့ဗေဒါခင်။
နားမနေဒီရေစီးမှာ၊ ဟီးတိုက်လို့ပင်။
ကျူရိုးတံရှင်၊ ငေးချင်လို့ဟုတ်ပဲ။
စုန်ချည်၊ ဆန်ချည်နဲ့
ဗေဒါရီမယ့်ဖြစ်နဲ၊ နွမ်းခဲ့လို့ဘဲ။ ။

ဇော်ဂျီ
(မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

တိုးထွက်နိုင်မှ


နောက်ချောင်းကပန်းနီလာ၊ ဗေဒါမ ... လား။
ရှေ့ချောင်းကပန်းနီလာ၊ ဗေဒါမ ... လား။
ဒီဆိုင်ကျခါမှ
ချောင်းမကိုအရောက်ခဲ၊ တွဲတက်စို့လား ... တဲ့။

နောက်ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ရှေ့ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ဒီဆိုင်မှာနှစ်ခိုင်ခဲပေမဲ့။
မတွဲသာ ကြာလေဝေး၊ ၀ဲကျော်ကြောင့်လေး။

ဝဲကျော်က မလော်မာပါ ... တဲ့။
ဒီအပြိုင် ဒီဆိုင်ထဲ ၀ဲကတစ်ရာ။
ဒီအားကြောင့် မနားသာ၊ ပတ်ချာလည်ဘဝ
ဝဲခွင်ဝင်သမျှ၊ ထိုးထွက်နိုင်မှ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဒီတရား


မတက်ရလျင်တော့ ၊ တစ်သက်ပါ့မခံပေါင် ... တဲ့။
ကနစို တုံးတိုသစ်က ၊ ကြွေးဟစ်ရန်ထောင်။
မနက်ကအသေကောင်၊ သူတောင်မှတက်နိုင်သေး။
ငါ တုံးတို ကနစိုသားပေပေါ့။
ချောင်းဖျားကို ခါတစ်ခေါက်၊ ရောက်ရမယ်လေး ... တဲ့။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကို ၀င်မိလျင်၊ မထင်နဲ့တစ်ခေါက်ထဲ။
တက်တုံ သက်တုံနဲ့
တက်မကုန်၊ သက်မစဲ၊ မောလောက်အောင်ပဲ။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကိုဝင်မိလျင်၊ တက်ချိန်တွင်ဆင်းနိုင်ပဲ။
ဆင်းချိန်မှာ တက်လိုလဲ၊ စောင့်ရစမြဲ။

မနက်ကတက်တဲ့ဒီ၊ မမီလိုက်လေလဲ။
ညဦးယံဒီပြန်တက်ပါလိမ့်။
တက်စရာခက်ပါပဲ၊ ပန်းဗေဒါနဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

လှလိုက်မှာပဲ


ဘုတ်မကအီ၊ ဒီရေကျတေး။
မဗေဒါမယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး။

ဆင်းမယ်လာ့ မဗေဒါ ... တဲ့။
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ရေထဦးဆီက
အဖူးနဲ့အငုံဟာ ပွင့်ပါပေါ့ခုများ။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ ဆင်းရမယ်လား။

အိုအချင်းကျူရိုးရှင်။
စုန်ချည်ဆန်ချည်နဲ့
တစ်ပြန်စီဒီတရား၊ ကြားပါစရှင်။
တက်ချိန်ကျတက်ခဲ့လျင်၊ ဆင်းချိန်တွင် မနှေး။
ဒီချောင်းနေဗေဒါမျိုးမှာ၊ ရိုးလှပြီလေး။

အိုအချင်းကျူရိုးရှင်။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ၊ ဆင်းပြလိုက်ချင်။
အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာလှရွှေစင်၊ ချောင်းရေယဉ်လှပုလဲ။
ချောင်းဝမှ မြတခဲ၊ လှလိုက်မှာပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

တင်းရပုံပဲ


ဖူးတံကညိုတိုတို။
စုန်ရေဆန်ရေနဲ့
ဗေဒါဆွေရေအလှ၊ ချောင်းမတခို။
ရေငန်နဲ့ရေချို၊ ဥဒဟိုမစဲ။
နေ့မရှောင်ညမအား၊ နားရရှာဘဲ။

နားချင်လို့ ခါတရံ၊
မဗေဒါရွာသူ့ပန်းပေမို့၊ ကမ်းကပ်မဲ့ကြံ။
အစုန်မှာကပ်ရပြန်၊ အဆန်မှာခွာရမြဲ။
အဆန်မှာကပ်လျင်လဲ၊ စုန်ဆင်းတော့ခွဲ။

ကပ်ပြန်ရ၀မ်းမသာ၊ ခွာပြန်ရ၀မ်းမနည်း။
မဗေဒါစုန်ဆန်ရင်း၊ တင်းရပုံဘဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ချောင်းတစ်ခွင်


ပွင့်ဖူးတံချီ၊ ဗေဒါရီတမိ
ချောင်းတစ်ခွင်သူဆန်သွား၊ ချောင်းဖျားအထိ။

တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်စခန်း
မဗေဒါဆန်တဲ့ချောင်း၊ ကျောင်းနဲ့နတ်လမ်း။

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါယာဘက်ဘေး၊ တဲလေးအိမ်တန်း။

လေးအိမ်ကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါမယ့်လက်ဝဲ၊ ကျွဲစားကျက်တန်း။

စားကျက်ကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါဝဲယာလိုက်၊ တောဗျိုက်ဖြူတန်း။

ဗျိုက်တောကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါပတ်ချာဝိုင်း၊ ကိုင်းမြက်ရှည်တန်း။

ရောက်ပြန်လျင်ပျော်၊ ကျော်ပြန်တော့ သူလွမ်း
ရောက်တိုင်းတပျော်ပျော်နဲ့
ကျော်တိုင်းသာသူ့မှာလွမ်း၊ ချောင်းဗေဒါလမ်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ပွင့်ဖူးတံချီ


အပြာမှာ အ၀ါကွက်ကယ်နဲ့၊ ၀ိုင်းစက်စက်ရွက်ငယ်ရှင်။
မဗေဒါ ပင်လယ်အောက်က၊ ချောင်းပေါက်ကိုဝင်။
ချောင်းတစ်လျှောက် မယ့်လမ်းစဉ်၊ ယဉ်ပေစွတကား။
ဗေဒါဆွေ ဒီရေထဲမှာ၊ ရဲပေစွတကား။

ရေဆိပ်မှာတဲ့ ညံစီစီ
ပျိုလေးတွေလက်တကမ်း၊ ပန်းဆန်ခဲ့ပြီ။
လှမ်းကြပေါ့ မှီ့တမှီ၊ ကံသီလို့ ... တကတဲ။
ဗေဒါပျံကံကကြီး၊ ရေစီးကြောင့်လွဲ။

ခရုပတ်ဝဲငယ်ငယ်
ဗေဒါဆွေ ဒီရေကွေ့မှာ၊ ပြေးတွေ့ရတယ်။
မဖြစ်လို့ နှစ်တွယ်တွယ်၊ ၀ဲလယ်ကအနွဲ့။
မဗေဒါ ပတ်ချာလှည့်၊ လွှဲထွက်နိုင်ခဲ့။

လောင်းစပ်က ခတ်တက်ပြင်။
ရေဆန်မှာ စုန်မဆိုင်း၊ လှိုင်းယက်ပန်ဆင်။
လှေဦးကဘီလူးဝင်၊ လျင်နိုင်မှ လွတ်မြဲ။
ဗေဒါပျံ လှေနံယိမ်း၊ ထိန်းခဲ့သည်ဘဲ။

ချောင်းဖျားက ငါးငဖျံ။
လတာရောင် အကောင်သေး၊ မှေးလိုက်ခဲ့ပြန်။
ဗေဒါကဖောင်သဏ္ဍာန်၊ ငပျံကဖောင်စီး။
ပြာဝါရောင်ဘယ်မညှိုး၊ ပိုးခဲ့မညည်း။

တက်ရေမှာဆန်၊ ကျပြန်တော့ စုန်ဆင်း။
ပွင့်ဖူးတံ တချီချီနဲ့
ဗေဒါရီ ဒီရေကြောမှာ ၊ မျောတတ်လေခြင်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ဗေဒါပင်နှင့် ကျူပင်


မဗေဒါ၊ ဆန်လာပေါ့အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ ရေမွန်းလိုက်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ သောင်ထွန်းလိုက်ရင်း။

မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ဖုန်းရပြန်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။

ကျူပင်ရိုးမှာတော့ ယိမ်းထိုးရတခါခါ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရဘယ်နဲ့ညာ၊ ရိုးတံညှာရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ယိမ်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

ချောင်းလှဖို့ကို


ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။

သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။

ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>

သူ့လမ်းစဉ်


ကမ်းစပ်ကိုမင်
လမုပင်အခြေကြီးနဲ့၊ အသီးတွေဖြိုး။
ကမ်းခြေကိုဒီရေတိုး ၊ ပြိုလဲမှာစိုး။

ကမ်းစပ်ကိုမင်
ဓနိပင်ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင်အလက်ထဲက ခွဲရမှာစိုး။

ကမ်းစပ်ကိုမင်
လတာပြင်ငဖျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျင် လတာနုံး၊ ဒီဖုံးမှာစိုး။

စိုးပါဘု သူ့မူရာ။
ချောင်းတစ်ခွင်ပင်လယ်ဝက၊ ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ်သူမြင်ရဲ၊ သူစွဲတတ်ဘိ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)
>>>ဆက်လက်ဖတ်ရှုရန်>>> >>